ပေါင်မြို့နယ်ရဲ့ ကျောက်မိုင်းလုပ်ငန်းမူလအစကိုပြန် ကြည့်ရင် ဖြူဘကျေးရွာ အင်းဗြောင်ကျောက်ထုတ်အကျဉ်း စခန်းက အစပြုတယ်လို့ပြောရမှာပါ။ နောက်ပိုင်းတော့ ဇင်းကျိုက်၊ မကသဲကျောက်ထုတ်စခန်းတွေ ဆက်ဖွင့်ပြီး ကုလားမတောင်တန်းက ကျောက်တွေကို ပြည်ထဲရေးဝန် ကြီးဌာနက အကြီးအကျယ်ထုတ်ခဲ့ပါတယ်။ အဲဒီလို ဆယ် စုနှစ်များစွာထုတ်လာတဲ့အကျိုးဆက်ကြောင့် ၂ဝဝဝ ပြည့် နှစ်ဝန်းကျင်လောက်မှာ အင်းဗြောင်အကျဉ်းစခန်းက ဆက် ထုတ်စရာကျောက်သားတွေမရှိတော့လို့ လုပ်ငန်းရပ်ဆိုင်း လိုက်ရပါတယ်။ ဒါပေမဲ့ ဇင်းကျိုက်နဲ့ မကသဲလုပ်ကွက် တွေကိုတော့ အကျဉ်းဦးစီးဌာနက ဆက်လက်လုပ်ကိုင်ခဲ့ ပါတယ်။
တိုင်းပြည်ရဲ့လိုအပ်ချက်အရ ကုလားမတောင်ကြော တစ်လျှောက်မှာ အကျဉ်းဦးစီးဌာနတွေဖွင့်ပြီး ကျောက် ထုတ်နေတာကို ဒေသခံတွေက အမြင်ကြည်လင်ခဲ့ပေမယ့် အခုအစိုးရသစ်တက်လာပြီးနောက်ပိုင်း ပုဂ္ဂလိကျောက် ထုတ်ကုမ္ပဏီတွေရဲ့ ကိုယ်ကျိုးစီးပွားအပေါ်အခြေခံတဲ့ ကျောက်ထုတ်ယူနေမှုတွေက အမြင်စောင်းစရာ၊ လက်မခံနိုင် စရာအခြေအနေတွေ ဖြစ်လာခဲ့ပါပြီ။
လက်ရှိအချိန်မှာ ပေါင်မြို့နယ်အတွင်းက ကုလားမ တောင်ကြောတစ်လျှောက်မှာ ကျောက်ထုတ်ယူနေတဲ့လုပ် ငန်းပေါင်း ၄ဝကျော်ရှိပါတယ်။ အဲဒီထဲမှာ မွန်ပြည်နယ် ဝန်ကြီးချုပ်နဲ့နီးစပ်တဲ့ကုမ္ပဏီတွေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နာမည်တွေနဲ့ လုပ်နေတဲ့ကုမ္ပဏီတွေ လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ငါးပွက်ရာငါးစာချတဲ့ စီး ပွားရေးလုပ်ငန်းရှင်တွေလည်း အများကြီးဝင်ရောက်လာခဲ့ ပါတယ်။
ကုလားမတောင်ရဲ့ ပုဂ္ဂလိကကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွေဟာ ၁၉၉၆ခုနှစ်ဝန်းကျင်လောက်က ကျုံက ရွာမှာ စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုက အစပြုခဲ့တာ ပါ။ အဆိုပါ ကျုံကကျောက်မိုင်းကို နောက်ပိုင်းမှာတော့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးအသင်းတို့က အဆင့်ဆင့်လက်ပြောင်းလက် လွှဲ ရယူခဲ့ပါတယ်။ ၂ဝ၁ဝပြည့်နှစ်အစိုးရသစ်တက်လာ ပြီးနောက်ပိုင်းမှာတော့ ပုဂ္ဂလိက ကျောက်မိုင်းလုပ်ငန်း တွေ ပေါင်မြို့နယ်ထဲကို အပြိုင်အဆိုင်ဝင်ရောက်လာကြ ပါတယ်။
အဲဒီကုမ္ပဏီတွေဟာ ကုလားမတောင်ကြောရဲ့ အ နောက်ဘက်အခြမ်း (ရန်ကုန်-မော်လမြိုင်ကားလမ်းမတစ် လျှောက်) တောင်ခြေတစ်လျှောက်က ဖြူဘ၊ ပန်းကုန်း၊ ဇင်း ကျိုက်၊ ဥတ္တံတား၊ စွယ်တော်၊ ကျုံက၊ ကျခတ်ငူ စတဲ့ရွာ တွေမှာ ကျောက်မိုင်းလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ကုလားမတောင်ကြောရဲ့အရှေ့ဘက်ခြမ်းက ကတိုက်၊ သဲအိမ်စတဲ့ တောင်ရှေ့ရွာတွေမှာလည်း ကျောက်ထုတ် လုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်လာကြပါတယ်။
အဲဒီလို ကုလားမတောင်ကို အရှေ့အနောက်နှစ်ဖက် ညှပ်ပြီး ကျောက်တွေအကြီးအကျယ်ထုတ်နေလို့ တောင် ထိပ်ရေဝေကြောတွေလည်း စတင်ပျက်စီးလာပါတယ်။ လူ နေထူထပ်တဲ့ရွာနဲ့အနီးဆုံးမှာ ကျောက်မိုင်းခွဲနေလို့ အနီး အနားကအိမ်တွေပေါ်ခဲကျတာ၊ ကျောက်စမှန်ပြီး အိမ် ခေါင်းမိုးပေါက်တာ၊ မြေကြီးတုန်ခါမှုကြောင့် အိမ်တွေယိုင် နဲ့သွားတာတွေ နေရာအနှံ့မှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျောက်စ ထိမှန်ပြီး ထိခိုက်ဒဏ်ရာရတဲ့လူတွေလည်း ကျောက်မိုင်းလုပ် နေတဲ့ ရွာတိုင်းလိုလိုမှာ ကြုံတွေ့နေပါတယ်။
ဒါ့အပြင် ကျောက်မိုင်းခွဲအားကြောင့် တောင်ကြောတစ်လျှောက် မှာရှိတဲ့ ဒူးရင်းခြံ၊ မင်းကွတ်ခြံတွေလည်း တုန်ခါမှုဒဏ် ကြောင့် အမြစ်တွေယိုင်နဲ့ပြီး အသီးလည်းမသီးတော့ပါဘူး။ အဆိုးရွားဆုံးကတော့ ကျောက်မိုင်းလုပ်ကွက်အတွက် သစ် ပင်တွေခုတ်လှဲရလွန်းလို့ တောင်ကြောတစ်လျှောက်မှာ သစ်တောပြုန်းတီးမှုတွေ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု တွေ နေ့တိုင်းဖြစ်ပွားနေပါတယ်။ ဒီနေရာမှာ ကုလားမ တောင်ကြောအရှေ့ခြမ်းရွာတွေအတွက် အင်မတန်အန္တရာယ် ကြီးတဲ့ပြဿနာတစ်ခုရှိနေပါသေးတယ်။ အဲဒါက ကုလားမ တောင်အရှေ့ခြမ်းကိုအမှီပြုပြီးဆောက်ထားတဲ့ ကတိုက် ဆည်ပါပဲ။
အဲဒီဆည်နားပတ်ဝန်းကျင်က ကျောက်မိုင်းခွဲ လို့ တုန်ခါမှုအားဟာ ဆည်ကြီးကို တိုက်ရိုက်ထိခိုက်နေပါ တယ်။ ဒါကြောင့် ဆည်နဲ့အနီးကပ်တည်ရှိနေတဲ့ ကတိုက်၊ ကျောက်ရေတွင်း၊ တံခွန်တိုင်စတဲ့ရွာတွေက ပြည်သူတွေ ဟာ ကျောက်မိုင်းခွဲလို့ဖြစ်လာတဲ့တုန်ခါမှုကြောင့် ဆည် ကျိုးမှာကို စိုးရိမ်ပူပန်နေကြရပါတယ်။
ဒီလို ပြဿနာမျိုးစုံကြောင့် ပေါင်မြို့ နယ်အတွင်းက ကျောက်မိုင်းလုပ်ငန်းကန့်ကွက်မှုတွေ နေရာအနှံ့မှာဖြစ် ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ မေ ၂၄ရက်တုန်းကလည်း ပေါင် မြို့နယ် ကျုံကရွာမှာ ဒေသခံတွေက ကျောက်ထုတ်လုပ် ငန်းများရပ်ဆိုင်းပေးရေးအတွက် တောင်းဆိုမှုတွေလုပ်ခဲ့ပါ တယ်။ ဒေသခံ ၃ဝဝကျော်က ကန့်ကွက်လက်မှတ်ထိုးပြီး သစ်တောဝန်ကြီးဌာန(ပြည်ထောင်စုဝန်ကြီးရုံး) ကို မတ် ၃၁ရက်တုန်းကလည်း တိုင်စာပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် ကတိုက်ရွာမှာလည်း ရွာထဲကဘုန်းကြီးကျောင်းပေါ်ကို ကျောက်ခဲလုံးတွေကျပြီး သွပ်မိုးတွေပေါက်ပြဲကုန်လို့ သက် ဆိုင်ရာကိုတိုင်တန်းထားတဲ့ကိစ္စရပ်တွေရှိပါတယ်။

မိုးနိုင်း ရပ်ကွက်(စွယ်တော်)မှာလည်း ကျောက်မိုင်းခွဲလို့ အနီးအနား ခြံကမြေပြိုတာ၊ ခြံထဲကလူနေအိမ်တွေထိခိုက်တာ စတဲ့ ဘေးဒုက္ခတွေကြုံတွေ့ရလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တိုင်တန်းထားတဲ့အမှုတွေလည်းရှိပါတယ်။ ကျောက်မိုင်း ဖောက်တဲ့ တုန်ခါသံတွေ၊ ကျောက်ခွဲစက်ဆူညံသံတွေ ကြောင့် ရွာထဲက သက်ကြီးရွယ်အိုတွေနဲ့ ကျောင်းနေအ ရွယ်တွေ ကလေးငယ်တွေကြားမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ် ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်ပေါ်နေပါတယ်။ ဒီလိုအကြောင်း တရားတွေကြောင့် ကျောက်မိုင်းလုပ်ငန်းနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးဌာနကိုတိုင်တန်းထားတဲ့ ပြဿနာရပ် တွေ များစွာရှိနေပါတယ်။
ဒါပေမဲ့ တာဝန်ရှိသူတွေဘက်က တိုင်တန်းချက်တွေ ကို ထိထိရောက်ရောက် ဖြေရှင်းပေးတာမျိုး မရှိခဲ့ပါဘူး။ ဒါ့အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်နဲ့ ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းတို့ကိုယ်တိုင် ကျောက် မိုင်းလုပ်ငန်းမှာပါဝင်ပတ်သက်မှုရှိနေတယ်ဆိုတဲ့ ဝေဖန်သံ တွေ ပေါင်မြို့နယ်ထဲမှာ ဆူဆူညံညံထွက်ခဲ့ပါသေးတယ်။
ဥတ္တံတားကျေးရွာအပိုင်(ကုလားမတောင်တန်းရဲ့ တစ်စိတ်တစ်ပိုင်း) သစ်တောမြေဧက ၂ဝဝကျော် ကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့လွှတ်တော် ကိုယ်စားလှယ်စတဲ့ အာဏာ ပိုင်အဖွဲ့အစည်းတွေ က သူတို့ရဲ့အ မည်၊ ဇနီး သည်အမည်နဲ့ ဆွေမျိုးသားချင်းအမည်တွေကိုအသုံးပြုပြီး ရော်ဘာစိုက်ပျိုးရေးခေါင်းစဉ်နဲ့ သစ်တောဦးစီးဌာနမှာ မြေလျှောက်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီမြေ တွေကို ရော်ဘာစိုက်ပျိုးခြင်းမပြုဘဲ ကျောက်မိုင်းကုမ္ပဏီ တွေကိုရောင်းစားဖို့ကြိုးစားခဲ့ကြပါတယ်။

ဒါတွေကိုမကျေ နပ်တဲ့အတွက် ဥတ္တံတားရွာသားတွေ ဝိုင်းဝန်းကန့်ကွက် ခဲ့လို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ သူ့ဇနီးပိုင် ၁ဝ ဧကအ ကွက် နှစ်ကွက်တွေကို သစ်တောဌာနကိုပြန်အပ်ခဲ့တဲ့ဖြစ် စဉ်တွေလည်း ရှိခဲ့ပါတယ်။ အမှန်စင်စစ် ပေါင်မြို့နယ်အ တွင်းက ပုဂ္ဂလိကကျောက်မိုင်းအများစုဟာ သစ်တောဝန် ကြီးဌာနမှာ ရော်ဘာခြံလုပ်ကိုင်ခွင့်အတွက်လျှောက်ထား ပြီး တကယ်တမ်းရော်ဘာစိုက်ပျိုးခြင်းမပြုဘဲ ကျောက်မိုင်း လုပ်ငန်းတွေ လုပ်ကိုင်နေကြတာပါ။
၂ဝ၁၃ -၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှာ မွန်ပြည်နယ်အ တွင်းက လမ်းခင်းကျောက်ကျင်းရေ ၈၇၆၆ တရားဝင် ထုတ်ယူခဲ့ပါတယ်။ လုပ်ငန်းလိုင်စင်မရှိဘဲ တစ်နိုင်တစ်ပိုင် ထုတ်ယူနေတဲ့ပမာဏက ခန့်မှန်းလို့မရအောင် များစွာရှိ နေပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)က ကောက်ခံနေတဲ့ ဓာတ်သတ္တုခွန်ခေါင်းစဉ်အောက်မှာ လမ်းခင်းကျောက်တစ်ကျင်းကို ကျပ် ၅ဝ အခွန်ကောက်ခံ နေတယ်လို့ မွန်ပြည်နယ် သစ်တောနှင့်သတ္တုတွင်းဝန်ကြီး ဦးဝင်းမော်ဦးက ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။

ကျောက် မိုင်းလုပ်ငန်းက ရတဲ့အခွန်က သဘာဝပတ်ဝန်းကျင်ပျက်စီး သွားတာတွေရယ်၊ ဒေသခံတွေ လူမှုဒုက္ခခံစားရတာတွေ ရယ်နဲ့နှိုင်းယှဉ်ရင် တိုင်းပြည်အတွက် ထိုက်တန်ပါရဲ့လား ဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အဲဒီကျောက် ကားတွေ(၁၆ဘီး၊ ၁၈ဘီး၊ ၂၂ ဘီးကား)တွေ တစ်နေ့ကို စီး ရေရာချီဝင်ထွက်နေတဲ့အတွက် တောင်ရှေ့လမ်းတွေလည်း တော်တော်လေးပျက်စီးနေပါပြီ။ ကျောက် မိုင်းကထွက်တဲ့ဖုံတွေနဲ့ ဆူညံသံတွေစတဲ့ လူမှုဒုက္ခဆိုး ကျိုးမျိုးစုံကို အနီးအနားကဒေသခံတွေက ခံစားနေရတာ ပါ။ ဒါ့အပြင် ကျောက်မိုင်းယမ်းခွဲအားရဲ့တုန်ခါမှုဒဏ်ကို ကြိမ်ဖန်များစွာခံနေရတဲ့အတွက် ကတိုက်ဆည်ရဲ့အနာဂတ် ဟာလည်း စိုးရိမ်စရာဖြစ်နေပါပြီ။
မွန်ပြည်နယ်စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးကတော့ ''မိုင်းခွဲလို့ရှိရင် မိုင်းအားပေါ်မူတည် ပြီး Vibration တုန်ခါမှုကတော့ရှိတာပဲ။ ဒီမြေတုန်ခါမှုက ယမ်းအားပေါ်မူတည်တဲ့အခါကျတော့ တချို့အန္တရာယ်ရှိ နိုင်တဲ့အနေအထားဆိုရင် ဆက်ထုတ်ခွင့်မပေးသင့်ဘူး။ ဒီတုန်ခါမှုကြောင့် ကတိုက်ဆည်အတွက် အန္တရာယ်ရှိနေ ရင် ဒါကတော့ ပိတ်ပင်ဖို့လိုအပ်ပါတယ်''လို့ ပြောဆိုခဲ့ပါ တယ်။ ဒါပေမဲ့ ဝန်ကြီးပြောသလို ပိတ်ဖို့နေနေသာသာ အခု ကတိုက်ဝန်းကျင်က သစ်တောမြေကွက်များစွာဟာ ကျောက်မိုင်းလုပ်ငန်းတွေနဲ့ ပြည့်နေပါပြီ။ ဒေသခံတွေပိုင် တဲ့ခြံတွေကိုလည်း ကုမ္ပဏီတွေကအာဏာပိုင်တွေနဲ့ပေါင်း ပြီး ခြိမ်းခြောက်တောင်းဝယ်တာ၊ သွယ်ဝိုက်သိမ်းယူတာ တွေ ကုလားမတောင်ခြေတစ်လျှောက်က ရွာအတော်များ များမှာ ဖြစ်နေပါတယ်။
အမှန်စင်စစ် ဒီကျောက်တွေကို ပြည်တွင်းမှာအသုံး ပြုဖို့မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်နဲ့ ရေ အရင်းအမြစ်တွေကို အဆုံးရှုံးခံထုတ်ပြီးရလာတဲ့ ကျောက် တွေကို နိုင်ငံခြားကိုရောင်းစားနေကြတာပါ။ အခုတောင် ပေါင်မြို့နယ် ကျွဲခြံရွာကနေ ဒေးကင်းရွာကို ကုမ္ပဏီ တစ်ခု က လမ်းဖောက်ပြီး ကျောက်တွေကို ပင်လယ်ထွက်ပေါက်ကတစ်ဆင့် နိုင်ငံခြား ကိုပို့ဖို့ စီစဉ်နေကြပါတယ်။ အဲဒီပင်လယ်ထွက်ပေါက်လမ်း ပြီးသွားရင် ကုလားမတောင်ကကျောက်တွေကို လက်ရှိ ထက်ပိုပြီးထုတ်ယူကြတော့မယ့်အနေအထားပါပဲ။

ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ကုလားမတောင်ကြောက ကျောက် မိုင်းတွေကို စနစ်တကျကိုင်တွယ်ဖို့လိုအပ်နေသလို ကျောက် မိုင်းလုပ်ကိုင်ခွင့်ကိုလည်း ပိုမိုတင်းကျပ်တဲ့စည်းမျဉ်းစည်း ကမ်းတွေနဲ့စိစစ်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါ တယ်။ ဒါမှသာ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမ နံဘေး ကုလားမ(ဇင်းကျိုက်တောင်ထိပ်)မှာ ခံ့ခံ့ညားညား တည်ရှိနေတဲ့ ဇင်းကျိုက်ဆံတော်ရှင်စေတီတော်ကြီးနဲ့ စိမ်းညို့ညို့ကုလားမတောင်တန်းကြီးရဲ့ သဘာဝအလှကို သားစဉ်မြေးဆက်အထိ ဖူးမြော်ခံစားခွင့်ရနိုင် လိမ့်မယ်လို့ ဒေသခံတွေကယုံကြည် နေပါတယ်။
မင်းညီ - Yangon Media Group
မင်းညီ - Yangon Media Group

မှတ်ချက်များ