IS နှိမ်နင်းရေး ပြင်သစ်မှာ ၀န်ကြီးများ ဆွေးနွေးမယ်
အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေကို နှိမ်နင်းရေး အစီအစဉ်တွေ ဆွေးနွေးဖို့ နိုင်ငံ ၂၀ က နိုင်ငံခြားရေး ၀န်ကြီးတွေဟာ ပြင်သစ်နိုင်ငံမှာ တွေ့ဆုံကြဖို့ ရှိပါတယ်။
အီရတ်နိုင်ငံတွင်း ဖြစ်နေတဲ့ အရေးအခင်းတွေကို ဖြေရှင်းနိုင်ဖို့ ရေရှည်ခိုင်မာတဲ့ နိုင်ငံရေးအဖြေ တခုရဖို့ ဆွေးနွေးကြမှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။
အီရတ်နိုင်ငံရဲ့ ရာမာဒီမြို့ IS တွေလက်ထဲ ပြီးခဲ့တဲ့လက ကျရောက်ခဲ့ပြီးနောက် အခုလို အစည်းအဝေးကျင်းပ ပြုလုပ်တာဖြစ်ပြီး အီရတ် ၀န်ကြီးချုပ် Haider al-Abadi လည်း တက်ရောက်မှာ ဖြစ်ပါတယ်။
IS လက်နက်ကိုင်တွေလက်ထဲ ကျရောက်နေတဲ့ ရာမာဒီမြို့ကို ပြန်သိမ်းပိုက်ဖို့ အစီအစဉ်တွေကို ဒီအစည်းဝေးမှာ ဆွေးနွေးမှာဖြစ်ပြီး ရလာတဲ့ ရလဒ်ကို ရက်ပိုင်းအတွင်း အကောင်အထည် ဖော်သွားမှာဖြစ်တယ်လို့ အင်ဘာပြည်နယ် လုံခြုံရေး သတင်းရပ်ကွက်က ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် စစ်ရေးအခြေအနေ၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေ ခြိမ်းခြောက်ခံနေရမှု၊ ဒုက္ခသည်အရေး စတာတွေကိုလည်း ပြင်သစ်အစည်းဝေးမှာ ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
အီရတ်အစိုးရဟာ IS လက်နက်ကိုင်တွေ နှိမ်နင်းရေးမှာ ရှီယာမွတ်စလင်တွေအပေါ် အထူး အားထားနေရပြီး အီရတ်နိုင်ငံအတွင်း အယူဝါဒစွဲ ကွဲပြားမှု အခြေအနေတွေ ပိုမိုဆိုးရွားလာမှာကို အထူးစိုးရိမ်နေတာ ဖြစ်ပါတယ်။
အီရတ်အတွင်းရှိ ဆွန်နီမွတ်စလင်ဒေသတွေမှာ အီရန် ကြောထောက်နောက်ခံပြု ရှီယာ မွတ်စလင်တွေ ပါဝင်တိုက်ခိုက်နေတာတွေဟာ အတော့်ကို အတိမ်းအစောင်းမခံတဲ့ အခြေအနေဖြစ်တယ်လို့လည်း ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
BBC Burmese

မှတ်ချက်များ