IS စစ်ဆင်ရေးအတွက် ဒေါ်လာ ၂ ဘီလီယံကျော် အမေရိကန် သုံးစွဲ
အစ္စလာမ်မစ်နိုင်ငံအဖွဲ့ IS တွေကို တိုက်ခိုက်ရာမှာ အမေရိကန်က တနေ့ကို ဒေါ်လာ ၉ သန်းကျော် သုံးစွဲနေပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေအတွက် သုံးစွဲခဲ့တာ ဒေါ်လာ ၂.၇ ဘီလီယံ ရှိနေပြီလို့ အမေရိကန် အစိုးရက ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကတည်းက အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ IS လက်နက်ကိုင်တွေကို အမေရိကန် ဦးဆောင်တဲ့နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။
အဲဒီလို အီရတ်မှာစတင် တိုက်ခိုက်ခဲ့ချိန်ကတည်းက အမေရိကန် စစ်ရေး အသုံးစားရိတ်ဟာ သိသိသာသာ မြင့်တက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အမေရိကန် သမ္မတ အိုဘားမားက အီရတ်ကို စစ်ဘက်ဆိုင်ရာ အရာရှိ ၄၅၀ စေလွှတ်ပေးမယ့်လို့ ဒီသီတင်းပတ်အတွင်း ကြေညာခဲ့ပြီးတဲ့နောက် အခုဆိုရင် စုစုပေါင်း အမေရိကန် စစ်ဘက်ဆိုင်ရာ စစ်သည် ၃၅၀၀ ရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် အဲဒီအမေရိကန် စစ်သည်တွေဟာ တိုက်ပွဲတွေမှာ ၀င်ရောက်တိုက်ခိုက်ဖို့အတွက် မဟုတ်ဘဲ ဒေသခံ တပ်ဖွဲ့တွေကို စစ်တိုက်နိုင်ဖို့ စစ်ရေး လေ့ကျင့်သင်ကြားပေးဖို့ အတွက်သာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
အခုလို အီရတ်မှာ အမေရိကန်ရဲ့ ၀င်ရောက်အကူအညီပေးမှုတွေကို ထပ်မံတိုးမြှင့်သွားဖို့ ရှိတယ်လို့လည်း အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီး တဦးက ပြောကြားပါတယ်။
BBC Burmese

မှတ်ချက်များ