ဝိတိုရိယ ဆေးရုံဝန်းထဲမှာ ဖွင့်လှစ်လိုက်တဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး စားသောက်ဆိုင် Mix Restaurant & Bar


Mix Restaurant & Bar ဆိုင်သစ်ဖွင့်ပွဲကို ( ၁၁ . ၆.၁၅ ) ရက်နေ့ နေ့လည် ၁၁ နာရီကနေ ၁ နာရီထိ တော်ဝင်လမ်း ၊ ၉ မိုင် ၊ ၀ိတိုရိယ ဆေးရုံဝန်း မရမ်းကုန်းမြို့နယ်မှာ စာနယ်ဇင်း မီဒီယာအသီးသီးမှ ၀န်ရှိသူများ တက်ရောက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါတယ်။ Mix Restaurant ကို ထိုင်းနိုင်ငံမှာ စတင်ကာ ဖွင့်လှစ်ခဲ့သည်မှာ ၇ နှစ်ရှိပြီဖြစ်ပြီး ၇ နှစ်အတွင်း ဆိုင်ခွဲပေါင်း ၁၀ ဆိုင် ဖွင့်လှစ်နိုင်တာပါ။

ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ ဆိုင်မှာ ချင်းမိုင်မြို့ Nimman Hamin လမ်းရှိဆိုင်ဖြစ်ပြီး အခြားဆိုင်ခွဲများမှာ Loss နိုင်ငံ ၀ိန်းဇန် မြို့ ၊ ဆွန်နမ့် ဖု အတွင်းရှိဆိုင်ခွဲ ၊ Bangkok Terminal 21 Shopping Mall အတွင်းရှိဆိုင်ခွဲ၊ ချင်းမိုင်မြို့ Promenada ကုန်တိုက်အတွင်း ဖွင့်လှစ်ထားသော ဆိုင်ခွဲ၊ ဘန်ကောက်မြို့ Rama 9 လမ်းရှိ The Shoppes ကုန်တိုက်အတွင်းရှိ ဆိုင်ခွဲ၊ ဘန်ကောက် Siam Square ကုန်တိုက်အတွင်းရှိဆိုင်ခွဲ၊ ချင်းမိုင်မြို့ Central Festival ကုန်တိုက်အတွင်းရှိ ဆိုင်ခွဲ၊ ထိုင်းနိုင်ငံ အရှေ့ပိုင်းခိုရတ် မြို့ရှိ The West Park အတွင်းရှိ ဖွင့်လှစ်ထားသော ဆိုင်ခွဲနဲ့ ယနေ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ဝိတိုရိယ ဆေးရုံရှေ့ရှိဆိုင်ခွဲတို့ဖြစ်ပါတယ်။

အဆိုပါဆိုင်နဲ့ပတ်သက်ပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိုးညီညီက "ကျွန်တော်တို့ ခုဖွင့်လှစ်တဲ့ Mix Restaurant မဖွင့်ခင် ကျွန်တော်က အများသိပြီးသားဖြစ်တဲ့ Feel Group ကို ပျိုးထောင်ခဲ့သူပါ။ ကျွန်တော်အခက်အခဲပေါင်း များစွာကို ဖြတ်ကျော်ပြီးမှ ဒီလိုအနေအထားတစ်ခုကို ရောက်လာတာပါ။ Mix Restaurant နှင့် Feel Group တို့ ပူးပေါင်းရတဲ့ အကြောင်းအရင်းက ကျွန်တော်တို့Feel Group အနေနဲ့ နိုင်ငံတကာ အဆင့်မှီတဲ့ ဆိုင်တွေဖွင့်ချင်တာရယ် ၊ Feel မှာ ချက်ပြုတ်တဲ့ လက်ရာတွေကို ရောင်းတာကြာလာတဲ့အတွက် Feel ရဲ့ စတိုင်၊ လက်ရာတွေနဲ့ မတူညီတဲ့ အစားအစာအသစ်တွေကို Customer တွေကို စားသုံးစေချင်တာရယ်၊ Feel Group ရဲ့ ကျန်းမာရေးနဲ့အညီ အစားအစာပြင်ဆင်ခြင်း စံနှုန်းတို့နဲ့လည်း ကိုက်ညီတာကြောင့် Mix Restaurant နဲ့ ပူးပေါင်းခြင်းဖြစ်ပါတယ်။

ယခုလိုပူးပေါင်းခြင်းအားဖြင့် သူတို့အစားအစာတွေကို ဘယ်လိုပြင်ဆင်ချက်ပြုတ်သလဲ။ ၀န်ဆောင်မှုဘယ်လိုပေးသလဲ၊ Software နှင့် Management တွေကို ဘယ်လိုလုပ်သလဲ စတာတွေကိုသိခဲ့ရတယ်။ ဒီနေ့ဖွင့်လှစ်တဲ့ အမှတ် ၆၈ ၊ တော်ဝင်လမ်း၊ ၉မိုင်၊ မရမ်းကုန်းမြို့နယ်၊ ၀ိတိုရိယဆေးရုံဝန်းထဲက Mix Restaurant Myanmar ကိုငွေကြေး အမြောက်အမြား အကုန်အကျခံပြီး ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ဆန်းသစ်တဲ့ လက်ရာတွေနဲ့ ပြင်ဆင် ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။ ၀န်ဆောင်မှု၊ အ၀တ်အစားပုံစံ၊ သန့်ပြန့်မှုနှင့် မီးဖိုချောင်သုံး ပစ္စည်းတွေမှအစ Grade အမြင့်ဆုံးတွေပဲ သုံးထားပါတယ်။

 နိုင်ငံခြားက တင်သွင်းလာတဲ့ ပါဝင်ပစ္စည်းများ၊ ဆိုင်အပြင်အဆင်အတွက် ရင်းထားတာတွေနဲ့ဆိုရင် ဈေးနှုန်းသင့်တင့်တဲ့ ဆိုင်လို့ပြောလို့ရပါတယ်။ ဖွင့်တဲ့သူအတွက်စီးပွားရေးအရဆိုရင်တော့ တွက်ချေ မကိုက်ပါဘူး။ စားသုံးသူများအတွက်ရှေ့ရှုပြီး ဖွင့်လိုက်တာပါ။ တချို့ကထင်ကြတယ်။ Feel က ဆိုင်ခွဲတွေ အများကြီးဖွင့်ပြီး စီးပွားရေးသောင်းကျန်းတယ်လို့ထင်ကြတယ်။ ရတဲ့ အမြတ်တွေနဲ့ ဆိုင်ခွဲတွေ အများကြီးထပ်ဖွင့်တယ်လို့ထင်ကြတယ်။ အဲ့ဒါဟာ လုံးဝမှားတယ်လို့ကျွန်တော်ပြောချင်ပါတယ်။

ကျွန်တော် ဘဏ်မှာချေးထားတဲ့ ချေးငွေတွေဟာ သိန်းသောင်းနဲ့ချီပြီးရှိပါတယ်။ ဧရာဝတီဘဏ်က ကိုဇော်ဇော်ဆီကချေးထားတာပါ။ ကိုဇော်ဇော်ကလဲ သူဌေးထဲမှာ ကျွန်တော့ကို တော်တော့ကို ကြည့်တဲ့သူ တစ်ယောက်ပါ။ သူက ကျွန်တော့်ကို အမြဲအားပေးတယ်။ ညီလေးအားပေးတယ်။ အစ်ကိုလုပ်သာလုပ်ဆိုပြီး အမြဲပြောပါတယ်။ အဲ့ဒီတော့ သူ့ရဲ့အထောက်အပံ့နဲ့ဒါတွေ ဖွင့်ထားတာပါ။ ကျွန်တော်လူတွေ အများကြီး အလုပ်ခန့်နိုင်တယ်။ နောက်ကျွန်တော်တို့ပြည်တွင်းမှာ ပြည်သူတွေကိုသန့်ပြန့်တဲ့ အစားအသောက်တွေ စားရဖို့အတွက်ကိုလဲ ရည်ရွယ်တယ်။

 နောက်ပြီးအင်မတန်မှ သဘောကောင်းတဲ့ မိတ်ဆွေတစ်ယောက် ၀ိတိုရိယပိုင်ရှင်နှစ်ယောက်ရဲ့ ခေါ်ယူပြီးတော့ ဒီနေရာမှာနေရာပေးမှုနဲ့အတူလစာမယူပဲ တစ်ယောက်တစ်ဝက် လုပ်မယ်ဆိုတာကြောင့် ဒီအလုပ်တွေကို လုပ်ပေးနိုင်တာပါ။ ကျွန်တော့်ဟာ ကျွန်တော် အဆောက်အဦးတွေဆောက်ရမယ်။ ဒီလိုနေရာကို ငှားရမယ်ဆိုရင် မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့ခု Feel ဆိုင်ကြီးပဲ ၁၈ ဆိုင် ဖွင့်ထားနိုင်တာကလဲ အရင်က ရှိထားတဲ့မြေကွက်လေးတွေရောင်းလိုက်တာမျိုး၊ အဲ့ဒီက အမြတ်ရတာလေးတွေနဲ့ဘဏ်ချေးငွေတွေနဲ့ ဒီလိုအနေအထား ရောက်လာတာပါ။

 Feel မိသားစုဟာ စားသောက်ဆိုင်က ရတဲ့ငွေသက်သက်နဲ့ဒီလိုအနေအထား ရောက်လာတာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ စားသောက်ဆိုင် ဖွင့်ချင်တဲ့ လူများလဲ ကျွန်တော်တို့ Feel Group , Mix Restaurant ကနေ အစားအသောက်ပိုင်းနဲ့ပတ်သက်ပြီး သိချင်တာများရှိရင် အကူအညီပေးပါတယ်။ ချက်ပြုတ်မှုအပိုင်းနဲ့ပတ်သက်ပြီး အလကား သင်ပေးပါတယ်"လို့ပြောပြခဲ့ပါတယ်။

Trend Myanmar

မှတ်ချက်များ