စင်ကာပူရဲကို လာဘ်ထိုးဖို့ကြိုးစားတဲ့ တောင်ကိုရီးယား ပြည့်တန်ဆာ ထောင်နှစ်လကျ


စင်ကာပူနိုင်ငံ မြို့လယ် နာမည်ကြီး Orchard လမ်းမကြီးပေါ်ရှိ ဟိုတယ်တခုတွင် အသက် ၃၇ နှစ်အရွယ်ရှိ ဟွန်ယွန်မီဆိုသော တောင်ကိုရီးယားအမျိုးသမီးတဦးကို ပြည်တန်ဆာမှုဖြင့် ရဲက ဖမ်းဆီးစဉ် သူမအား မဖမ်းရန် လာဘ်ပေးခဲ့မှုဖြင့် အရေးယူခံခဲ့ရသည်။

ပြီးခဲ့သော ဇွန်လ ၁၉ ရက်နေ့က မစ္စဟွန်ယွန်မီကို Jen ဟိုတယ်တွင် ရဲကဖမ်းဆီးစဉ် သူမက ဒုစရိုက်နှိမ်နှင်းရေးရဲသားများအား စင်ကာပူဒေါ်လာ ၁၅၅၀ (မြန်မာငွေ ၁၄ သိန်းဝန်းကျင်) ပါသော စက္ကူဘူးတဘူးကိုချပေးပြီး ''ငွေကိုယူလိုက်ပါ။ ကျွန်မ မနက်ဖြန် ကိုရီးယားကို ပြန်ချင်တယ်''ဟု အင်္ဂလိပ်စကားဖြင့်ပြောခဲ့သည်။ သို့သော်လည်း ရဲက လက်မခံဘဲ ငြင်းပယ်ခဲ့သည်။

မစ္စဟွန်ယွန်မီသည် ရက် ၉၀ အလည်အပတ်ဗီဇာ ခွင့်ပြုချက်ဖြင့် စင်ကာပူသို့ ရောက်ရှိနေစဉ် ယခုကဲ့သို့ ပြည်တန်ဆာလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ မစ္စဟွန်ယွန်မီကို ထောင်ဒဏ်နှစ်လချမှတ်ကြောင်း စင်ကာပူတရားရုံးက အမိန့်ချမှတ်ခဲ့သည်။ မစ္စဟွန်ယွန်မီကလည်း တရားရုံးတွင် ရဲများကို လာဘ်ပေးပြီးပြန်လွှတ်ပေးရန် ကမ်းလှမ်းခဲ့ကြောင်း ၀န်ခံခဲ့သည်။

စင်ကာပူနိုင်ငံတွင် လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ပြားမှုကို ကြီးလေးစွာ အပြစ်ဒဏ်ချလေ့ရှိသည်။ မစ္စဟွန်ယွန်မီသည် ယခုတကြိမ် ပထမဦးဆုံး ပြစ်မှုကျုးလွန်ခဲ့ပြီး ယခင်က ပြစ်ချက်မရှိခဲ့၍ ယခုကဲ့သို့ ပြစ်ဒဏ်လျော့ပေါ့ချမှတ်ခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက ငွေဒဏ်ဒေါ်လာ တသိန်း နှင့်ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံရနိုင်သည်။

ထွဋ်ဝင်းထွဋ် - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ