နိုင်ငံတချို့မှာ အမျိုးသားတွေဟာ အမျိုးသမီးတွေကို တရားဝင် ပြန်ပေးဆွဲလို့ ရနေပါသည်။ နိုင်ငံတချို့မှာ ဘောင်းဘီရှည် ၀တ်သည့် အမျိုးသမီးများ ရုံးတင် တရားစွဲ ခံနေရသည်။ နိုင်ငံတချို့တွင် ခင်ပွန်းသည်များသည် ဇနီးသည်များအား တရားဝင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခွင့် ရရှိနေသည်။
ဆူဒန်နိုင်ငံသူ ၉ ဦး ဘောင်းဘီရှည် ၀တ်ဆင်မှုဖြင့် တစ်ဦးလျှင် ကြိမ်ဒဏ် အချက် (၄၀)စီ အချခံရန် တရားသူကြီး တစ်ဦးက ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ သူတို့မှာ အသက် ၁၇ မှ ၂၃ နှစ်ကြား အမျိုးသမီးများ ဖြစ်ကြသည်။ သူတို့သည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသော်လည်း အစ္စလာမ် ရှားရီယား ဥပဒေများဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
အမျိုးသမီးများအခွင့်အရေး ပိုမိုရရှိရေးနှင့် ကျားမတန်း တူညီမျှမှုရှိရေး အတွက် လုပ်ဆောင်ရန် နိုင်ငံ ၁၈၉ နိုင်ငံက သဘောတူညီခဲ့သည်မှာ နှစ်ပေါင်း ၂၀ ရှိခဲ့ပြီ ဖြစ်သည်။ သဘောတူညီမှုကို ပေကျင်း လှုပ်ရှားမှု သဘောတူညီချက်ဟု ခေါ်ပြီး သဘောတူညီချက်အရ နိုင်ငံများသည် လိင်ကိုအခြေခံပြီး ခွဲခြားထားသည့် ဥပဒေများအား ဖျက်သိမ်းရန် သဘောတူညီခဲ့ကြသည်။
ဝမ်းနည်းစရာ ကောင်းသည်က နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့သော်လည်း ရည်မှန်းချက်များကို မဖြည့်ဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ တိုးတက်မှု တချို့လည်းရှိခဲ့သည်။ သဘောတူညီမှုတွင် ပါဝင်ခဲ့သည့် နိုင်ငံ ထက်ဝက်ခန့်သည် အမျိုးသမီးများကို ဖိနှိပ်ထားသည့် ဥပဒေများကို ဖျက်သိမ်းခြင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပြုပြင်ခြင်း တို့ကိုပြုလုပ်ခဲ့သော်လည်း ဆက်လက် လုပ်ဆောင်စရာများမှာ ကျန်ရှိနေဆဲ ဖြစ်သည်။
ကျားမ ခွဲခြားမှုရှိသည့် ဥပဒေများအား တစ်ခါတည်း ဖျက်သိမ်းနိုင်ရေး အတွက် အမျိုးသမီး အခွင့်အရေးအဖွဲ့ Equality Now သည် No More # Unsexy Laws အမည်ဖြင့် လှုပ်ရှားမှု တစ်ခုကို လုပ်ဆောင်နေပြီ ဖြစ်သည်။
“တရားမျှတမှုဆိုတာ တန်းတူ ညီမျှမှုရဲ့ အုတ်မြစ်ပဲ၊ ဒါမရှိရင် အမျိုးသမီးနဲ့ မိန်းကလေး တွေဟာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အဘက်ဘက်မှာ အညံ့ခံ နေရမှာ”ဟု အဖွဲ့၏ လန်ဒန်ဆိုင်ရာ ဒါရိုက်တာ ယာကီဟန့်က ပြောဆိုခဲ့သည်။
လူဦးရေစုစုပေါင်း၏ ထက်ဝက်ခန့်ကို တန်းတူ အခွင့်အရေး မပေးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သောကြောင့် အစိုးရများသည် ဥပဒေအောက်တွင် လူတိုင်း တန်းတူညီမျှ မှုရှိရေး၊ တန်းတူ အခွင့်အရေးရရှိရေး တို့အတွက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သူကပြောသည်။
အောက်ဖော်ပြပါအချက်များမှာ ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး အမျိုးသမီး ဖိနှိပ်ရေး ဥပဒေများဖြစ်ကြသည်။ မဖတ်ဘူး သေးလျှင် ယုံချင်မှ ယုံကြပါလိမ့်မည်။
၁။ ဇနီးများကို ခင်ပွန်းများက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခွင့်ရှိနေသည်။
နိုင်ငံတချို့တွင် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား တရားဝင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခွင့်ရှိနေသည်။ ၂၀၁၂ခုနှစ် ကုန်ပိုင်းတွင် ဒေလီ၌ ကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ပြီး သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်ကာ ဆန္ဒပြမှုများ ရှိခဲ့သော်လည်း အိန္ဒိယ အစိုးရသည် ၂၀၁၃ခုနှစ်တွင် တည်ဆဲဥပဒေတစ်ခု၌ ဇနီးဖြစ်သူ အသက် ၁၅ နှစ်ကျော်လျှင် ခင်ပွန်းဖြစ်သူက သူ့အား လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခွင့် ရှိနေသည် ဆိုသည့် ပုဒ်မ တစ်ခုကို ထည့်သွင်း ပြဋ္ဌာန်းခဲ့သည်။ ထိုနည်းတူစွာပင် ဘဟားမားစ်၌လည်း ဇနီးဖြစ်သူ အသက် ၁၄ နှစ်ကျော် အရွယ်ရှိပါက ခင်ပွန်းဖြစ်သူသည် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခွင့် ရှိနေသည်။
၂။အမျိုးသမီးများအား ပြန်ပေးဆွဲခွင့် ရှိနေသည်။
လက်ဘနွန်တွင် အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးအား ပြန်ပေးဆွဲကာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့ပြီးနောက် ယင်းအမျိုးသမီးကို လက်ထပ်ယူမည်ဖြစ်ကြောင်း အာဏာပိုင်များထံတွင် ၀န်ခံခဲ့ပါက ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့် ရှိနေသည်။ ဥရောပ နိုင်ငံတစ်နိုင်ငံဖြစ်သည့် မော်လ်တာတွင်လည်း လိင်ပိုင်းဆိုင်ရာ ပြစ်မှု ကျူးလွန်သူသည် အကျူးလွန်ခံရသူအား လက်ထပ်ယူပါက ပြစ်ဒဏ်ကျခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိနေသည်။
၃။ လူမှုရေး ဖောက်ပြန်သည့် ဇနီးကို သတ်ဖြတ်ခွင့်ရှိသည်။
အီဂျစ်တွင် လူမှုရေး ဖောက်ပြန်နေသည့် ဇနီးဖြစ်သူအား လက်ပူးလက်ကြပ်မိသည့် ခင်ပွန်းသည် သူ၏ဇနီးကို သတ်ဖြတ်ခွင့်ရှိနေပြီး သတ်ဖြတ်မှုအတွက်လည်း ထောင်ဒဏ် လျှော့ပေါ့ကျခံခွင့် ရှိနေသည်။ လူမှုရေး ဖောက်ပြန်သော ဇနီးအား သတ်ဖြတ်ခြင်းကို လူသတ်မှုအဖြစ် သတ်မှတ်ထားခြင်း မရှိသောကြောင့် ပြစ်ဒဏ် ကြီးကြီးမားမား ချမှတ်ခံရခြင်းမှ သက်သာခွင့် ရရှိခြင်းဖြစ်သည်။ ဆီးရီးယားတွင်လည်း ထိုနည်းတူပင်။ အမျိုးသားတစ်ဦးသည် ဇနီး၊ ညီမ နှင့် မိခင်တို့၏ တရားမ၀င်သော လိင်ပိုင်းဆိုင်ရာ အပြုအမူများ ပြုလုပ်နေသည်ကို တွေ့ရှိပြီးနောက် ဒေါသ အလျောက် ယင်းအမျိုးသမီးများကို သတ်ဖြတ်မိခဲ့ပါက ယင်းပြစ်မှုအတွက် ထောင်ဒဏ် ခုနစ်နှစ်သာ ကျခံရမည်ဖြစ်သည်။
၎။အမျိုးသမီးများကို ရိုက်နှက်ခွင့် ရှိနေသည်။
နိုင်ဂျီးရီးယားတွင် အမျိုးသား တစ်ဦးသည် ဇနီးဖြစ်သူတွင် သေလောက်သည့် ဒဏ်ရာ မရရှိစေနိုင်ပါက ရိုက်နှက် ဆုံးမခွင့်ရှိနေသည်။
၅။အမျိုးသမီးများ အိမ်မှ ထွက်ချင်တိုင်း ထွက်ခွင့်မရ။
အာဖဂန်နစ္စတန်တွင် ခင်ပွန်းဖြစ်သူသည် ဇနီးဖြစ်သူ၏ အိမ်အပြင်ထွက်မှုကို ကန့်သတ်ခွင့် ရှိနေသည်။ ယီမင် တွင်လည်း ထိုနည်းတူပင်။ ဇနီးဖြစ်သူသည် ခင်ပွန်းနှင့် အတူနေထိုင်သော အိမ်၏အပြင်ဘက်ကို ခင်ပွန်း၏ ခွင့်ပြုချက်မပါဘဲ ထွက်ခွင့် မရချေ။
၆။အမျိုးသမီးများ မည်သည့် နေရာတွင် အလုပ် လုပ်ရမည်ကို အမျိုးသားများက ရွေးချယ်ပေးခွင့် ရှိသည်။
ကင်မရွန်းနှင့် ဂီနီကဲ့သို့ နိုင်ငံများတွင် ခင်ပွန်းများသည် ဇနီးများ မည်သည့် အလုပ်အကိုင်ကို လုပ်ကိုင်ရမည်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ရသူများ ဖြစ်ကြသည်။
၇။ အမျိုးသမီးများ ကွာရှင်းပြတ်စဲလို့ မရ။
အစ္စရေးတွင် လက်ထပ်ခြင်းနှင့် ကွာရှင်းပြတ်စဲခြင်းတို့ကို ဂျူးဘာသာရေး ဥပဒေများနှင့် ချိန်ညှိပြီး အဆုံးအဖြတ် ပေးနေသည်။ ယင်းကြောင့် ခင်ပွန်းဖြစ်သူက ကွာရှင်းပြတ်စဲလိုကြောင်း လျှောက်ထားမှ သာလျှင် ကွာရှင်းပြတ်စဲခွင့် ရှိသည်။
၈။အမျိုးသမီးများ၏ သက်သေ ထွက်ဆိုချက် လုံးဝ တန်ဖိုးမရှိ။
ပါကစ္စတန်တွင် အမျိုးသမီး တစ်ဦး တင်ပြသော သက်သေ ထွက်ဆိုချက်များကို ရုံးတော်က အသိအမှတ်ပြုခြင်း မရှိချေ။
၉။အမျိုးသမီးများ ကားမောင်းခွင့် မရှိ။
ဒီဥပဒေကို လူတော်တော်များများ သိကြသည်။ ဆော်ဒီအာရေဗျတွင် အမျိုးသမီးများ မော်တော်ယာဉ် မောင်းနှင်မှုကို ဘာသာရေး ဥပဒေထုတ်ပြန်ပြီး ပိတ်ပင် တားမြစ်ထားသည်။ အမျိုးသမီးများသည် ကားမောင်းခွင့် မရရုံသာမက ကားမောင်း လိုင်စင်ပင် ကိုင်ဆောင်ခွင့် မရှိကြချေ။
၁၀။ အမျိုးသမီးများသည် အစ်ကိုနှင့် မောင်များလောက် အမွေရရှိခြင်းမရှိ။
တူနီးရှားတွင် အမျိုးသမီးတစ်ဦး၏ အမွေဆက်ခံပိုင်ခွင့်ကို ကန့်သတ်ထားသည်။ သားဖြစ်သူသည် သမီးဖြစ်သူထက် မိဘအမွေကို နှစ်ဆရရှိမည် ဖြစ်သည်။
The Messager
Ref: The World’s 10 Worst Anti-Women Laws: How Do These Still Exist?
Ref: The World’s 10 Worst Anti-Women Laws: How Do These Still Exist?

မှတ်ချက်များ