ရေပူဆရာတော် လွတ်မြောက်ရေး လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ဦးဝီရသူဆို
သာသနာ ညှိုးနွမ်းစေမှုဖြင့် ထပ်မံ တရားစွဲဆို ခံထားရသော ရေပူဆရာတော် လွတ်မြောက်ရေး အတွက် လှုပ်ရှားမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (အထက် ဗမာပြည်) ဦးဆောင် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
ဇွန်လ (၉) ရက်နေ့တွင် တရားမ၀င် ကျောက်မျက် တူးဖော်မှုဖြင့် ဆရာတော်အား လူဝတ်လဲကာ ဖမ်းဆီး အရေးယူထားပြီး၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် အဆိုပါ ရေပူဆရာတော်အား သစ်တော ဥပဒေပုဒ်မ (၄၂)နှင့် သာသနာ ညှိုးနွမ်းစေမှုပုဒ်မ (၂၉၅) တို့ဖြင့် ထပ်မံ တရားစွဲဆိုခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးဝီရသူက သာသနာ ညှိုးနွမ်းစေမှုမှာ လက်မခံနိုင်ကြောင်းနှင့် သံဃာ့နာယက အဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သောကြောင့် အဆိုပါ ပုဒ်မတပ်မှုကို ကန့်ကွက်ကြောင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
““ကျန်တဲ့ သစ်တောနဲ့ ကျောက်မျက် ပုဒ်မကတော့ ဦးပဉ္ဇင်းတို့ သွားရောက် မကြည့်ရှုရသေးတဲ့ အတွက် ပြောဖို့တော့ ခက်နေတာပေါ့။ ဒါပေမဲ့ အဲဒီထဲက သာသနာ ညှိုးနွမ်းမှုကတော့ လုံးဝလက်ခံစရာ မရှိပါဘူး။ အဲဒီအတွက်လည်း ဦးပဉ္ဇင်းတို့ ခုခံကာကွယ်ဖို့တွေလည်း လုပ်မယ်။ ဆရာတော် လွတ်မြောက်ဖို့ အတွက်လည်း လှုပ်ရှားမှုလေးတွေ လုပ်သွားဖို့ ရှိပါတယ်”” ဟု မ.ဘ.သ ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော်အား တတိယအကြိမ် အဖြစ် ဇူလိုင်လ (၁၇) ရက်နေ့တွင် ရုံးထုတ်မည် ဖြစ်ရာ မိုးကုတ်ဒေသခံ (၁၀၀) ကျော်နှင့် ပြင်ဦးလွင်၊ မန္တလေး စသည်တို့မှ ဆရာတော်၏ တပည့်ဒါယကာ၊ ဒါယိကာမများ လာရောက် ဖူးမြော်ခဲ့ကြသည်။
““ဆရာတော်ကို အခု အိုးဘိုထောင်မှာ ချုပ်ထားတယ်။ ဒီလို ဖမ်းဆီးပြီး တစ်လကျော်ကြာမှ နောက်ထပ် ပုဒ်မနှစ်ခု တိုးလာတဲ့ အပေါ်မှာ တာဝန် ရှိသူတွေကို ကျွန်တော်တို့ အနေနဲ့ မေးခွန်း ထုတ်စရာတွေ အများကြီး ဖြစ်လာပါပြီ”” ဟု မိုးကုတ်မြို့ (၈၈) ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး ဦးစိုးဌေးက ပြောသည်။
ရေပူဆရာတော် အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက်လည်း ဇူလိုင်လ (၆) ရက်နေ့တွင် မိုးကုတ်မြို့၌ ဒေသခံ အင်အား (၄၀၀၀)ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ ကြသေးသည်။
““တကယ် အမြတ် ထွက်တာကတော့ အစိုးရပေါ့၊ သူတို့ အလိုရှိတဲ့ သူမျိုးတွေကို အခုလိုမျိုး ပြုမှုမှာပဲ။ အဲဒါကြောင့် ဘုန်းကြီး ဖြစ်ဖြစ်၊ နိုင်ငံရေးသမားပဲ ဖြစ်ဖြစ် သတိထား ပြီးလုပ်ဆောင်ကြဖို့ ဦးပဉ္ဇင်း အနေနဲ့ တိုက်တွန်းချင်ပါတယ်”” ဟု ဆရာတော် ဦးဝီရသူ က ဆက်လက် မိန့်ကြားသည်။
အဆိုပါ ဆရာတော် ဦးဝီရသူအနေဖြင့် သာသနာ ညှိုးနွမ်းစေမှုဖြင့် ရေပူဆရာတော်အား တရားစွဲဆိုထားမှု အပေါ် အစိုးရ တာဝန်ရှိသူများထံသို့ စာဖြင့် မေတ္တာ ရပ်ခံသွားရန်လည်း ရှိနေသည်။
K.W.M - The Messager

မှတ်ချက်များ