ဖမ်းဆီးခံ ကျောင်းသားပြည်သူများကို အပြန်လွှတ်ပေးရန် တောင်းဆို

















နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကျောင်းသားပြည်သူတွေကို ရွေးကောက်ပွဲမတိုင်မီ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ၂၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကနေ တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ ဆက်လက်အကောင်အထည်ဖော်ဖို့၊ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစုများ အနိုင်ရရေး ၀န်းရံကြဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ရှစ်လေးလုံး နှစ်ပတ်လည်နေ့အခမ်းအနားကို ရန်ကုန်မြို့၊ သင်္ကကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ဓမ္မပီယကျောင်းတိုက်မှာ ဒီမိုကရေစီအင်အားစုများ စုပေါင်းပြုလုပ်ခဲ့ကြပြီး ရန်ကုန်ရောက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တချို့လည်း အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

ပထမဦးစွာ ၈၈၈၈ အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းခွေချ အလေးပြုခဲ့ကြပြီး လမ်းပေါ်မှာ ဆေးအနီရောင်တွေ ပက်ဖျန်းပြီး ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို သရုပ်ဖော်ခဲ့ကြပါတယ်။

ဒီနောက် သင်္ကန်းကျွန်းမြို့နယ် သံသုမာလမ်းရှိ ဓမ္မပီယ ဘုန်းကြီးကျောင်းမှာ ၈၈ မျိုးဆက် ကျောင်းသားတွေ ဦးဆောင်ပြီး သံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်တာနဲ့ ဟောပြောပွဲတွေ ပြုလုပ် ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ အပစ်အခတ်ရပ်စဲရေး အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါတယ်။

ဒီနောက် ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းရုံးမှာ ၈၈၈ သမိုင်းပြတိုက် (ယာယီ) ကို ဖွင့်လှစ်ပြသခဲ့ပါတယ်။

DVB

မှတ်ချက်များ