တရုတ် ၊ ထိုင်ဝမ် နဲ့ ဂျပန် ကို ၀င်မယ့် မုန်တိုင်းဟာ ဗြိတိန် ကိုပါ ထိခိုက်မှု ရှိနိုင်


တရုတ် ၊ ထိုင်ဝမ် နဲ့ ဂျပန်တို့ကို တိုက်ခတ်မယ့် မုန်တိုင်းဟာ ပစိဖိတ် သမုဒ္ဒရာ ကို ဖြတ်ကျော်လာပြီးတဲ့နောက် ဗြိတိန် နိုင်ငံကို ပါ မုန်တိုင်းဒဏ် ခံရစေနိုင်တယ်လို့ သိရပါတယ်။

Soudelor လို့ ခေါ်တဲ့ မုန်တိုင်းဟာ လက်ရှိမှာ ဂျပန် ၊ ထိုင်ဝမ် နဲ့ တရုတ် တို့ကို ဦးတည်နေပါတယ်။ မုန်တိုင်းဒဏ် ကို အဓိက ခံရမှာကတော့ ထို ဒေသတွေပဲ ဖြစ်ပေမယ့်လည်း မိုးလေ၀သ နဲ့ ဇလဗေဒ ကျွမ်းကျင်သူတွေကတော့ မိုင်ထောင်ပေါင်းများစွာ ဝေးကွာနေတဲ့ ဗြိတိန် နိုင်ငံကို ပါ ထိခိုက်မှု ရှိလာနိုင်တယ်လို့ သတိပေးထားကြပါတယ်။

အကယ်၍ ထို မုန်တိုင်းသည် တရုတ်နိုင်ငံကို ဖြတ်သန်းပြီး မြောက်ဘက်ကို ဦးတည်လာပါက ဗြိတိန်နိုင်ငံမှာလည်း မိုးသည်းထန်စွာ ရွာပြီး လေကြမ်းတွေ တိုက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားတာဖြစ်ပါတယ်။

ဗြိတိန် မိုးလေ၀သ ဌာန မှ အရာရှိတစ်ဦးဖြစ်တဲ့ Leon Brown က Daily Express သတင်းဌာနကို ပြောပြခဲ့တာကတော့ " ထိုဒေသတွေမှာ ဖြစ်ပေါ်မယ့်မုန်တိုင်းဟာ ဗြိတိန် က ရာသီဥတု ကို ထိခိုက်ဖို့ ဝေးလွန်းပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ သာမန်မဟုတ်တဲ့ အားပြင်းမုန်တိုင်းတွေ အရေအတွက် များစွာ ဖြစ်ပေါ်နိုင်ဖွယ်ရှိနေပါတယ်။" လို့ ဆိုပါတယ်။

ဒီစနေ တနင်္ဂနွေ မှာ ထို Soudelor မုန်တိုင်းဟာ ထိုင်ဝမ် နဲ့ တရုတ်တို့ကို ထိခိုက်နိုင်ဖွယ်ရှိနေပါတယ်။ ခန့်မှန်းချက်များအရ မုန်တိုင်း ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီကို ၁၀၄ မိုင်နှုန်းနဲ့ တိုက်လိုက်လာနိုင်ပါတယ်။ ပူးပေါင်း မုန်တိုင်း သတိပေးရေး စင်တာ (JTWC) ကထုတ်ပြန်သတိပေးထားတာကတော့ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ၀င်ရောက်တဲ့အခါမှာ တစ်နာရီကို မိုင် ၁၂၀ ကနေ မိုင်၁၅၀ အထိ ပြင်းထန်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ခန့်မှန်းချက်များအရ ထိုမုန်တိုင်းကြောင့်ဖြစ်ပေါ်လာမယ့် လှိုင်းများဟာ အမြင့် ၁၇ မီတာ အထိ ရှိလာနိုင်တဲ့အတွက် ထိုင်ဝမ်က တာဝန်ရှိသူတွေဟာ မြို့တော် တိုင်ပေ ကို ထိခိုက်မှု တွေထံမှ ကာကွယ်ဖို့ လိုအပ်တဲ့အကာအကွယ်တွေကို နေရာချထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

( Mario ) - သစ်ထူးလွင်
Ref : Mirror

မှတ်ချက်များ