![]() |
| ဓာတ်ပုံ - thejournal.ie |
ကယ်ဆယ်ရေးအဖွဲ့က ရောက်ရောက်ချင်း ပေးပို့တဲ့ အချက်အလက်တွေအရ လေယာဉ်ဟာ လုံးဝပျက်စီးသွားပြီး ရုပ်အလောင်း ၅၄ လောင်းလုံး တွေ့ရှိပြီလို့ ပြောဆိုပါတယ်။
လေယာဉ်ပေါ်မှာ ကလေးငယ် ၅ ဦး အပါအ၀င် ခရီးသည် ၄၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၅ ဦးတို့ လိုက်ပါသွားကြတာပါ။
အဲဒီဒေသက ဆင်းရဲတဲ့ ဒေသခံတွေကို လှူဒါန်းဖို့ အမေရိကန်ဒေါ်လာ ၅ သိန်းလောက်လည်း လေယာဉ်နဲ့ ပါသွားတယ်လို့ ဆိုပါတယ်။
လေယာဉ်ဟာ စတင်ထွက်ခွာခဲ့တဲ့ Oksibil လေဆိပ်ကိုအပြန် တောင်ထူထပ်ပြီး ဝေးလံတဲ့ဒေသမှာ ပျက်ကျခဲ့တာပါ။
မကြာခင် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၀၀ လောက် ထပ်ရောက်လာဖို့ ရှိပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေပေမယ့် အသက်ရှင်လျက် တွေ့ရှိဖို့ အခွင့်အရေးက အရမ်းနည်းတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က သတင်းထောက်တွေကို ပြောဆိုပါတယ်။
လေယာဉ်ခရီးစဉ်မှတ်တမ်းသေတ္တာကို ရှာဖွေနေတယ်လို့လည်း ပြောပါတယ်။
လေယာဉ်ဟာ တာဘိုအင်ဂျင် ၂ လုံးတပ် ATR42-300 လေယာဉ်မျိုးဖြစ်ပြီး ခရီးစဉ်စတင်ပြီး နာရီဝက်အကြာမှာ လေကြောင်းထိန်းသိမ်းရေးစခန်းနဲ့ အဆက်အသွယ် ပြတ်ခဲ့တာပါ။
ရာသီဥတုဆိုးဝါးလို့ ပျက်ကျတာလို့ပဲ ကယ်ဆယ်ရေးအဖွဲ့တွေက ယုံကြည်နေကြပါတယ်။
အဲဒီဒေသကို သွားရောက်ခဲ့တဲ့ ရှာဖွေကယ်ဆယ်ရေး လေယာဉ်တစင်းဟာလည်း သြဂုတ် ၁၆ ရက်နေ့က ရာသီဥတုဆိုးဝါးခဲ့လို့ လှည့်ပြန်ခဲ့ရတာပါ။
အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ တနှစ်တာအတွင်း လေယာဉ်ပျက်ကျမှုကြီး ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။
ဒီဇင်ဘာလက ဂျာဗားပင်လယ်ပြင်ထဲ အဲအေးရှားလေယာဉ်ပျက်ကျလို့ ခရီးသည် ၁၉၂ ဦး သေဆုံးခဲ့တာ တကြိမ်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကပဲ ဆူမားတြားမှာ စစ်ဘက်သယ်ယူ ပို့ဆောင်ရေးလေယာဉ် လူနေအိမ်တွေပေါ် ပျက်ကျလို့ လူပေါင်း ၁၄၀ သေဆုံးခဲ့တာတို့ ဖြစ်ပါတယ်။
DVB

မှတ်ချက်များ