တစ်ရာခိုင်နှုံး၏ တိုင်တန်းချက်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းနိုင်ခြင်းသည် အဓိပ္ပါယ်မရှိသည့် ပမာဏ ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းတွင် ပါဝင်သည့် တစ်ရာခိုင်နှုန်းသည် အဓိပ္ပါယ်မရှိသည့် ပမာဏဖြစ်ပြီး ယင်းကိစ္စကို စောင့်ကြည့် ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကသြဂုတ်၁၈ ရက်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်ပြောဆိုလိုက်သည်။

“တစ်ရာခိုင်နှုန်းကိစ္စက ပြောင်းကိုပြောင်းရမယ့် ကိစ္စ အဓိပါယ်မရှိဘူး လုပ်ရမယ့် ကိစ္စတွေက အများကြီး လွှတ်တော်အတွင်းမှာ ဒါမျိုးဖြစ်နေမယ်ဆိုရင် တခြားအလုပ်တောင် လုပ်ဖို့အချိန် ရှိတော့မှာ မဟုတ်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လတ်တလောဖြစ်ပေါ်နေသည့် ကိစ္စရပ်များကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကျမှု ရှိ နေသည်မှာ မှန်သော်လည်း ယင်းဖြစ်စဉ်များကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ် ပြည်သူတွေ၏ ထောက်ခံမှုသည် အင်မတန်တိုးတက်မြင့်တက်လာလိမ့်မည်ဟု ထင်မြင်ကြောင်းလည်းဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ထို့အတူမီဒီယာများက မေးမြန်းသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်မှုရှိသည့်သူများ ပါတီတာဝန်မှ ရုပ်သိမ်းခံလိုက်ရခြင်းကြောင့် မဟာမိတ်များလျော့နည်းသွားသည့် သဘောထင်ပါလားဟု မေးမြန်းမှုကို ‘မဟုတ်ပါဘူး။ ဒီအချိန်မှာ ဘယ်သူက မိတ်ဆွေဖြစ်တယ်ဆိုတာ ပေါ်လာမယ်ဆိုတော့ မိတ်ဆွေအချင်းချင်းကြားမှာ ပိုပြီးတော့ ခိုင်မြဲသွားဖို့ပဲ ရှိတာပါ ‘ဟုပြန်လည်ဖြေကြားခဲ့သည်။

ပြည်ခိုင်ဖြိုးတီ ခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည့် လွှတ်တော်ဥက္ကဌ သူရရွှေမန်း သည် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် သြဂုတ်လ ၁၇ ရက် တနင်္လာနေ့ တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ၏ ရုံးခန်းတွင်တွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “မနေ့က ဆွေးနွေးတာ ဆိုတာဒီလိုထုတ်ပြန်လေ့မရှိဘူး ပုံမှန်ပေါ့ ပါတီနဲ့ပတ်သက်တဲ့ကိစ္စတွေ နိုင်ငံရေးကိစ္စတွေ ပါ”ဟု သာဖြေကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ကို ရဲတပ်ဖွဲ့အင်အားဖြင့် ညဘက် ၀င်စီးသည့် ဖြစ်ရပ်သည် ဒီမိုကရေစီကို ရှေ့ရှုနေသည့် နိုင်ငံတစ်ခုအနေဖြင့် မျှော်လင့်မထားသည့်ကိစ္စဖြစ်ကြောင်း၊ ၄င်းကိစ္စသည် ပါတီတွင်းကိစ္စဖြစ်သော်ငြား ၊ အထူးသဖြင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရုပ်သိမ်းရန် ကိစ္စသည် လွှတ်တော်နှင့် ပတ်သက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် က သတင်ထောက်များအား ဖြေကြားခဲ့သည်

၂၀၀၈ဖွဲ့စည်းပုံ ၏ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေ ပုဒ်မ ၃၉၆ ၊အပိုဒ်ခွဲ (ခ) တွင် သက်ဆိုင်ရာမဲဆန္ဒနယ် ၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်း တို့က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော်လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်းတန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တင်ပြရမည် ဟု ဖော်ပြထားသည်။

ဇော်မင်းထွန်း - The Ladies News Journal

မှတ်ချက်များ