အတင်းအဓမ္မပြုကျင့်ခံရသည့် ကျောင်းသူအား ကုမ္မဏီက လျောကြေးပေး


ပြီးခဲ့သော သြဂုတ်လ(၂)ရက်နေ့ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာတွင် အသက်(၁၃)နှစ်အရွယ် ကျောင်းသူတစ်ဦးကို ကျောက်ထုတ် ကုမ္မဏီမှ အလုပ်သမား တစ်ဦးက အတင်းအဓမ္မပြုကျင့် ခဲ့ခြင်းကြောင့် ကုမ္မဏီများက နှစ်နာကြေး သိန်း၄၀ ကျေးရွာကို ပေးလိုက်သည်ဟု သိရပါသည်။

၎င်းသိန်း(၄၀)သည် အတင်းအဓမ္မ ပြုကျင့်ခံရသူအတွက် နစ်နာကြေး သိန်း(၂၀) ၊ကျန် သိန်း(၂၀)ကို ရပ်ရွာကိုဆေးကြောခြင်းနှင့် ရွာရန်ပုံငွေအတွက်ဟုဆိုကာ ပေးခဲ့ကာ ၄င်းကိစ္စနှင့် ပတ်သက်ပြီး ကုမ္မဏီနှစ်ခုနှင့် ကုန်းသာကျေးရွာက သုံးကြိမ်တိုင်တိုင် နှစ်ဖက် ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းကျောက်ထုတ်သည့် နေရာတွင် ပြည်ကြီးငွေတောင်ကုမဏီနှင့် လင်းလက်ရွေတောင်ပံ ကုမ္မဏီနှစ်ခုမှ ကျောက်ထုတ်ခြင်းဖြစ်ပြီး အတင်းအဓမ္မပြုကျင့်သူ မျိုးနိုင်ဆိုသူသည် ပြည်ကြီးငွေတောင်ကုမ္မဏီတွင် အလုပ်လုပ်သည့်အတွက် ၄င်းကုမဏီသည် (၃၆)သိန်းပေးလျော်ပြီး လင်းလက်ရွေတောင်ပံကုမဏီက (၄)သိန်း ပေးခဲ့သည်ဟု သိရပါသည်။

“သိန်း(၂၀)က ကောင်မလေးအတွက်နစ်နာကြေးပေါ့၊ ကျန်(၂၀)က ရွာကိုပြန်လည် ဆေးကြောတဲ့အနေနဲ့လည်းပါတယ်. နောက်ပြီးတော့ ရန်ပုံငွေအတွက်ပေါ့။ နောက်ပြီးတော့ ဒီကုမဏီတွေကိုတော့ (၁၂)လပိုင်းအထိ ထုတ်ခွင့်ပေးထားတာပေါ့။ (၁၂)လပိုင်းကျော်ရင် ပြောင်းပေးဖို့ပေါ့နော်။ ဒီကြားထဲမှာအခုလို အလားတူပုံစံမျိုးမဖြစ်ရလေအောင် သူတို့ကလည်းထိန်းထိန်းနဲ့လုပ်ဖို့ ရွာရဲ့လုံခြုံမှုရှိအောင်သူတို့လည်း တာဝန်ယူပေးဖို့ပေါ့။” ဟု ကုန်းသာကျေးရွာမှ တာဝန်ရှိ ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

အတင်းအဓမ္မပြုကျင့်ခဲ့သူမျိုးနိုင်ကိုလွိုင်ကော်မြို့မ ရဲစခန်း (ပ)၉၀/၂၀၁၅ ၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် သြဂုတ်လ (၄)ရက် နေ့ တွင် အသက်(၁၃)နှစ် ကျောင်းသူဖြစ်သူ၏ အဒေါ် ဒေါ်မောနိုကာ မှ တရားလိုပြုလုပ်ပြီးရဲအုပ် အောင်အောင်ဇော်ကအမှုစစ် အရေးယူထားကြောင်းသိရပါသည်။

၎င်းကျေးရွာ တွင် ထိုကဲ့သို့ အဖြစ်အပျက်မျိုးတကြိမ်တခါမှ ဖြစ်ပေါ်ခြင်းမရှိခဲ့ပဲ လတ်တလောက အဖြစ်အပျက်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရပါသည်။

ကုန်းသာကျေးရွာသည် ရပ်ကွက်(၄)ခုဖြင့် နေထိုင်ကြပြီး ကယန်း၊ ပအိုဝ့် နေထိုင်ကာလူဦးရေ (၃၀၀၀)နီးပါးရှိကြောင်း သိရသည်။

၎င်းကုမ္မဏီနှစ်ခုသည် ၂၀၁၂ ခုနှစ်တွင် အစိုးရခွင့်ပြုချက်ဖြင့် စတင်ဝင်လာပြီး လုပ်ငန်းခွင်ထောင်ရန် မြေ(၁)ခွဲ ယာပိုင်ရှင်များနှင့်သာ ညှိနှိုင်းမှုရှိတာကလွဲလို့ ကျေးရွာတရွာလုံးကို အသိပေးခြင်းလည်း မရှိခဲ့ကြောင်းသိရပါသည်။

ဖြိုးဝေအောင် - ကန္တာရ၀တီတိုင်း(မ်)

မှတ်ချက်များ