မုန့်ဖိုးတသောင်းဖိုးလောက် အငတ်ခံလိုက်ကြပါစို့







ရေကြီးပြီဆိုရင် တက်လာတဲ့ ရေအရှိန်နှုန်းဟာ မကြုံဖူးသူတွေအနေနဲ့ တဖြည်းဖြည်းတက်လာလို့ ပြေးချိန်ရမယ်လို့ ထင်နေကြတယ်။

ဆင်းလာတဲ့ ရေထုပေါ်မူတည်လို့ ရေတက်နှုန်းဟာမြန်တတ်ပါတယ်။

ကျွန်တော့်အတွေ့အကြုံ ဆည်ကျိုးတဲ့အခါ ခြောက်နေတဲ့ ရေလုံးဝမရှိတဲ့ နေရာမှာ ပထမ ပရွတ်ဆိတ်နဲ့ တီကောင်တွေ တလိမ့်လိမ့် တက်လာတယ်။ ရေစီးကြောင်းလေးတခုစီးလာတာ ကြည့်နေရင်းလိုက်လာတဲ့ ရေထုနဲ့ ၁၀မိနစ်လောက်မှာ ရေတစ်ပေဖြစ်သွားလို့ ရေထဲရုန်းပြီး ပြေးရတယ်။ ရေစီးရှိန်ပါ ရှိလေတော့ လျင်လျင်မြန်မြန် မပြေးနိုင်တော့ပါ။

ဒါကြောင့်

ရေဝိုင်းနေတဲ့ ဒုက္ခသည်တွေ
ကယ်ဆယ်ရေးလုပ်မယ့်သူတွေအတွက်

၁။ ကားကျွတ် (ဂွေ ၁၅အရွယ်) တစ်လုံးကို လေတင်းအောင်ထိုးပါ။

၂။ ၅မီလီမီတာ နိုင်လွန်ကြိုး ၁၀ကိုက်ဝယ်ပါ။

၃။ ကြိုးစအစွန်း ၂ ဖက်ကို တင်းနေအောင် ထုံးပါ။

၎။ ကြိုးကို ကျွတ်အတွင်း ၅ ပတ် သို့မဟုတ် ၆ ပတ် ခပ်လျော့လျော့ ပတ်ပါ။ တင်းအောင် မပတ်ရ။

၅။ ပတ်လိုက်တဲ့ကြိုးကို ပထမ အစွန်းနဲ့ ခိုင်မြဲအောင်ချည်ပါ။
ကြိုးချည်တဲ့အခါ ဘူးလယ်ခတ်ဖြစ်ဖြစ် ပုံမှာပြထားနဲ့ အဝင်အထွက်မှန်အောင် TRUE KNOT ဖြစ်အောင်ချည်ရပါမယ်။
သေသေချာချာ ကြည့်ပြီး ချည်ပါ။
မှားနေလျင် ချည်ထားပေမယ့် လျောထွက်တတ်ပါတယ်။

၆။ တင်းအောင်ဆွဲပါ။

၇။ တိပ်ပတ်ထားတဲ့ အစွန်းစကို တပတ်ပြန်ချည်ပါ။

ကြိုးရှည်စကိုလည်း အထုံးမှာ နောက်တပတ် ပြန်ချည်ပြီး တင်းအောင်ဆွဲပါ။

၈။ အပိုကြိုးစကို မဖြတ်ရ။ ရေစီးသန်ရင် သစ်ပင် အိမ်တိုင်မှာ ချည်ထားပြီး မျောမသွားအောင် လုပ်နိုင်သလို လာကယ်သူက ဆွဲလို့ရမှာ ဖြစ်ပါတယ်။

၉။ ဝစီလေးတစ်လုံးကို ကြိုးမှာ တွဲချည်ထားရင် ညအခိျန် မှောင်မှောင်မဲမဲမှာ ကိုယ်ရှိရာနေရာကို သိနိုင်မယ်။

၁၀။ ကျွတ်မှာ ကြိုးချည်ထားတဲ့အတွက် လူ ၄ယောက် ၅ယောက်လောက်ဟာ အချိန်တခုအထိ ကယ်ဆယ်ရေးတွေ လာတဲ့ အထိ ခိုနိုင် မယ်။

၁၁။ အိမ်မှာရှိတဲ့ ကော်ဇလုံလေးကို အလယ်မှာ ထည့်လိုက်ရင် ကိုယ်ပိုင်အဖို့တန်ပစ္စည်းလေး
ဒါမှမဟုတ် မိသားစုဝင် ကြောင်ကလေးမီးမီးဟခွေးကလေး အောင်နက်ကိုပါ မကွဲမကွာ အတူခေါ်သွားနိုင်မှာပါ။

ဒါလေးတော့ ဧရာဝတီတိုင်းအတွက်မှီနိုင်ဦးမယ် ထင်ပါတယ်။

ကျွတ် တလုံး ၈၀၀၀
ကြိုး ၁၀ကိုက် ၂၀၀၀
ဝစီတလုံး ၅၀၀

ငွေတသောင်းလောက်နဲ့ လူတစ်ယောက်ကယ်နိုင်ရင်လေ။
ကိစ္စတွေပြီးသွားလို့ လေလျှော့ပြန်ရောင်းမယ်ဆိုရင် တဝက်ဈေးလောက်တော့ ပြန်ရဦးမယ်ထင်ပါတယ်။
တန်လှပါပြီ။
မုန့်တသောင်းဖိုးလောက် အငတ်ခံလိုက်ကြပါစို့။
ဧရာဝတီတိုင်းကလူတွေ အဆင်သင့်ပြင်ထားစေချင်ပါတယ်။
ငွေကုန်မများသလို လုပ်ရတာလွယ် အမြန်ဆုံးလည်း လုပ်နိုင်လို့ အချိန်မီပါသေးတယ်။

Maung Maung Myint

မှတ်ချက်များ