အီဂျစ်တွင် အပူလှိုင်း ဖြတ်မှုကြောင့် သေဆုံးသူ ၁ဝ၆ ဦးအထိ မြင့်တက်
အီဂျစ်နိုင်ငံတွင် အပူလှိုင်း ဖြတ်မှုကြောင့် ရက်သတ္တ နှစ်ပတ်အတွင်း သေဆုံးသူ ၁ဝ၆ ဦးအထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ အများစုမှာ သက်ကြီး ရွယ်အိုများ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သြဂုတ် ၁၈ ရက်တွင် အတည်ပြု ပြောကြားသည်။
လူသေဆုံးမှု အများဆုံး နေရာများမှာ မြို့တော်ကိုင်ရို နှင့် နိုင်ငံ အထက်ပိုင်းရှိ ပြည်နယ်များ ဖြစ်ကြောင်း၊ ၄င်းဒေသ များတွင် အပူချိန် ၄၅ နှင့် ၅ဝ ဒီဂရီ ဆဲလ်စီးယပ်စ် အကြား ရှိကြောင်းနှင့် သြဂုတ် ၁၇ ရက်မှာပင် အပူရှိန် လွန်ကဲမှုကြောင့် သေဆုံးသူ ရှစ်ဦး ရှိပြီး အသက်ရှူ ကျပ်သည့် ဝေဒနာ ခံစားရသူ ၁၇၃ ဦးရှိကြောင်း သိရသည်။
သေဆုံးသူ များတွင် အယ်လ်ခန်ကာ စိတ်ကျန်းမာရေး ဆေးရုံမှ လူနာများ၊ ရဲစခန်း များတွင် ဖမ်းဆီးထားသည့် တရားခံ များနှင့် အကျဉ်းထောင် အတွင်းမှ အကျဉ်းသားများ ပါဝင်ကြောင်း၊ သေဆုံးသူ အများစုသည် ရေဓာတ် ဆုံးရှုံးမှုနှင့် အသက်ရှူ ကျပ်ခြင်းကြောင့် ဖြစ်ကြောင်း၊ ပြည်သူများ၊ သက်ကြီးရွယ်အို များနှင့် နာတာရှည် ရောဂါ ခံစားနေရသူ များ အနေဖြင့် အရေးကြီး ကိစ္စမရှိပါက နေ့လယ်ခင်း အချိန်တွင် အိမ်အပြင် မထွက်ဘဲ အိမ်အတွင်း ၌သာ နေထိုင်ကြ ရန်နှင့် လာမည့်ရက် အနည်းငယ် အတွင်း အပူချိန် ဆက်လက် မြင့်တက် နေမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန နှင့် မိုးလေဝသ ဌာနမှ ထုတ်ပြန် ကြေညာ ထားသည်။
PyiChitThar

မှတ်ချက်များ