နီပေါတွင် ဆန္ဒပြသူများနှင့် ပဋိပက္ခဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင်ရှစ်ဦး သေဆုံး


နီပေါနိုင်ငံ ကီလာလီခရိုင်အရှေ့ပိုင်း၌ တနင်္လာနေ့က ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ပဋိပက္ခဖြစ်ပွားမှု တွင် ရဲတပ်ဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့ရကြောင်း နီပေါအစိုးရက အတည်ပြုပြောကြားသည်။

''ဒီကနေ့ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ နီပေါရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးခဲ့ရပါတယ်'' ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လက်မီ ပရာဆက်ဒါကယ်က ပြောကြားသည်။

အဆိုပါ ပဋိပက္ခဖြစ်ပွားပြီးနောက် ကီလာလီခရိုင်ကို ပဋိပက္ခဇုန်အဖြစ် နီပေါအစိုးရက ချက်ချင်း ထုတ်ပြန် ကြေညာခဲ့သည်။ အခြေအနေကို ထိန်းချုပ်ရန် နီပေါ တပ်မတော်ကို ယင်းဒေသတွင် စုစည်းထားခဲ့ပြီဖြစ်သည်။

ဆန္ဒပြသူများက ကန့်သတ်ဧရိယာအတွင်း ရောက်ရှိ နေသည့် သာရူဝပ်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုရာမှ အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းသွား ခြင်းဖြစ်သည်။ တယ်လီဖုန်းလိုင်းများ ပြတ်တောက်သွားမှု ကြောင့် ဆန္ဒပြသူများဘက်တွင် သေဆုံးသူ ရှိ၊ မရှိကို အတိအကျမသိရှိရပေ။ တယ်လီဖုန်းဆက်သွယ်မှုလိုင်းများ ပြတ်တောက်စေရန် ဆန္ဒပြသူများက ယင်းဒေသရှိ တယ်လီဖုန်းလိုင်းများကို ဖြတ်တောက်ခဲ့ကြသည်ဟု လက်မီ ပရာဆက်ဒါကယ်က ပြောကြားသည်။

The Mirror Daily

မှတ်ချက်များ