အစိုးရတပ် လက်နက်ကြီးပစ်ခတ်မှု အမျိုးသမီးတစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ်။
Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်က ကောင်းဝှက်ကျေးရွာမှာ မနေ့ညက ကျေးရွာတွေထဲကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တပ်မ ၉၉ က ပစ်ခတ်တာဖြစ်ပြီး နေအိမ်တွေထဲ ဝင်ရောက်ရှာဖွေပြီး ငွေတွေလည်းယူသွားတယ်လို့ ကောင်းဝ ဝက်ကျေးရွာက ဒေသခံ ဦးစံထွန်း က ပြောပါတယ်။

"သူတို့ကလှန်းပစ်တယ်၊ ရွာထဲမှာ၊ ကလေးမတစ်ယောက်ကိုလှန်းပစ်လိုက်တော့ ပေါက်ကွဲလာတဲ့အစတွေက ကလေးမရဲ့ပေါင်လယ်အကုန်ထိတယ်၊ ကျနော်တို့ လည်း အချိန်မီဆေးခန်းလိုက်ပို့လိုက်တယ်၊ ရပါရွာထဲမှာ သူတို့ဘီဒီတစ်လုံးရိုက်ခွဲတယ်၊ ပြီးတော့ ကျပ်ငွေ ၁၅ သိန်းယူသွားတယ်၊ တရုတ်ငွေ ၅ သောင်းယူ သွားတယ်"

ကျေးရွာထဲမှာ အစိုးရတပ်က ပစ်ခတ်တာမှာ မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ လက်နက်ကြီးတွေရှိသေးကြောင်း ရွာသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကွတ်ခိုင်မြို့ နယ် ပန်ကူကျေးရွာ အနီးတစ်ဝှိက်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

ကွတ်ခိုင်ဘက်မှာ တအာင်းလက်နက်ကိုင်အဖွဲ့ နဲ့ ကေအိုင်အေအဖွဲ့တွေ အဓိက လှုပ်ရှားတဲ့နေရာဖြစ်ပြီး အစိုးရတပ်စစ်ကြောင်းတွေ သွားလာနေတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။

RFA Burmese

မှတ်ချက်များ