အမုန်းခံ၍ ချစ်မည့်သူ
(က)
ဒီနေ့ ဆရာမအသစ်တစ်ယောက် လာမည်ဆိုသော သတင်းကို ရထားပြီ။
ရာထူးတိုးပြီးပြောင်းလာသော ထိုဆရာမက ကိုးတန်း(စီ)၏ အတန်းပိုင်အဖြစ်နှင့် ရောက်လာဦးမည်။ ကိုးတန်းကျောင်းသားများဖြစ်သော စိုးအောင်တို့အုပ်စုတွင် စိုးအောင်သည်အဆိုးဆုံးဟု ဆရာများက သတ်မှတ်ထားသည်။ ဆရာမလေးများဆိုလျှင် စိုးအောင်ကြောင့် မျက်ရည်ကျရသူများသည်။
ဆရာမများ ဒေါသတကြီးနှင့် တစ်ခန်းလုံး ဆူပူကြိမ်းမောင်းလျှင်လည်း စိုးအောင်ကအပြုံးမပျက်၊ သူက မကျေနပ်လျှင် ထိုဆရာ၏ဘာသာရပ်ကို ကျက်မှတ်လေ့မရှိ၊ အပြစ်ဒဏ်ပေးလျှင် ပြုံးပြုံးကြီးခံယူတတ် ခဲ့သည်။ ကြာတော့ ဆရာမများ လက်လျှော့သွားသည်ချည်းသာ။ စိုးအောင်ဆိုလျှင် နှာခေါင်းရှုံး၍ မျက် နှာလွှဲကြစမြဲ။ သူကလည်း မမှုရေးချမမှုထဲကပင်။
‘ဟေ့ကောင်စိုးအောင်။ ဒီနေ့မြန်မာစာဆရာမ အသစ်လာမှာနော်။ မင်းကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေနဲ့’
စိုးအောင်အကြောင်းသိနေသော အတန်းခေါင်းဆောင်က ကြိုကြိုတင်တင် သတိပေးထားသည်။
‘ငါ့သဘောပါ။ မင်းဆရာမလုပ်ပါနဲ့’
စိုးအောင်က မျက်နှာထားတင်းတင်းနှင့်ပြောတော့ အတန်းခေါင်းဆောင်လည်း လက်လျှော့လိုက်ရ သည်။
စိုးအောင်၏စိတ်ထဲတွင် ဆရာမအသစ်ကို ဘယ်လိုများစရလျှင်ကောင်းမလဲဟုတွေးရင်း စားပွဲကိုတ ဒေါက်ဒေါက်ခေါက်၍ စည်းချက်လိုက်နေသေးတော့သည်။
(ခ)
‘မင်္ဂလာပါဆရာမ . . .’
‘အေးအေး . . မင်္ဂလာပါကွယ်။ ထိုင်နိုင်ကြပါပြီ’
တစ်ခန်းလုံး မတ်တတ်ရပ်၊ လက်အုပ်ချီ၍နှုတ်ဆက်အပြီး ဆရာမကထိုင်ခိုင်းသည်။ ဆရာမလေးက လည်း အသက်ငယ်ငယ်လေး။ ရှိလှသုံးဆယ်ကျော်ရုံရှိဦးမည်။ အသားဖြူဖြူ၊ အရပ်ပုပုလေးနှင့် ပိန်ပိန် ပါးပါးလျလျလေး။ ကျောင်းဝတ်စုံဝတ်ထားပေမယ့် ဆံထုံးသာ ထုံးမထားလျှင် ကျောင်းသူဟုထင်ရ သည်။ စာတော်ကြောင်း၊ အသင်အပြကောင်းကြောင်း၊ စေတနာထားကြောင်း . . . သတင်းကောင်း တွေ ဂုဏ်ပုဒ်တွေကိုလည်း ကြိုတင်ကြားထားပြီးပြီ။ ထိုသို့သော ဆရာမလေးကရော သူ့ကိုအထင် သေးဦးမှာလားဟု တွေးမိနေသည်။ ဆရာမလေး သတိထားမိသွားအောင် တစ်ခုခုလုပ်လိုက်ဖို့ သူသ တိရသွားပြီး တောင့်တောင့်ကြီး ရပ်နေလိုက်သည်။
‘သားရေ . . . ထိုင်လို့ရပြီလေ . . . ဘာအခက်အခဲရှိလို့လဲ’
‘မရှိပါဘူးဆရာ။ သားအရပ်အတိုင်းနေတာပါ’
‘ဘယ်သူနဲ့အရပ်တိုင်းတာလဲ’
‘ဆရာမနဲ့ပါ’
တစ်ခန်းလုံး တဝါးဝါး တဟားဟား ပွဲကျသွားတာကို ဆရာမလေး၏ မျက်နှာနီသွားချိန်တွင် စိုးအောင် သဘောကျကျေနပ်နေပြီ။ ဆရာမလေးက သူ့ကိုစူးစူးစိုက်ကြည့်ပြီး မျက်နှာလွှဲသည်။ အရပ်ပုတာကို လှောင်သလိုဖြစ်သွားခြင်းအတွက် စိတ်ဆိုးပေမယ့် ဘာမှမပြောဘဲ ခပ်ဆိတ်ဆိတ်နေလိုက်သည်။
ဆရာမအသစ်တော့ ခံလိုက်ရပြန်ပြီဟု သူ့ဘေးမှ ဇော်ထူးကမြှောက်ပြောတော့ စိုးအောင်က ကျေနပ် လို့မဆုံး
(ဂ)
ဆရာမအသစ်၏ နာမည်ကို ဒေါ်စုစုလတ်ဆိုတာ သိကတည်းက စိုးအောင်အကြံတစ်ခုရသွားပြီ။ ဆရာ မ၏ကွယ်ရာမှာ ဆရာမကို ဒေါ်ပုပုပြတ်ဟု နာမည်ပြောင်းပေးလိုက်၏။
မြန်မာစာ ဆရာမဖြစ်၍ ကဗျာအကြောင်း၊ သဒ္ဒါအကြောင်းစကားပြောအကြောင်း စသည်ဖြင့်ပြောလို့ မဆုံးတော့။ မြန်မာစာများသည်လောက်တော့ အာပေါက်အောင်သင်စရာလိုလို့လားဟု စိုးအောင်တွေး သည်။ သည်ဆရာမကိုက ပြောချင်ဆိုချင်နေပုံရသည်ဟု ထင်နေမိပြီး မြန်မာစာအချိန်ဆိုလျှင် သူစိတ် ဝင်စားမှုနည်းပါးလာသည်။
အိပ်ငိုက်ချင် ငိုက်နေမည်။ အရုပ်ဆွဲချင်ဆွဲနေမည်။ စာတော့လိုက်ရေးလေ့မရှိ။ ဒါကိုပင်ဆရာမက အပြစ်ကြီးတစ်ခုလုပ်၍ ဒဏ်ပေးလေ့ရှိသည်ကို စိုးအောင်ဘဝင်မကျ။ တမင်သက်သက်မုန်း၍ နှိမ်သည် ဟုသာထင်နေသည်။
ရှေ့တွင်ဆရာမက စာသင်နေပေမယ့် စိုးအောင်က အိပ်ငိုက်ချင်ယောင်ဆောင်နေသည်။ ဆရာမအသံ ကိုမကြားတစ်ချက်၊ ကြားတစ်ချက်နှင့်။
‘ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးနေတဲ့ ခုအချိန်မှာတော့ သစ်ပင်ပန်းမန်တွေ စိုက်ပျိုးဖို့ လိုအပ်တာအမှန်ပဲ။ အိမ်ရှေ့မှာ ပန်းပင်တွေစိုက်ပျိုးပြီး အိမ်နောက်ဖေးမှာတော့ စားပင်တွေစိုက်ကြရ မှာပေါ့။ ဈေးမှာဝယ်စားဖို့မလိုတော့ဘဲ ဈေးဖိုးကာမိသွားမှာပေါ့ကွယ်။ အဲဒါကိုအိမ်နောက်ဖေး ဈေးဆိုင် တည်လို့ ပြောကြတယ်နော်’
ဆရာမက အသံချိုချိုအေးအေးနှင့် စာသင်နေချိန်တွင် စိုးအောင်စားပွဲပေါ်အိပ်နေတာကို မြင်ပြီ။ အတန်းထဲမှာဆရာမစာသင်နေတာ သိပါလျက်နှင့် မထီမဲ့မြင့်လုပ်နေသော စိုးအောင်ကိုအလွတ်မပေး ဘဲ စာမေးလိုက်သည်။
‘စိုးအောင်၊ ဆရာမသင်နေတာကို ကြားရဲ့လား’
‘ကြားပါတယ်ဆရာမ’
ခေါင်းထောင်၍ မျက်လုံးကိုပွတ်ရင်းဖြေသော စိုးအောင်၏ဟန်က ရယ်စရာကောင်းနေပြီ။ အတန်းသား များက တဟိဟိတခွိခွိနှင့် ရယ်ဖို့တာစူနေပေမယ့် ဆရာမ၏ မျက်နှာထားတင်းတင်းကြောင့် မရယ်ရဲ သေး။ ဆရာမက -
‘ကြားရင်ဖြေပါဦး။ အိမ်နော်ကဖေးမှာ ဘာရှိရမလဲ’
ဆရာမက အသံမာမာတင်းတင်းနှင့်မေးတော့ စိုးအောင် မျက်လုံးကျယ်သွားပြီ။
စိုးအောင်စဉ်းစားသည်။ စောစောကအိပ်ချင်ယောင်ဆောင်ရင်း တကယ်အိပ်ပျော်သွားတာ။ ဆရာမ ဘာသင်လိုက်မှန်းမသိ။ အိမ်နောက်ဖေးမှာ သစ်ပင်စိုက်၊ စားပင်စိုက်ဆိုတာတော့ ကြားမိသလိုလို။ ဒါပေမဲ့ ကိုယ့်ကိုရယ်ချင်ပက်ကျိနှင့် ဝိုင်းကြည့်နေသော အတန်းသားများကို ရယ်စရာလုပ်ပြချင်နေ သည်။ ဆရာမလေးကိုလည်း စချင်နောက်ချင်နေသည်နှင့် ဖြေချလိုက်တော့၏။
‘အိမ်နောက်ဖေးမှာ အိမ်သာရှိရပါမယ် ဆရာမ’
‘ဝါးဟား . . ဟား . . ဟား
တစ်ခန်းလုံးရယ်သံဖုံးသွားသည်။ စိုးအောင်က အကျေနပ်ကြီးကျေနပ်နေတော့၏။
(ဃ)
ဆရာမလေး စုစုလတ်က စိုးအောင်ကိုမနိုင်ကြောင်း အတန်းသားတို့ ပြောမဆုံး။ ရယ်ပွဲဖွဲ့မဆုံး။ ဒါကိုပဲ စိုးအောင်က ဂုဏ်ယူမဆုံး။ သူ့ကိုယ်သူ အောင်နိုင်သူကြီးလို ခေါင်းမော့ရင်ကော့ထားစမြဲ။
ကျောင်းခန်းထဲတွင် ကျောင်းအုပ်ဆရာမကြီးက သူ့ကိုအေးအေးဆေးဆေးခေါ်၍ ဆွေးနွေးသည်။
‘ဆရာမတွေ စာသင်တာကို မင်းကအနှောင့်အယှက်ပေးနေမယ့်အတူတူ လုံးဝကျောင်းမတက်ဘဲနေ ချင်နေပေါ့။ ဘယ်နှယ့်လဲ။ ဒါမှမဟုတ်လို့ . . ကျောင်းတက်ချင်ပါတယ်ဆိုရင် ကျောင်းစည်းကမ်းကို လိုက်နာပါ။ ဆရာမတွေ စာသင်ရင်စိတ်အနှောင့်အယှက် မဖြစ်ပါစေနဲ့ ဟုတ်ပြီလား’
ကျောင်းအုပ်ဆရာမကြီးရှေ့တွင် တကယ့်ယုန်ငယ်လေးကို ရိုးသားနုံအဟန်နှင့် ကတိတွေအထပ်ထပ် ပေးပြီး စိုးအောင်လိမ္မာပြခဲ့သည်။ သိပ်ကြာကြာမခံဘဲ နဂိုအတိုင်း ပြောင်းချော်ချော်လုပ်မြဲပင်။ စာမရ၍ နားထင်မှဆံပင်နု အဆွဲခံရတာ၊ ခုံပေါ်တက်၍ မတ်တတ်ရပ်ရတာ၊ ဆေးလိပ်ခိုးသောက်လွန်းလို့ နား ရွက်လိမ်ဆွဲ၊ ဗိုက်ခေါက်လိမ်ဆွဲခံရတာတွေလည်း ဖန်တရာထပ်နေပြီ။ အဆိုးဆုံးက ကျောင်းအလယ် အားကစားကွင်းထဲမှ မြက်နုတ်ခိုင်းခြင်းအထိ ဒဏ်ပေးတာကို ခံခဲ့ရသည်။ သည်ဆရာမကို စိုးအောင် လုံးဝမကျေနပ်တော့။
ဆရာမက စိုးအောင်ကိုမုန်းနေပြီဟု အတန်းသူများပြောတာကို ကြားရလေလေ . .၊ စိုးအောင် ရှက်ရမ်း ရမ်းလေလေ . . .။ ကြာတော့မြန်မာစာကိုတောင် သူညံ့လာပြီ။ မြန်မာစာကို ဥပေက္ခာပြုထားပြီ။
‘စိုးအောင်၊ ပုံနှိပ်စာအုပ်ထုတ်လို့ ပြောနေတာကြားလား’
‘ကြားပါတယ် ဆရာမ။ စာအုပ်ပါမလာလို့ပါ’
‘ကျောင်းသားတစ်ယောက်ချင်းဆီမှာ အချိန်ဇယားတွေရှိကြပြီးသားနော်။ ဒီနေ့မြန်မာကဗျာသင်မယ်ဆို တာသိရက်နဲ့ စာအုပ်ယူမလာတာ မဟုတ်လား။ အေး-မင်းမသင်ချင်ရင် ငြိမ်ငြိမ်လေးထိုင်နေ။ ဘေးက ကျောင်းသားတွေကို အနှောင့်အယှက်မဖြစ်စေနဲ့’
ဆရာမက အသံမာဆတ်ဆတ်နှင့်ပြောပြီး စာဆက်သင်သည်။ စိုးအောင်ကို လှည့်မကြည့်ဘဲ ဥပေက္ခာ ပြုထားကာ တည်တည်ငြိမ်ငြိမ် သင်ပြနေသည်။ အတန်းသားများကလည်း ဆရာမစာသင်ကြားမှုကို စိတ်ပါဝင်စားစွာ သင်ယူနေဆဲဖြစ်၍ စိုးအောင်အကြံထုတ်နေတာကို မသိကြ။
‘တပည့်တို့ရေ ပုရွက်ဆိတ်နဲ့ နှံကောင်အကြောင်း ကြားဖူးကြတယ် မဟုတ်လားကွယ် . . .။ ပုရွက် ဆိတ်လေးက မိုးတွင်းစာအတွက် နွေကာလကတည်းက အစာစုဆောင်းတဲ့ အကျင့်ရှိတယ်နော်။ အဲ အတောင်ရှည်ရှည်၊ ပေါင်တံရှည်ရှည်နဲ့ နှံကောင်ကတော့ အစာမစုဘဲ ပျော်ပါးနေခဲ့တယ်။ ခုန်ခွခုန်ဆွနဲ့ အပျော်လွန်နေလိုက်တာ မိုးအခါလဲရောက်ရော အစာငတ်လို့သေမှာကြောက်ပြီး ငိုကြွေးသတဲ့လေ။ အဲဒါတွေ ကြားဖူးပြီးသားမဟုတ်လား’
‘ကြားဖူးပါတယ် ဆရာမ’
‘ကဗျာလေး တစ်ပုဒ်ရှိတယ်။ ဆရာဂုဏ်ဝင်းရဲ့ ကဗျာကိုရွတ်ပြမယ်။ နားထောင်နော်။ ခုန်ဆွခုန်ဆွ ဦးနှံ ကောင်၊ ရှည်လည်းရှည်တဲ့ပေါင်၊ အတောင်လည်းညောင်း၊ အူဟောင်းလောင်း၊ သူများဆီကတောင်း . . . တဲ့။ နောက်တစ်ပိုဒ်ကျော်မှာတော့ မတ်တတ်ရပ်လို့ တွင်းဝငို၊ နှံကောင်ကလို့ခုန်ပေါက်၊ စိတ်တွေ ပျောက်၊ သေမှာအလွန်ကြောက် . . . တဲ့။
ဆရာမက ကဗျာကိုရပ်ထားပြီး စိုးအောင်ထံ လှမ်းကြည့်သည်။ စိုးအောင်ပဲ ဘယ်အညံ့ပေးလိမ့်မလဲ။ ခေါင်းငုံ့ပြီး စားပွဲကိုလက်ညှိုးနှင့် တဒေါက်ဒေါက်ခေါက်နေလိုက်သေး။ စိတ်မဝင်စားဘူးဆိုသောသ ဘော။ ဆရာမလေးက အသံကိုပိုမြှင့်လိုက်ပြီး -
‘ကဲ . . ကဗျာလေးကိုဆက်ပြီး နားထောင်ပါဦးကွယ်။ ကဗျာရဲ့အဆုံးပိုဒ်မှာတော့ နောက်မှငိုရ၊ ထို နောင်တ၊ ရှုကြဦး နှံကောင်၊ ဥစ္စာတစ်ခု၊ ပညာစု၊ တုပ၊ ပုရွက်ယောင်တဲ့။ တပည့်တို့အနေနဲ့ နှံကောင် ကိုသင်ခန်းစာယူပြီး ပုရွက်ဆိတ်ကို အတုယူကြရမယ်နော်။ ဒါမှစာမေးပွဲကြီးနီးတဲ့အခါမှာ တပည့်တို့ရဲ့ မှတ်ဉာဏ်ထဲမှာ စာတွေသိုမှီးပြီးသားဖြစ်မှာပေါ့ကွယ်’
‘ဟုတ်ကဲ့ပါ ဆရာမ’
တစ်တန်းလုံးက ညီညီညာညာပြောကြပေမယ့် စိုးအောင်က မကြားသလို လုပ်နေသည်။ ဆရာမက စိတ်မရှည်စွာဖြင့်-
‘စိုးအောင် . . . မင်းရောစာတွေဘယ်လောက် သိုမှီးထားပြီးပြီလဲဆိုတာ ဆရာမကိုပြောပါဦး’
ဆရာမအသံကို ကြားရရုံနှင့် ဆရာမ၏ဒေါသကို မှန်းလို့ရနေပြီ။ စာသင်တာကို စိတ်မပါသလို နေရ ကောင်းလားဟု ဆရာမဒေါသဖြစ်နေလောက်ပြီ။ ဒါကိုပဲတွေး၍ သူကျေနပ်မိပြန်သည်။ သူ့ကိုမှရွေးပြီး အတန်းသားတွေရှေ့မှာ အရှက်ရစေဦးမှာကို သိနေပြီမို့ မထူးတော့ဘူးဟု တွေးလိုက်သည်။ ဆရာမ တစ်ခုခုခံစားရအောင်လုပ်ဖို့ သူစိတ်ကူးရလိုက်သည်နှင့် -
‘ကျွန်တော် စာမမွေးဘူးဆရာမ။ ဆန်ကွဲဈေးကြီးလို့ပါ’
တစ်တန်းလုံး ပွဲကျသွားပြန်သည်။ စိတ်မထိန်းနိုင်သောဆရာမက လက်ထဲ၌အဆင်သင့်ရှိနေသော ဘောဖျက်နှင့် ပစ်ပေါက်လိုက်သည်။
(င)
စိုးအောင် ကျောင်းမတက်နိုင်တာ တစ်ပတ်ကျော်သွားပြီ။ ဆရာမ၏ဘောဖျက်ရိုက်ချက်ကြောင့် စိုး အောင်နဖူး ဒဏ်ရာရနေသည်။ အစကတော့ မှတ်လောက်သားလောက် ဖြစ်သွားအောင်ဆိုပြီး သတင်း မမေးဘဲ ပစ်ထားလိုက်သည်။
ခုတော့မနေနိုင်။ စိုးအောင်စာမေးပွဲမဖြေနိုင်လျှင် တစ်နှစ်နစ်နာမှာကို ပူပန်မိပြန်သည်။
‘သားတို့ သမီးတို့ရေ စိုးအောင်ဆီရောက်ကြသေးလားကွယ်’
မနေနိုင်လွန်းတာကြောင့် စိုးအောင်သတင်းကို မေးမိပြီ။
‘စိုးအောင်က ဆရာမကို မလေးစားလို့ မဟုတ်ပါဘူးတဲ့။ ဆရာမက သူ့ကိုမှရွေးပြီး အပြစ်ဒဏ်ပေးတာ၊ သူ့ကိုမှရွေးပြီး မုန်းနေတာသိရလို့ ဆရာမစာသင်ချိန်မှာ နောက်ပြောင်မိတာပါတဲ့။ ကျောင်းပြန်တက် လို့ရရင်တောင် ကျောင်းမတက်တော့ပါဘူးတဲ့ ဆရာမရယ်။ စိုးအောင်က ဆရာမကိုသိပ်ကြောက်နေပါ ပြီ . . . ။ စိုးအောင်ငိုတော့ ကျွန်မတို့လဲ ဝိုင်းငိုမိတော့တယ် ဆရာမရယ် . . .’
နွေးနွေး၏ အသံတုန်လေးနှင့် ပြောသောစကားကို ကြားလိုက်ရတော့ ဆရာမလေးမျက်ရည်ဝဲရပြီ။ သည်လိုခံစားစေရအောင် မရည်ရွယ်ပေမယ့် စိုးအောင်ကတော့ ခံစားနာကျင်နေရှာပြီကောဟု ဆရာမ တွေးမိလိုက်သည်။ စိုးအောင်ကို ဖျောင်းဖျဖို့တော့ လိုနေပြီ။ သူ့နဖူးမှာဒဏ်ရာရတာထက် သူ့နှလုံးသား မှာဒဏ်ရာရသွားမှာကို ပူပန်မိသည်။ ဆရာမဆိုတော့ တပည့်အားလုံးကို ချစ်တာချည်းပါပဲ။ စာတော် သောတပည့်ကို ပိုပြီးအားပေးသလို စာညံ့သောတပည့်ကိုလည်း ပို၍ဖေးမရသည် မဟုတ်ပါလား . . ။
စိုးအောင် စာညံ့မှာစိုး၍ ဂရုစိုက်မိလေလေ . . . စိုးအောင်ကို အပြစ်ရှာသလိုဖြစ်လေလေ။ ဒါကိုစိုး အောင်ကတလွဲတွေး၍ ဝမ်းနည်းနာကျင်နေလျှင် ဆရာမနှင့်ရင်ဆိုင်မိဖို့အတွက် တွေးရဲတော့မည်မ ထင်။ ဒါဆိုလျှင် စိုးအောင်၏ ပညာရေးခရီးက အံချော်မှုကြားမှာ ရှုံးနိမ့်ပေဦးတော့မည်လေ . . .။ ဝမ်း နည်းနေသောနွေးနွေးကို ခေါင်းလေးပွတ်၍ -
‘အေး . . အေး ဆရာမလဲစိုးအောင်ဆီကို သွားပါဦးမယ်ကွယ်။ ညနေကျောင်းလွှတ်ရင် သွားကြတာ ပေါ့။ ကဲ . . . ကဲစာသင်ကြရအောင်နော်’
(စ)
စိုးအောင်တို့ ခြံဝရောက်တော့ အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ဖျာချောလေးနှင့် ထိုင်နေသော စိုးအောင်ကို လှမ်းတွေ့လိုက်ရသည်။
ပန်းအလှပင်၊ သီးပင်များဖြင့် စိမ်းလန်းနေသော စိုးအောင်တို့ခြံလေးက ဆရာမ၏ရင်ကို အေးမြစေပြီ။ စိုးအောင်စိုက်ထားသောအပင်များဟု ဇော်မိုးပြောပြတော့ တပည့်လေးစိုးအောင်၏ အနေအထားကို မှန်းလို့ရလိုက်သည်။ ဆရာမ၏ သင်ကြားပြသမှုကို လိုက်နာရှားသားပဲဟု ပီတိဖြစ်မိသေးရဲ့။ စိုးအောင် ၏နဖူးနှင့်မျက်နှာတစ်ခြမ်းယောင်နေတာကိုမြင်တော့ ရင်ထဲနာသွားရသည်။
‘သား . . စိုးအောင်’
‘ဟင် . . ဆရာမ။ ကျွန်တော်ခွင့်စာထပ်ပို့ထားပါတယ် ဆရာမ၊ လူကြုံက မပို့သေးလို့ဖြစ်မှာပါ ဆရာမ ရယ် . . .’
လက်အုပ်လေးချီပြီး ထိတ်ထိတ်ပျာပျာနှင့် ပြောနေသောစိုးအောင်ကိုမြင်ရတော့ ဆရာမရင်ထဲနင့်ခနဲ ဝမ်းနည်းသွားသည်။ ဆူပူကြိမ်းမောင်းဖို့လာတယ်၊ အထင်ရောက်နေဟန်ဖြင့် စိုးအောင်မျက်လုံးလေး ဝိုင်းနေပြီ။ စိုးအောင်က အနားမှာဝိုင်းထိုင်ကြပြီး ဆရာမက -
‘အို - ခွင့်စာကြောင့်မဟုတ်ပါဘူးသားရယ်။ မင်းရဲ့ဒဏ်ရာကို ကြည်ဖို့လာတာပါကွယ်။ သားရဲ့ဒဏ်ရာ ပျောက်ရင် စာကျက်ဖို့ အဆင်သင့်ဖြစ်အောင် ဇော်မိုးနဲ့နွေးနွေးကို စာကူးခိုင်းထားတယ်နော်။ သားနေ ကောင်းရင် ကျောင်းပြန်တက်နော်။ နားမလည်တဲ့စာတွေ ဆရာမရှင်းပြမှာပါ။ စာမေးပွဲဖြေနိုင်အောင် ဆရာမလဲဝိုင်းကူသင်ပြမှာပေါ့ကွယ်’
အသံအေးအေးဖြင့် စိုးအောင်ကို ရှင်းပြတော့မှ စိုးအောင်ပြုံးနိုင်တော့သည်။
‘ဟုတ်ကဲ့ပါ ဆရာမ။ သားရဲ့မေမေကပြောတယ်။ ဆရာမကို မထီမဲ့မြင်လုပ်လို့ ငရဲကြီးတာတဲ့။ သား ပြောမှားဆိုမှားရှိခဲ့တာကို ခွင့်လွှတ်ပါလို့တောင်းပန်ကန်တော့ပါတယ်။ ဆရာမသားကိုခွင့်လွှတ်ပါနော်’
စိုးအောင်က ဆရာမကိုလက်အုပ်ချီ၍ ကန်တော့သည်။ ဆရာမကလည်း ဆုတွေတတွတ်တွတ်ပေး သည်။ ဆရာမ၏နှလုံးသားတွင် ပီတိဖြစ်ရခြင်းနှင့်အတူဝမ်းနည်း ဝမ်းသာဖြစ်ရသေးသည်။ စိုးအောင် နားလည်အောင် တစ်ခုခုပြောပြဖို့ လိုသေးသည်ကိုဆရာမတွေးမိနေသည်။ ဒဏ်ရာရသွားစေခြင်းအ တွက်လည်း သူ့ဘာသာနောင်တရမိပြီ။
‘သားကို ဆရာမက ခွင့်လွှတ်ပြီးသားပါကွယ် . . .။ စာကျက်စေချင်လို့၊ စာမေးပွဲအောင်စေချင်လို့၊ လိမ္မာယဉ်ကျေးစေချင်လို့ဆိုတဲ့ စေတနာတွေနဲ့ သားကိုစာတွေဖိမေးမိခဲ့တာပါ။ ဒဏ်ပေးတယ်ဆိုတာ လဲရှက်ပြီး စာတွေပိုကျက်အောင်လို့ပါပဲကွယ် . . ။ သားလဲပန်းစိုက်သမားတစ်ယောက်ပဲ။ ဘယ်ပန်းကို တော့ပိုလှစေ၊ ဘယ်ပန်းကိုတော့ ပိုးထိစေဆိုတဲ့ စိတ်မျိုးမရှိဘူးမဟုတ်လား . . .။ ပန်းလေးတွေ ပိုး ကိုက်လို့ပဲကြွေကြွေ ပန်းစိုက်သမားကတော့ ယူကျုံးမရနှမြောတသ ဖြစ်ရတာပါပဲကွယ် . . ။ ဆရာဆို တာ ကိုယ့်တပည့်တွေ အားလုံးကို လူတော်လူကောင်းဖြစ်စေချင်တယ်။ နိုင်ငံ့သားကောင်း ဖြစ်စေချင် တယ်။ ဘယ်တပည့်ကိုတော့ တော်စေ၊ ဘယ်တပည့်ကိုတော့ ချော်စေဆိုတဲ့ စိတ်ထားမျိုးမရှိကြဘူး။ မေတ္တာ၊ စေတနာအပြည့်နဲ့ လေ့ကျင့်ပျိုးထောင်ပေးနေတယ်ဆိုတာ ယုံပါကွယ် . .’
အေးဆေးညင်သာပြောပြနေသော ဆရာမ၏ဆုံးမစကားအဆုံးတွင် စိုးအောင်၏ မျက်ဝန်းမှ မျက်ရည် နွေးများတလိမ့်လိမ့်ကျနေပါပကောလား။
မြတ်ဆရာ မဂ္ဂဇင်း

မှတ်ချက်များ