ဆူးလေစေတီသည် မဟာဗန္ဓုလလမ်းနှင့် ဆူးလေဘုရားလမ်း ဆုံရာတွင် ရှိပြီး ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် တည်ရှိပါတယ်။ ဖိနပ်တော်မှ စိန်ဖူးတော်ထိ ၁၅၂ပေ မြင့်မားပြီး ဂေါတမမြတ်စွာဘုရား၏ ဆံတော်တစ်ဆူကို ဌာပနာထားပါတယ်။
ကျိုက္ကစံဘုရားမှတ်တမ်းအရ သာသနာသက္ကရာဇ် ၂၃၉ခုတွင် သိရိလင်္ကာမှ ရဟန္တာရှစ်ပါးသည် မြတ်ဗုဒ္ဓ၏ ဆံတော်နှင့် ဓာတ်တော်များကို ဘောဂသေနမင်း (မွန်ဘုရင် သထုံမင်း၏ သားတော်ဖြစ်ပြီး သံလျင် ကျောင်းတန်းဘက်တွင် မင်းအဖြစ် စိုးစံခဲ့သော မင်း) အား ဓမ္မလက်ဆောင်အဖြစ်ပေးပြီး စေတီများ တည်ထားနိုင်ရန် ကူညီပေးခဲ့ကြပါတယ်။ ရဟန္တာသိမ်တော်ကြီး တည်ဆောက်စဉ်အတွင်း ရဟန္တာရှစ်ပါးမှ တစ်ပါး ပျံလွန်တော်မူသဖြင့် ဘောဂသေနမင်းမှာ ဝမ်းနည်းပြီး စိတ်အားလျော့ခဲ့ပါတယ်။ ထို့ကြောင့် အသုတ်အမတ်ကြီးအား ဆံတော်တစ်ဆူပေး၍ စေတီတည်ရန် တာဝန်ပေးခဲ့ပါတယ်။ စေတီတည်ခြင်း ပြီးစီးသောအခါ မွန်ဝေါဟာရဖြစ်သော ကျိုက် ဆိုသော စာလုံးနှင့် အမတ်ကြီး၏အမည် အသုတ် ကို ယူကာ ကျိုက်အသုတ်ဟု ဘွဲ့အမည်ပေးခဲ့ပါတယ်။
မွန်ဘုရင် ရာဇဓိရာဇ် အရေးတော်ပုံကျမ်းတွင် - ဟံသာဝတီဘုရင် ဆင်ဖြူရှင်မင်း အမည်ခံ ဗညားဦးသည် ဒဂုံဆံတော်ရှင် (ရွှေတိဂုံစေတီ) ကို ဖူးမျှော်ရန်လာရာလမ်းတွင် "အသုတ်ဘုရားရှင် ပြာဋိတ်ပြတော်မူ၏" ဟု လည်ကောင်း၊ ဗညားနွဲ့သည် ဖမည်းတော်ဘုရင်ဗညားဦးကို ပုန်ကန်ပြီး ဒဂုံ (ရန်ကုန်) သို့ ထွက်ပြေးစဉ် "ကျိုက်အသုတ်ဘုရားနှင့် ပါရမီဘုရား အကြားတွင် တိုင်ပင်ပွဲရုံး တည်ဆောက်၏" ဟုလည်းကောင်း ဖော်ပြထားပါတယ်။ ဟံသာဝတီဘုရင်မကြီး ရှင်စောပု၏ မှတ်တမ်းများတွင် ဘုရင်မကြီးသည် ဒဂုံစေတီတော် (ရွှေတိဂုံစေတီတော်) ကို ရွှေသင်္ကန်းချပြီးနောက် ကျိုက်အသုတ်စေတီကို ထပ်မံ ပြုပြင်မွမ်းမံ ချဲ့ထွင်းတော်မူခဲ့သည်ဟု ဆိုထားပါတယ်။ ထိုသမိုင်း အထောက်အထားများလာ ကျိုက်အသုတ်စေတီတော်၏ တည်နေရာမှာ ယခု ဆူးလေစေတီတော် တည်နေရာဖြစ်နေသဖြင့် ကျိုက်အသုတ်စေတီနှင့် ဆူးလေစေတီမှာ တစ်ဆူတည်းပင်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ဆူးလေဝေါဟာရ ပေါ်ပေါက်ပုံကို အမျိုးမျိုးဖော်ပြကြပါတယ်။ အင်္ဂလိပ်လက်အောက်ရောက်စဉ်က အင်္ဂလိပ်စစ်ဗိုလ်ဆလေသည် အလံပြကုန်းသို့ မရွှေ့ပြောင်းမီ နေသွားသောကြောင့် ဆလေကုန်း ထို့မှ ဆူးလေကုန်းဟု တွင်သည်ဟူ၍လည်းကောင်း၊ ဆံကျစ်တော်ကို ဌာပနာပြီး တည်၍ စူဠ ထို့မှ ဆူးလေ ဟူ၍လည်းကောင်း၊ ရှေးအခါက ဆူးလေနတ်ကို ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရားလေးဆူလုံးကို မှီ၍ လေးဆူနတ်ဟု ခေါ်တွင်ပြီး ထိုနတ်မင်းနေသောကုန်းကို လေးဆူကုန်း ဟုခေါ်ခဲ့ကြပြီးမှ ဆူးလေကုန်းဟု အဆင့်ဆင့်ပြောင်းလဲလာသည်ဟူ၍လည်းကောင်း အမျိုးမျိုး ကွဲလွဲ၍နေပါတယ်။
ရွှေတိဂုံစေတီတော် ဘုရားသမိုင်းကြောင်းလာ ဆူးလေမှာ - ဘီစီ ၅၈၈ခု ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကာလတွင် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်နှစ်ပါးသည် ဂေါတမ မြတ်စွာဘုရားထံမှ ဆံတော်ရှစ်ဆူ ရရှိခဲ့ပါတယ်။ ဆံတော်တို့အား ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ပင့်ဆောင်လာကြပြီး ဥက္ကလာပမင်းထံ ဆက်သကာ စေတီတည်ရန် နေရာရှာဖွေကြပါတယ်။ ထိုသို့ရှာဖွေရာတွင် ယခုအခေါ် ဆူးလေကုန်းတော်ပေါ်တွင် မင်း၊လူ အများ စုဝေးကာ တထောက်နားကြပါတယ်။ လူအများ စုဝေးသည်ကို အစွဲပြုပြီး စုဝေး ဟုခေါ်ဆိုရာမှ နောင်တွင် ဆူးလေဟု ပြောင်းလဲလာသည်ဟု ဆိုထားပါတယ်။ သို့သော် ဓမ္မစေတီမင်းလက်ထက် ခရစ်နှစ် ၁၄၈၅ခုက ရေးထိုးခဲ့သည့် ရွှေတိဂုံသမိုင်း ကျောက်စာတွင်မူ "စုဝေး"အကြောင်း မပါဝင်သဖြင့် ရှေ့ကဆိုခဲ့သော သမိုင်းကြောင်းမှာ ဒွိဟဖြစ်စရာ ဖြစ်ခဲ့ရပါတယ်။
အင်္ဂလိပ်ခေတ်က ရန်ကုန်မြို့ တည်ဆောက်ရေးတွင် လမ်းဖောက်ရန်အလို့ငှာ ဆူးလေစေတီကို ဖြိုရန်ကြံခဲ့ကြသဖြင့် ဝိတိုရိယဘုရင်မထံ စာတင်အသနားခံခဲ့ကြပါတယ်။ ခြောက်လကြာခဲ့ပြီး ဝိတိုရိယဘုရင်မမှ ကန့်ကွက်သဖြင့် ဆူးလေစေတီကို မဖြိုဖျက်တော့ပဲ စေတီကိုပတ်ကာ လမ်းဖောက်ခဲ့ကြပါတယ်။ ဆူးလေစေတီကို ကပ်ကျော်စေတီ ဟူ၍လည်း ခေါ်ကြပါသေးတယ်။ စေတီဖွင့်ချိန်မှာ နံနက် ၄:၀၀နာရီမှ ည၁၀:၀၀နာရီထိ ဖြစ်ပြီး နိုင်ငံခြားသားများ လာရောက်လေ့လာလျှင် အမေရိကန် ၃ဒေါ်လာ ကောက်ခံပါတယ်။
Ref: ဆူးလေစေတီသမိုင်း၊ ဘုံပျံဆရာတော်ရေးသားသော ဗိုလ်တထောင်စေတီသမိုင်း၊ ရွှေတိဂုံစေတီသမိုင်း၊ wiki
Stacy Chan (ရိုးရာလေး)

မှတ်ချက်များ