ဝက်ဝံလည်စိကို တံတောင်နဲ့တွတ်ပြီး သေဘေးကလွတ်လာတဲ့ မုဆိုးတစ်ဦး


အမေရိကန်၊ မွန်တားနာပြည်နယ်က မြှားပစ်မုဆိုးတစ်ယောက်ဟာ မြောက်အမေရိက၀က်ဝံကြီး (Grizzly) တစ်ကောင်ရဲ့ ကုတ်ဖဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရရာမှ ၀က်ဝံကြီးရဲ့လည်စိကို တံတောင်နဲ့တွတ်ပြီး အသက်ရှင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၀က်ဝံလည်စိကို တံတောင်နဲ့တွတ်ရတယ်ဆိုတဲ့ သူ့အဖွားရဲ့ နည်းပေးလမ်းပြခဲ့မှုကို သွားသတိရပြီး အခုလိုလုပ်နိုင်ခဲ့တာပါ။

ဒီအာဂမုဆိုးရဲ့နာမည်ကတော့ Chase Dellwo ဖြစ်ပြီး အစ်ကိုဖြစ်သူနဲ့ ချိုတီအူမြို့ အနောက်မြောက်ပိုင်းမှာ အမဲလိုက်ခဲ့ရာကနေ ပေါင် ၄၀၀လောက်ရှိတဲ့ Grizzly ၀က်ဝံကြီးနဲ့ မျက်နှာချင်းဆိုင်တွေ့ခဲ့တာဖြစ်ပါတယ်။ သမင်အုပ်ကို သူ့အစ်ကိုစောင့်နေတဲ့နေရာစီ မောင်းဖို့အတွက် ရေစီးကြောင်းတစ်လျှောက် လမ်းလျှောက်နေခဲ့တဲ့အချိန်မှာပါ။

ဝက်ဝံကြီးကိုသတိထားမိတော့ သူနဲ့ ၃ပေပဲကွာပါတော့တယ်။ Grizzly ၀က်ဝံကြီးက အိပ်နေတာဖြစ်ပြီး နှင်းတွေ၊ မိုးတွေ၊ လေတွေကြောင့် သူလာတာကိုမြင်ပုံမရဘူးလို့ဆိုပါတယ်။ ၀က်ဝံက Dellwo ရဲ့ခြေထောက်ကိုနင်းပြီး ခေါင်းကိုမကိုက်ခင်မှာ ခြေလှမ်းနည်းနည်းဆုတ်ချိန်ပဲရှိခဲ့တယ်လို့ သူကပြောပါတယ်။

“သူက ကျွန်တော့်ကိုသွားခွင့်တော့ ပြုခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော့်ကိုတော့ ဟိန်းဟောက်နေတုန်းပဲ၊ ကြားဖူးသမျှထဲမှာ အကျယ်ဆုံးဟိန်းသံပဲ။ ဟိုးအရင်တုန်းက ကျွန်တော့်အဖွားပေးခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်ကိုသွားသတိရတယ်။ သားကောင်ကြီးတွေမှာ ချက်ကောင်းတွေရှိတယ်တဲ့။ ဒါကြောင့် သူ့လည်စိကို ကျွန်တော့် ညာတံတောင်နဲ့တွတ်ခဲ့တာ။” လို့ သူကပြောပါတယ်။

သူ့အကြံက တကယ်ပဲအလုပ်ဖြစ်ခဲ့ပါတယ်။ ၀က်ဝံကြီးက လှည့်ပြေးသွားခဲ့တယ်လေ။

Dellwo က သူ့အစ်ကိုစီရောက်အောင်သွားခဲ့ပြီး သူ့အစ်ကိုက ဆေးရုံလိုက်ပို့ခဲ့ပါတယ်။ Dellwo ဟာ ခေါင်းနဲ့ မျက်နှာမှာ ဒဏ်ရာတွေကို ချုပ်ခဲ့ရပြီး မျက်လုံးတစ်လုံးဖူးယောင်ခဲ့ပါတယ်။ သူ့ခြေထောက်က ဒဏ်ရာပေါက်ကတော့ တော်တော်နက်ပါတယ်။

“၀က်ဝံကြီးမှာ ဘာအပြစ်မှမရှိဘူးဆိုတာ လူတိုင်းကိုသိစေချင်တယ်။ ကျွန်တော်က သူ့ကိုကြောက်အောင် သွားလုပ်ခဲ့မိတာပါ။” လို့ သူကပြောပါတယ်။

Skyler - သစ်ထူးလွင်
Ref:AP

မှတ်ချက်များ