၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မြန်မာပြည်သူတွေဟာ နှစ်ပေါင်း ၂ဝ တိတိရွေးကောက်ပွဲနဲ့ အဆက်အသွယ်ပြတ်ခဲ့ပါတယ်။
၂ဝ၁ဝ ပြည့်နှစ်မှာတော့ စစ်အစိုးရကဦးဆောင်ပြီး အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့ပေမယ့် အဓိကအတိုက်အခံ NLD ပါတီ မပါဝင်တဲ့ အချက်တစ်ခုတည်းနဲ့ ပြိုင်ဘက်မရှိတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ရပါတယ်။ ၂ဝ၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အင်န်အယ်လ်ဒီပါတီ ပါဝင်ခဲ့ပေမယ့် လွှတ်တော်အသီးသီးရဲ့ ၄၄ နေရာလောက်ကိုပဲ ယှဉ်ပြိုင်ရတဲ့ရွေးကောက်ပွဲမို့ အပြောင်းအလဲတစ်ခုကို ဖန်တီးပေးနိုင်တဲ့ ရွေးကောက်ပွဲတစ်ခု မဖြစ်ခဲ့ပါဘူး။
အခု နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက် ပွဲကတော့ မြန်မာနိုင်ငံဟာ အပြောင်းအလဲတစ်ခုကို ပီပီပြင်ပြင်ပုံဖော်ပေးနိုင်မယ့် သမိုင်းဝင် ရွေးကောက်ပွဲတစ်ခုဖြစ် လာပါလိ့မ်မယ်။ အဲဒီအတွက်လည်း ပါတီအသီးသီးဟာ ကိုယ့်ပါတီအနိုင်ရရှိရေးအတွက် အစွမ်းကုန်ပြင်ဆင်နေကြပါတယ်။ အထူးသဖြင့် အနီနဲ့အစိမ်းလို့ လူသိများတဲ့ အတိုက်အခံ NLD ပါတီနဲ့ အာဏာရ ပြည်ခိုင်ဖြိုးပါတီတို့နှစ်ဦးရဲ့ အားပြိုင်မှုဟာ အပြင်းထန်ဆုံးအနေအထားကို ရောက်ရှိလို့နေပါတယ်။
ဒီနေရာမှာ သူတို့နှစ်ပါတီရဲ့ ပြိုင်ဆိုင်မှုနဲ့အတူ ၂ဝ၁ဝ နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲနှစ်ခုကြား ခြားနားချက်တွေဟာလည်းသူတို့နှစ်ပါတီအပေါ် အခြေခံထားတဲ့ ဆက်စပ်မှုအပိုင်းတွေလည်း အများကြီးရှိနေပါတယ်။ အဲဒီရွေးကောက်ပွဲ နှစ်ခု
ကို နှိုင်းယှဉ်သုံးသပ်ကြည့်မယ်ဆိုရင် -
(၁) စစ်အစိုးရကကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ အရပ်သား
အစိုးရက ကျင်းပတဲ့ ရွေးကောက်ပွဲ။
(၂) NLD ပါတီ မပါဝင်တဲ့ရွေးကောက်ပွဲနဲ့ NLD ပါတီ ပါဝင်လာမယ့် ရွေးကောက်ပွဲ။
(၃) ပြည်သူတွေမဲပေးဖို့ စိတ်ဝင်စားမှုမရှိတဲ့ ရွေးကောက်ပွဲနဲ့ မဲပေးဖို့စိတ်ဝင်စားမှုရှိလာတဲ့ ရွေးကောက်ပွဲ။
(၄) ရွေးကောက်ပွဲကော်မရှင်အပေါ် စိတ်ဝင်စားမှုမရှိတဲ့ ရွေးကောက်ပွဲနဲ့ ကော်မရှင်အပေါ် စိတ်ဝင်စားမှုရှိလာတဲ့ ရွေးကောက်ပွဲ။
(၅) သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် မသိတဲ့ ရွေးကောက်ပွဲနဲ့ သတင်းအချက်အလက် ကျယ်ကျယ် ပြန့်ပြန့်သိလာတဲ့ ရွေးကောက်ပွဲ (အထူးသဖြင့် ဆိုရှယ်မီဒီယာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာမှု)။
(၆) နိုင်ငံတကာစောင့်ကြည့်လေ့လာသူများအား ခွင့်ပြုသည့် ရွေးကောက်ပွဲနဲ့ ခွင့်မပြုသည့်ရွေးကောက်ပွဲ။
(၇) ပြည်သူတွေ အကြောက်တရားအောက်က မဲပေးတဲ့ရွေးကောက်ပွဲနဲ့ ပြည်သူတွေ အကြောက်တရားလျော့ပါးလာတဲ့ ရွေးကောက်ပွဲ။
(၈) တစ်ဖက်နဲ့တစ်ဖက် မဲဆွယ်စည်းရုံးရေး ပြိုင်ဆိုင်မှုလုံးဝမရှိတဲ့ ရွေးကောက်ပွဲနဲ့ မဲဆွယ်စည်းရုံးရေး ထိပ်တိုက်ပြိုင်ဆိုင်မှုရှိတဲ့ ရွေးကောက်ပွဲဆိုပြီး ယေဘုယျအချက် ရှစ်ချက်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဒီမိုကရေစီနေ့စဉ်သတင်းစာမှ စာတည်းမှူးဦးလှိုင်ဘွားက သူ့အမြင်ကို အခုလိုပဲ ပြောပြပါတယ်။
''၂ဝ၁ဝ နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ နှစ်ခုရဲ့ အဓိကခြားနားချက်ကတော့ စစ်အုပ်ချုပ်ရေးအောက်က ကျင်းပတာနဲ့အရပ်သားအုပ်ချုပ်ရေးအောက်က ကျင်းပတာဆိုတဲ့အချက်ပဲ။ အဲဒီနှစ်ချက်ပေါ်မှာ အခြေခံပြီး မဲပေးတဲ့ ပြည်သူတွေကြားမှာလည်း အကြောက်တရား ရှိတာနဲ့မရှိတာ ကွာဟချက်ကြီး အများကြီး ဖြစ်သွားနိုင်ပါတယ်''လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ စစ်တပ်အသွင်ပြောင်းပါတီ ဖြစ်နေလို့ ပြည်သူတွေကြားမှာ (အထူးသဖြင့် အစိုးရဝန်ထမ်းတွေ ကြားမှာ) တခြားပါတီတစ်ခုခုကို မဲပေးဖို့စိုးရိမ် ကြောက်ရွံ့မှု
တွေ များစွာရှိခဲ့ပါတယ်။ ဒါ့အပြင် အခြားပါတီတွေကလည်း ငွေကြေးအင်အားနည်းပါးမှုကြောင့် ပညာပေးလုပ်ငန်းစဉ် ကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ကိုင်နိုင်သလို မဲဆွယ်မှုလုပ်ငန်းစဉ်မှာလည်း ပီပီပြင်ပြင်မရှိခဲ့လို့ ထင်သလောက် ခရီးမပေါက် ခဲ့ရတဲ့အဖြစ်တွေ ရှိခဲ့ပါတယ်။
အဲဒီအချိန်မှာ ပြည်ခိုင်ဖြိုးပါတီက ငွေကြေးအင်အား တောင့်တင်းတဲ့အတွက် ပါတီမဲဆွယ်မှုအပိုင်းကို ကြည့်ရင် တစ်ကောင်တည်းပြေးတဲ့မြင်းလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာတော့ အနေအထားဟာ လုံးဝပြောင်းလဲသွားပါတယ်။ အဓိကအတိုက်အခံ အင်န်အယ်လ်ဒီပါတီပါဝင်လာခြင်းနဲ့အတူ မဲဆွယ်စည်းရုံးရေးမြင်ကွင်းတွေဟာလည်း ၂ဝ၁ဝ ပြည့်နှစ် မဲဆွယ်ကာလနဲ့ လုံးဝ ကွဲပြားခြားနားသွားပါတယ်။
ပါတီအလှယာဉ်တွေ၊ ပါတီတံဆိပ် နဖူးစည်းတွေ၊ စတစ်ကာတွေ၊ လက်ကမ်းစာစောင်တွေ၊ ဗီနိုင်းတွေစတဲ့ မဲဆွယ်ရာမှာအသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုဝေဝေဆာဆာ မြင်တွေ့လာရပါတယ်။ တစ်ဆက်တည်းမှာပဲ အင်န်အယ်လ်ဒီကိုယ်စားပြုအနီနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားပြု အစိမ်းဆိုပြီးနီမလား၊ စိမ်းမလားဆိုတဲ့ မဲဆွယ်သံ၊ တစ်ဖက်နဲ့ တစ်ဖက် ထိကပါးရိကပါး အပြန်အလှန် ဟောပြောစည်းရုံး သံတွေလည်း နေရာအနှံ့ ထွက်ပေါ်နေပါတယ်။
ပဲခူးတိုင်းဒေသကြီး အမှတ် (၁၁) မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအောင်ချိုဦးကတော့ ''၂ဝ၁ဝ ရွေးကောက်ပွဲက ၂ဝ၁၅ ရွေးကောက် ပွဲလောက် နိုင်ငံရေးနိုးကြားမှုမရှိခဲ့ဘူး။ အခု တစ်ကြိမ်နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ နိုင်ငံရေးနိုးကြားမှုက အရမ်းကိုကွာသွားပြီ''လို့ဆိုပါတယ်။ အဲဒီလို နိုင်ငံရေးနိုးကြားလာတာနဲ့ အမျှ ပြည်သူတွေကြားမှာ မိမိမဲပေးချင်တဲ့ ပါတီကို ရဲရဲတင်းတင်း ထုတ်ဖော်ပြောဆိုလာတာ၊ မိမိ မကြိုက်တဲ့ပါတီကို မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုမှုတွေလည်း ရှိလာခဲ့ပါတယ်။
ဒီနေရာမှာ မိုဘိုင်းဖုန်းအသုံးပြုလာသူ များပြားလာ ခြင်းနဲ့ အင်တာနက်အသုံးပြုသူ များပြားလာခြင်း အချက်နှစ် ချက်က ပြည်သူတွေကြားမှာ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် ပိုမိုသိခွင့်ရလာပါတယ်။ ဒါ့အပြင် ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ကတစ်ဆင့် မိမိသဘောထားအမြင် များကို ပွင့်ပွင့်လင်းလင်း ရေးသားဖြန့်ဝေလာကြတဲ့အတွက် ရွေးကောက်ပွဲအပေါ် ပြည်သူရဲ့စိတ်ဝင်စားမှုဟာ ပိုပြီး မြင့်တက်စေခဲ့ပါတယ်။
''၂ဝ၁၅ ရွေးကောက်ပွဲမှာ အိုင်တီနည်းပညာက သိပ်အရေးကြီးတဲ့နေရာက ပါဝင်လာတယ်။ ကိုယ်စားလှယ်လောင်းတွေ၊ ပါတီတွေကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်အကောင့်ဖွင့် ပြီး အွန်လိုင်းကတစ်ဆင့် မဲဆွယ်တာတွေ လုပ်လာတယ်။ ဝါဒဖြန့်ချိရေးတွေလုပ်လာတယ်။ ပြီးတော့ အကောင့်တုတွေဖွင့်ကြတယ်။ ဏ့သအသျ့သစ သုံးပြီး ပေါက်ကရဓာတ်ပုံတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တိုက်ခိုက်ကြတယ်။ ဒီမြင်ကွင်းကို ၂ဝ၁ဝမှာ မမြင်ရပေမယ့် ဒီ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အများဆုံး တွေ့လာရတယ်''လို့ စာတည်းမှူး ဦးလှိုင်ဘွားက ထောက်ပြပါတယ်။
၂ဝ၁၅ ရွေးကောက်ပွဲမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။ အထူးသဖြင့် ၂ဝ၁ဝ ပြည့်နှစ်တုန်းက ပြည်သူတွေ စိတ်ဝင်စားမှု လုံးဝမရှိတဲ့ ရွေးကောက်ပွဲကော်မရှင်အကြောင်းကို ၂ဝ၁၅ မှာ သတင်းမီဒီယာတွေရဲ့မီးမောင်းထိုးမှုကြောင့် ပြည်သူတွေစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာပဲ ကော်မရှင်ရဲ့အားနည်းချက်နဲ့ မဲစာရင်းမှားယွင်းခြင်းကိစ္စတွေဟာ လည်း ၂ဝ၁၅ ရွေးကောက်ပွဲရဲ့ ဝေဖန်ထောက်ပြစရာ အများဆုံးကိစ္စရပ်တွေ ဖြစ်လာခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ရွေး ကောက်ပွဲမှာတော့ ရွေးကောက်ပွဲပြီးချိန်ကျမှ ကြိုတင်မဲ ကိစ္စကို အကြောင်းပြုပြီး ကော်မရှင်ဟာ ဝေဖန်ခံခဲ့ရပေမယ့် အခု ၂ဝ၁၅ မှာတော့ ရွေးကောက်ပွဲမကျင်းပခင် ခြောက်လ အကြိုကပင် ပြည်သူတွေ သတိပြုစရာ၊ စောင့်ကြည့်စရာ အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ရပါတယ်။
၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်အများစုဟာ စစ်တပ်အသွင် ပြောင်း စစ်ဗိုလ်ချုပ်ဟောင်းတွေဖြစ်လို့ များသောအားဖြင့် အသက် ၆ဝ တန်းတွေ များပါတယ်။ ဒါ့အပြင် တစည၊ NDFနဲ့ အခြားတိုင်းရင်းသားပါတီက အရွေးချယ်ခံကိုယ်စားလှယ်အများစုဟာလည်း သက်ကြီးပိုင်းတွေဖြစ်လို့ လွှတ်တော်မှာ လူငယ်တွေကို လုံးဝမတွေ့ရသလောက် ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ၉၃ ပါတီရှိပါတယ်။
အဲဒီထဲမှာ အာဏာရ ပြည်ခိုင်ဖြိုးပါတီကတော့ ယခင် ကိုယ်စားလှယ်ဟောင်း လူဟောင်းတွေ အများဆုံးပြန်လည် ဝင်ရောက်အရွေးခံကြမှာမို့ အများစုဟာ အသက် ၆ဝ တန်းလူကြီးတွေပဲ အများဆုံးပါဝင်လာပါတယ်။ ဒီနေရာမှာ ပါတီကိုယ်စားလှယ်လောင်းအများဆုံး ဝင်ရောက်အရွေးခံဖို့ရှိနေတဲ့ အဓိက အတိုက်အခံ အင်န်အယ်လ်ဒီပါတီ၊ ဒေါက်တာနေဇင်လတ်ဦးဆောင်တဲ့ အမျိုးသားတိုးတက် ရေးပါတီ၊ ဦးခင်မောင်ဆွေဦးဆောင်တဲ့ NDF ပါတီ၊ ဦးကျော်စွာစိုး ဦးဆောင်တဲ့ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း ၇ဝ ရာခိုင်နှုန်း ဟာ အသက် ၂၈ နှစ်မှ ၃၅ နှစ်ကြားလူငယ် လူရွယ်တွေဖြစ်
နေကြတာကို တွေ့ရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကတော့ လူငယ်ကိုယ်စားလှယ်လောင်းတွေကို အများဆုံးပွဲထုတ်ထားပါတယ်။ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်နှစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ မိတ္ထီလာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်တို့လို လူကြီးပိုင်းတွေတောင် ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံခြင်း မပြုတော့ဘဲ ဘေးဖယ်နေလိုက်ကြတဲ့အထိ လူငယ်တွေကို နေရာပေးထားတာကို တွေ့ရမှာ ပါ။ အထူးသဖြင့် အင်န်အယ်လ်ဒီ ပါတီဟာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် အသက် ၃ဝ ဝန်းကျင် လူငယ်တွေကို အများဆုံးတာဝန်ပေးထားပါတယ်။ အကယ်၍ အင်န်အယ်လ်ဒီပါတီ လွှတ်တော်နေရာအများစု အနိုင်ရခဲ့မယ်ဆိုရင် လာမယ့် ၂ဝ၁၆ ခုနှစ် မှာပေါ်ထွက်လာမယ့် လွှတ်တော်ကို လူငယ်တွေနဲ့ အများ ဆုံးတွေ့မြင်ရဖို့ရှိနေပါတယ်။
''၂ဝ၁ဝ တုန်းက စစ်တပ်ကအငြိမ်းစားယူလာတဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတွေဖြစ်နေလို့ ၆ဝ တန်း တွေများတယ်။ ဒါကြောင့် လွှတ်တော်မှာ လူငယ်တွေ သိပ် မတွေ့ရဘူး။ ဒီတစ်ကြိမ်မှာတော့ ပြည်ခိုင်ဖြိုးကလွဲရင် ကျန်ပါတီအတော်များများဟာ လူငယ်ကိုယ်စားလှယ်လောင်း တွေကို အဓိက ဦးစားပေးထားတယ်။ လာမယ့်လွှတ်တော်ဟာ ၂ဝ၁ဝ နဲ့ မတူတော့ဘဲ လူငယ်တွေ အများကြီးပါဝင်လာမယ့် လွှတ်တော်လို့မြင်တယ်''လို့ ဦးလှိုင်ဘွားကသုံးသပ်ပါတယ်။ သင်္ဃန်ကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ဦးလှိုင်ဘွားရဲ့ သုံးသပ်ချက်ကို ထောက်ခံထားပြီး သူဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစု ပါတီသစ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း လေးပုံတစ်ပုံဟာ လူငယ်တွေဖြစ်တဲ့အကြောင်း ပြောပါတယ်။
''အတွေ့ အကြုံအားနည်းလို့ စိုးရိမ်စရာနည်းနည်းတော့ရှိကောင်းရှိမယ်။ ဒါပေမဲ့ အာရှမှာ အင်အားကြီးနိုင်ငံ တွေဖြစ်တဲ့ တရုတ်တို့ စင်ကာပူတို့ကို ကြည့်လိုက်ရင်လူငယ်တွေ ကို စနစ်တကျပျိုးထောင်ပြီး နိုင်ငံရေးမှာ နေရာပေးတာအများကြီးတွေ့ရမယ်။ မြန်မာနိုင်ငံမှာလဲ လူငယ်တွေကို နေရာပေးရမယ်။ ဒါမှ အနာဂတ်ကောင်းတစ်ခုကို ဖန်တီး နိုင်မယ်။ အခု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေမှာ လူငယ်တွေ အများကြီးပါဝင်နေတာ တွေ့ရတာ ဝမ်းသာ တယ်''လို့ ဦးလှိုင်ဘွားက ဆိုပါတယ်။
ရွေးကောက်ပွဲတစ်ခုမှာ အရေးကြီးဆုံးက တရားမျှတ ပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆိုတဲ့ အချက်ပါပဲ။ ဒါ့အပြင် ပြည်သူတွေဘက်ကလည်း မှန်မှန်ကန်ကန် မဲပေးနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ရွေးကောက်ပွဲအတွေ့ အကြုံနဲ့ ဆယ်စုနှစ်နှစ်ခုကျော် အဆက်ပြတ်နေတဲ့ မြန်မာပြည်သူတွေအတွက် မိမိရဲ့အသည်းကြားက မဲတစ်ပြားဟာ မိမိပေးချင်တဲ့ပါတီကို တိတိကျကျပေးနိုင်ဖို့နဲ့ ပယ်မဲမဖြစ်ဖို့ကိုလည်း ဂရုစိုက်ရပါမယ်။
ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ အမှန်ခြစ်အမှတ်အသားနဲ့ မဲပေးခဲ့ကြပေမယ့် အခုတစ်ကြိမ်မှာတော့ UEC စာတန်းပါ တံဆိပ်တုံးနှိပ်ပြီး မဲပေးကြရမှာပါ။ အဲဒီခြားနားချက်နှစ်ခုဟာ တံဆိပ်တုံးကို တစ်ကြိမ်တစ်ခါမှ အသုံးပြုဖူးခြင်းမရှိတဲ့ ပြည်သူတွေအတွက် စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပါတယ်။
''၂ဝ၁ဝ ပြည့်နှစ်တုန်းက အမှန်ခြစ်ရတယ်။ အခု ၂ဝ၁၅ ခုနှစ်မှာတော့ တံဆိပ်တုံး ထုရမယ်။ ကျွန်တော်တို့လို ပြည်သူတစ်ယောက်အတွက် အကြီးဆုံးခြားနားချက်က အဲဒီအချက်ပဲ''လို့ ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ ကိုယ်တိုင်မဲပေးခဲ့တဲ့ ကောလင်းမြို့ခံ ကိုအောင်မျိုးဝင်းက ဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ တံဆိပ်တုံးဆိုတာ ကျေးလက် နေပြည်သူတွေအတွက် ထိတွေ့မှု လုံးဝမရှိတဲ့ အရာဝတ္ထု တစ်ခုဖြစ်နေလို့ မှန်မှန်ကန်ကန် အသုံးပြုနိုင်ကြပါ့မလားဆိုတာ စိုးရိမ်မိတဲ့အကြောင်း သူကဆက်ပြောပါတယ်။ ၂ဝ၁၅ရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလို မြန်မာပြည်သူကြားမှာ အနီလား၊ အစိမ်းလားဆိုတဲ့ အားပြိုင်မှုအသံတွေ ဆူဆူညံညံထွက်ပေါ်နေပါတယ်။

အဲဒီလို ပါတီကြီးနှစ်ခုရဲ့အားပြိုင်မှုဟာ ကျန်ပါတီငယ်တွေရဲ့အသံကို ဖုံးလွှမ်းထားပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ် ရွေး ကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီက မဲမပေးရေးကမ်ပိန်း ( No campaign) တွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့အတွက် ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့စိတ်ဝင်စားမှု ကျဆင်းခဲ့ရတဲ့အပိုင်းတွေ ရှိပါတယ်။ အခြားတစ်ဖက်မှာတော့ ဒီမိုကရေစီလိုလားသူတွေကတော့ အင်န်အယ်လ်ဒီမဟုတ်တဲ့ အတိုက်အခံပါတီတွေကို မဲပေးခဲ့လို့ NDF ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ယခင်လက်ဟောင်းပါတီတစ်ခုဖြစ်တဲ့ တစည ပါတီကလည်း အထိုက်အလျောက် လွှတ်တော် နေရာ ရခဲ့ပါတယ်။
''အဲဒီတုန်းက အနီတို့၊ အစိမ်းတို့ဆိုတာ မရှိဘူး။ ကိုယ့်ရှေ့ကလူ ခြစ်တဲ့နေရာကို ကိုယ်လဲ လိုက်ခြစ်လိုက်တာပဲ။ တချို့ဆို မဲရုံသွားတဲ့အချိန်ကျမှ ဘယ်သူ့ကိုမဲပေးရမလဲဆိုပြီး ဘေးအိမ်ကို လမ်းကြုံမေးပြီး မဲပေးလိုက်တဲ့လူတွေ အများကြီးပဲ''လို့ ဆိုပါတယ်။ ဒါပေမဲ့ အခု ၂ဝ၁၅ ရွေး ကောက်ပွဲမှာတော့ အဲဒီအနေအထားတွေနဲ့ လုံးဝကွဲပြား သွားပါပြီလို့ ကိုအောင်မျိုးဝင်းက ဆိုပါတယ်။ ဘာကြောင့် လဲဆိုတော့ ၂ဝ၁ဝ ပြည့်နှစ်တုန်းကမရှိခဲ့တဲ့ အလှပြယာဉ် တွေ၊ ကားကြီးကားငယ်တွေနဲ့အပြိုင် မဲဆွယ်မှုတွေနဲ့ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြားချန်နယ်တွေ ကလည်း ရွေးကောက်ပွဲသတင်းတွေကို ပြည်သူတွေဆီ နေ့စဉ်ဖော်ပြ
ပေးနေလို့ပါပဲ။
ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေကို ခွင့်မပြုခဲ့တဲ့အတွက် ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုအပေါ် ဝေဖန်မှု တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာတော့ နိုင်ငံတကာအဖွဲ့အစည်းမှ လေ့လာစောင့်ကြည့်သူပေါင်း ၆ဝဝဝကျော်ကို တရားဝင်ခွင့်ပြုထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ ကြိုတင်မဲ ကိစ္စတွေ၊ မဲပြားဖယောင်းသုတ်တဲ့ကိစ္စတွေကို အဖြစ်မှန်ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဘိုဘိုကျော်ငြိမ်းကတော့ ''လုပ်ပိုင် ခွင့်ရှိတဲ့လူကတော့ လုပ်ပိုင်ခွင့်ကို သုံးမှာပဲ။ ညစ်တဲ့နေရာ မှာ ၂ဝ၁ဝ ထက်လျော့သွားမယ်လို့ ထင်တယ်။ ညစ်မယ်ဆိုရင်တောင် ပညာသားပိုပါမှ ရတော့မယ်။ ဘာကြောင့်လဲဆိုတော့ ၂ဝ၁၅ ဟာ ၂ဝ၁ဝ နဲ့ နှိုင်းယှဉ်ရင် အများကြီးပွင့်လင်း သွားလို့ပဲ''။
မင်းညီ ၊ အောင်ထူးနိုင် / Yangon Media Group

မှတ်ချက်များ