ခြေ/ဥ ပြင်ဆင်ရေး တပ်ချုပ်နှင့် တွေ့ဆုံပြီးမှသာ ပြောနိုင်မည်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး စစ်ဦးစီးချုပ်နှင့် တွေ့ဆုံပြီးမှသာ ပြောနိုင်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

''ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လုပ်မယ် ဆိုတာတော့ ဆွေးနွေးပြီးမှပဲ ပြောလို့ရမယ် ထင်တယ်၊ ဥက္ကဋ္ဌ ကိုယ်တိုင် တပ်ချုပ်နဲ့ တွေ့ဖို့စီစဉ်ထားပြီး ဖြစ်တဲ့အတွက် ကြိုးစားရမှာပေါ့'' ဟု ၎င်းကပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် ဆောင်ရွက်ခဲ့ရာတွင် လက်အခြေအနေ အထိ ရောက်အောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရခြင်းကြောင့် အချိန်တစ်ခု ရောက်ပါက အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။

လက်ရှိ တပ်မတော် ကာကွယ်ရေး စစ်ဦးစီးချုပ်သည် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် အရေးပါသည့် နေရာတွင်ရှိ၍ ယင်းအရေးပါသည့် ပုဂ္ဂိုလ်နှင့် တွေ့ဆုံညှိနှိုင်းရန် တောင်းဆိုထားခြင်း ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။

''ကာကွယ်ရေး ဦးစီးချုပ်နဲ့ အန်တီနဲ့ ဆွေးနွေးရမယ်၊ နားလည်မှု ယူရမယ်၊ လုပ်ရင်းကိုင်ရင်းနဲ့ပဲ ဘယ်သူတွေက အကျိုးရှိသလဲ ဆိုတာ တပ်မတော်က တဖြည်းဖြည်း သိလာလိမ့်မယ်။ များများ ထိတွေ့လို့ရှိရင်တော့ ညှိနှိုင်းလို့ ရမှာပေါ့'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရန် ကမ်းလှမ်းချက်အား ကာကွယ်ရေး ဦးစီးချုပ်ဘက်မှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပြီးဆုံးချိန်တွင် တွေ့ဆုံရန် စီစဉ်မည် ဖြစ်ကြောင်း ပြန်လည် အကြောင်း ကြားထားသည်။

messenger news journal

မှတ်ချက်များ