တာချီလိတ်မြို့ ရေပူစမ်းကျေးရွာ၌ အမျိုးသားတစ်ဦး အသတ်ခံရ
တာချီလိတ်မြို့ ရေပူစမ်းကျေးရွာ၊ (၃)မိုင်စခန်း အနီးတွင် ၂၀၁၅ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက်(၆)နာရီခွဲ ၀န်းကျင်က အသက်(၄၂)နှစ်ရှိ အမျိုးသားတစ်ဦး ဓါးဒဏ်ရာများဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။
တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ် - မိုင်းဆတ်သွားလမ်း၊ ရေပူစမ်းကျေးရွာ (၃)မိုင် စခန်းအနီးရှိ လမ်းဘေးအိမ် တစ်အိမ်ရှေ့တွင် အသက်(၄၂)နှစ်ရှိ ဦးကျလားတွင် ယာဖက်မျက်လုံး ဖူးရောင် ဒဏ်ရာ (၁)ချက်၊ ကျောယာဘက်တွင် (၁)လက်မခန့်စီ ထိုးသွင်းထားသည့် ဓါးဒဏ်ရာ (၃)ချက်၊ ၀ဲလက်သူကြွယ်နှင့် လက်ခလယ်တို့တွင် ပြတ်ရှဒဏ်ရာ (၁)ချက်စီရရှိပြီး လဲကျနေကြောင်းကို အနီးအနားရှိ ပြည်သူများမှ သတင်းပေးလာမှုကြောင့် တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိသူတို့ မှ သွားရောက် စစ်ဆေးမှုပြုလုပ်ပြီး တာချီလိတ်ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် ဆေးရုံအရောက် (၃၀)မိနစ်ဝန်းကျင် အကြာတွင် ဦးကျလားမှာ သေဆုံးသွားတာဖြစ်ကြောင်း နှင့် သတ်ခံရသူသည် ရေပူစမ်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။
"ဘာကြောင့် သတ်လဲတော့ မသိဘူး၊ ကျွန်တော့်ရဲ့ သူငယ်ချင်း ရေပူစမ်းက ပြည်သူစစ်တစ်ဦး ပြောပြတာကတော့ ဆိုင်ကယ်လည်း ပါသွားတယ်လို့ ပြောတယ်.."ဟု လွယ်တော်ကျေးရွာအုပ်စုမှ အာခါတိုင်းရင်းသား တစ်ဦးက ပြောပြသည်။
လူသတ်မှုနှင့် ပတ်သက်၍ အမြန်ဆုံး ဖော်ထုတ်ရမိရေးအတွက် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၆၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။
Tachileik News Agency

မှတ်ချက်များ