"Calpol" အလွန်အကျွံတိုက်ကျွေးခြင်းက ကလေးတွေကို ကျောက်ကပ်၊ အသည်းနဲ့ နှလုံး ထိခိုက်စေ
မိဘတွေဟာ ကလေးငယ်တွေကို ထစ်ခနဲရှိ "Calpol" တိုက်ကျွေးကြခြင်းကြောင့် ကလေးတွေရဲ့ ကျန်းမာရေးဟာ အန္တရာယ်ရှိကြောင်း ဆရာဝန်တွေက သတိပေးပြောကြားထားပါတယ်။ အပျော့ (တော်ရုံတန်ရုံ) ဖျားတာအတွက် ကလေးတွေကို "Calpol" ဆေးတိုက်တာဟာ မှားယွင်းကြောင်း လန်ဒန်တက္ကသိုလ်မှ ကလေးအထူးကု ပါမောက္ခ Alastair Sutcliffe ကပြောခဲ့ပါတယ်။
Calpol နဲ့ အလားတူဆေးဝါးတွေကို အလွန်အကျွံအသုံးပြုခြင်းက ကလေးငယ်တွေမှာ ပန်းနာရင်ကြပ်ကိုဖြစ်စေပြီး သူတို့ရဲ့ ကျောက်ကပ်၊ အသည်းနဲ့ နှလုံးကို ထိခိုက်စေတယ်လို့ သူက ပြောပါတယ်။
ဗြိတိန်မှာ တစ်နှစ်ကို Calpol ဆေးပုလင်း ၁၂ သန်း ရောင်းချနေရပြီး ကလေးငယ်တွေအတွက် ပါရာစီတမော-အခြေခံ ဆေးဝါးတွေရောင်းချရငွေဟာ တစ်နှစ်ကို ပေါင်သန်း ၈၀ ရှိပါတယ်။ ၄င်းဆေးတွေကို အသက် ၆လအရွယ်ကလေးတွေကို တိုက်နေတာဟာ ၈၀ ရာခိုင်နှုန်းရှိနေပါတယ်။ "မိဘတွေက ပါရာစီတမောကို အထိန်းအကွပ်မဲ့ အသုံးပြုကြလွန်းတယ်။ ပါရာစီတမော အလွန်အကျွံသုံးတာက ပန်းနာရင်ကြပ်ရောဂါဖြစ်နိုင်ချေကို တိုးစေပြီး အသည်းထိခိုက်မှုကိုလည်း တိုးစေဆိုတဲ့ အထောက်အထားရှိတယ်။ ဒါပေမဲ့ ကျောက်ကပ်နဲ့ နှလုံးထိခိုက်တာကိုတော့ လူသိနည်းသေးတယ်။" လို့ ပါမောက္ခ Alastair Sutcliffe ကပြောပါတယ်။
ကလေးစောင့်ရှောက်တဲ့သူတွေက ကလေးငယ်တွေကို တိုက်ရမယ့် ဆေးပမာဏထက် ပိုပြီး တိုက်နေကြကြောင်း၊ အဲ့ဒီ့ကလေးစောင့်ရှောက်တဲ့သူတွေဟာ ကလေးကို ဒီနေ့အတွက် ဘယ်လောက်များများ တိုက်ပြီးပြီဆိုတာကို မသိကြကြောင်း အခြားသော ကျွမ်းကျင်ပညာရှင်တွေက သတိပေးပြောကြားခဲ့ပါတယ်။
ဆေးတိုက်ရမယ့် ပမာဏထက် ၂ ရက် ဒါမှမဟုတ် ၃ရက် ကျော်မိရင်တောင် အဲ့ဒါက အသည်းကို စတင်ထိခိုက်စေတယ်လို့ အကြံပြုထားပါတယ်။
Skyler - သစ်ထူးလွင်
Ref: Daily Mail

မှတ်ချက်များ