သြစီက အသုံးစရိတ် ထပ်လျှော့မယ်
သြစတြေးလျ အစိုးရက နိုင်ငံတော် အကြွေးတွေ သက်သာအောင် သက်ကြီးရွယ်အို စောင့်ရှောက်တဲ့ ဝန်ဆောင်မှု၊ ကျန်းမာရေးနဲ့ အလုပ်လက်မဲ့သူတွေကို စောင့်ရှောက်တဲ့ ဝန်ဆောင်မှုတွေမှာ အသုံးစရိတ် လျှော့ချမှာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံရဲ့ အကြွေးဟာ ဒေါ်လာ ၄၇၀ ဘီလီယံကျော်လာတာကြောင့် အကြွေးထဲ မနစ်အောင် အသုံးစရိတ် လျှော့ချရမယ်လို့ အစိုးရက ပြောပါတယ်။
သက်ကြီးရွယ်အိုတွေကို ပေးနေတဲ့ ဝန်ဆောင်မှု တချို့ကို လျှော့ချမှာ ဖြစ်သလို ကျန်းမာရေး ကဏ္ဍမှာလည်း အခမဲ့ သွေးစစ်ဆေးပေးတာတွေ၊ ရောဂါ စစ်ဆေးပေးတာမျိုးတွေ လုပ်ရာကနေ အဖိုးအခ အနည်းငယ် ကောက်ခံတော့မယ်လို့ ဆိုပါတယ်။
အဲဒီလို ဝန်ဆောင်မှုတွေကို လျှော့ချလိုက်ရင် တစ်နှစ်အတွင်း ဒေါ်လာ သန်းပေါင်း ၆၅၀ သက်သာစေမှာ ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။
ကျန်းမာရေး ပညာရှင်တွေကတော့ သွေးစစ်တာတွေ၊ ဓာတ်မှန်ရိုက်တာတွေအတွက် ငွေကြေး ပေးဆောင်ရမယ်ဆိုရင် တချို့လူတွေက ငွေကုန်မှာစိုးလို့ နောက်ကျလွန်းတဲ့အခါမှသာ သွေးစစ်တာမျိုး၊ ဓာတ်မှန်ရိုက်တာမျိုးတွေ ဖြစ်မှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
ကင်ဆာရောဂါ ဆိုရင်လည်း နောက်ကျမှ သိရတာမျိုး ဖြစ်သွားမယ်လို့ ပြောဆိုကြပါတယ်။
အသက် ၁၆ နှစ်အောက် ကလေးတွေနဲ့ ဝင်ငွေနည်းတဲ့ လူတွေကတော့ အခကြေးငွေ ပေးစရာ မလိုဘူးလို့လည်း သိရပါတယ်။
အရင်နှစ်တုန်းကလည်း အစိုးရက အသုံးစရိတ် လျှော့ချလိုက်တဲ့အတွက် ပြည်သူပိုင် အေဘီစီ သတင်းဌာနနဲ့ တချို့ အစိုးရ ဌာနမှာ လူဦးရေ လျှော့ချလိုက်တာတွေ၊ ဝန်ဆောင်မှု လျှော့ချလိုက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
Radio Australia

မှတ်ချက်များ