ပါကစ္စတန်တွင် လူငယ်တဦး Selfie ရိုက်စဉ် ရထားတိုက်ခံရ၍ သေဆုံး


လူငယ်တဦးသည် ရွှေ့လျားနေသော ရထားနှင့်အတူ Selfie ရိုက်ကူးရန်ကြိုးစားစဉ် ရထားတိုက်ခံရ၍ သေဆုံးမှု ဒီဇင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါ သေဆုံးမှုမှာ ပါကစ္စတန်နိုင်ငံ ရာဝယ်လ်ပင်ဒီမြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက် ၂၂ နှစ်အရွယ် မီးရထားဌာန၀န်ထမ်း ဂျမ်ရှိုတ်ခန်ဟု သိရသည်။

“ရာဝယ်လ်ပင်ဒီမြို့ ဒို့ခ်ရတ္တာမှာနေထိုင်တဲ့ ဂျမ်ရှိုတ်ခန်ဟာ ရထားလမ်းပေါ်မှာ ရထားနဲ့ Selfie ရိုက်ဖို့လုပ်တုန်း ရထားတိုက်ပြီး သေဆုံးခဲ့ရတယ်။ ရထားအကြိတ်ခံရပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်”ဟု ကူညီကယ်ဆယ်ရေးဌာနမှ အကြီးတန်းအရာရှိ ဒီဘာရှာနက်ဇ်က ပြောသည်။

သေဆုံးသူ၏ဖခင်ကမူ သားဖြစ်သူ Selfie ရိုက်စဉ် ရထားကြိတ်သေဆုံးသည်ဆိုခြင်းကို လက်မခံကြောင်း သိရသည်။

“သေဆုံးသူရဲ့ဖခင်က သူ့သားဟာ Selfie ရိုက်တုန်း ရထားတိုက်ခံရတာမဟုတ်ဘဲ ရထားလမ်းဖြတ်ကူးတုန်း ရထားတိုက်ခံရတာလို့ ပြောပါတယ်”ဟု ရဲတပ်ဖွဲ့က ပြောသည်။

ပါကစ္စတန်တွင် လူငယ်များအကြား Selfie ရိုက်ခြင်း ခေတ်စားလျက်ရှိပြီး ၎င်းတို့၏ ဖေ့ဘုတ်နှင့် တွစ်တာအကောင့်များသို့ လွှင့်တင်ရန် Selfie ပုံ ရိုက်ကူးကြခြင်းဖြစ်သည်။

News Watch

မှတ်ချက်များ