မြောက်ကိုရီးယား အနေဖြင့် ၂၀၁၆ ခုနှစ်တွင် ရေငုပ်သင်္ဘောမှ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်မည်ဟု တောင်ကိုရီးယားမျှော်မှန်း
မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ၂ဝ၁၆ ခုနှစ်အတွင်း နျူကလီးယား စမ်းသပ်မှု တစ်ခုကို အားထုတ် ကြိုးပမ်းရန်နှင့် ရေငုပ်သင်္ဘော မှပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည် စမ်းသပ် မှုများ ပြု လုပ်နိုင်ကြောင်း တောင်ကိုရီးယား စစ်ဘက်က မျှော်မှန်းထား သည်ဟု ဒီဇင်ဘာ ၁၄ ရက်တွင် Newsnow သတင်းဌာနက ဖော်ပြထားသည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဟန်မင်ကူး ဦးဆောင်သော စစ်ဘက်တပ်မှူး များနှင့် ပြုလုပ်သည့် အစည်းအဝေး တစ်ရပ်၌ ၄င်းတို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ပြောကြား ထားသည်။
မြောက်ကိုရီးယား နိုင်ငံသည် နျူကလီးယား စမ်းသပ်မှုများ ထပ်မံ ပြုလုပ်ရန် အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ သော်လည်း ချက်ချင်း စမ်းသပ်မှု ပြုလုပ်မည့် လက္ခဏာ မရှိသေးကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက အောက်တိုဘာ လတွင် ဥပဒေပြု အမတ်များထံ အစီရင်ခံ တင်ပြခဲ့သည်။
မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ကင်မ်ဂျုံအွန် ၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည် အား အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် နိုင်ခဲ့ကြောင်း မေလတွင် တရားဝင် ထုတ်ပြန်မှု တစ်ခု ပြုလုပ်ခဲ့သည်။
တောင်ကိုရီးယား စစ်ဘက်သည် မြောက်ကိုရီးယား ၏ နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုအပြင် မဟာဗျူဟာမြောက် နှင့် နည်းဗျူဟာမြောက် ကျူးကျော်ရန်စ မှုများ ပြုလုပ်လာဖွယ် ရှိမှုအပေါ် ကာကွယ်ရေး အသင့်ရှိမှု အား ထိန်းသိမ်း ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း တောင်ကိုရီးယား စစ်ဘက်တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်ဟု သိရသည်။
Pyi Chit Thar

မှတ်ချက်များ