ဆော်ဒီအာရေဗျ၏ ၃၄ နိုင်ငံ အစ္စလာမ္မစ် ညွန့်ပေါင်းတပ်ဖွဲ့ထူထောင်မှု ဂျာမနီကြိုဆို
အစ္စလာမ္မစ် နိုင်ငံပေါင်း ၃၄ နိုင်ငံပါဝင်သည့် အစ္စလာမ္မစ် ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းမည့် ဆော်ဒီအာရေဗျ နိုင်ငံ၏ ထုတ်ပြန် ကြေညာမှုကို ဂျာမနီနိုင်ငံက ကြိုဆိုကြောင်း ဂျာမနီ ကာကွယ်ရေး ဝန်ကြီးက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားထားသည်။
ဆော်ဒီအာရေဗျ နိုင်ငံသည် အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်ဖြေရှင်းရန် အာရပ်နိုင်ငံများ ဖြစ်သည့် ယူအေအီး၊ အီဂျစ်နှင့် ကာတာနိုင်ငံတို့ အပြင် အစ္စလာမ္မစ်နိုင်ငံ များဖြစ်သည့် တူရကီ၊ မလေးရှားနှင့် ပါကစ္စတန် စသည့်နိုင်ငံများ ပါဝင်သော အစ္စလာမ္မစ် ညွန့်ပေါင်းတပ်ဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းနှင့် ယင်း ဌာနချုပ်ကို ရီယတ်မြို့၌ အခြေစိုက် သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
''အခုလို ISIS ကဲ့သို့ အကြမ်းဖက် အဖွဲ့များကို တုံ့ပြန်တိုက်ခိုက်ရန် ဆော်ဒီအာရေဗျ က ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းတာဟာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပြီး ISIS စစ်သွေးကြွ များကို တိုက်ခိုက်မှုများ လုပ်ဆောင်နေတဲ့ အမေရိကန်၊ ဥရောပ၊ ရုရှား၊ တူရကီ၊ ဆော်ဒီအာရေဗျ အပြင် အီရန် နှင့်တရုတ်နိုင်ငံ တို့အတွက် အထောက်အပံ့ လည်း ဖြစ်စေပါတယ်'' ဟု ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဥဆူလာဗွန် ဒါလိုင်ယွန် က ပြောကြားသည်။
ထို့ပြင် ISIS အဖွဲ့အား တိုက်ခိုက်ရာတွင် စစ်အင်အား ပိုမိုပါဝင် ကူညီပေးရန် အမေရိကန်နိုင်ငံ၏ တောင်းဆိုမှုကို ဂျာမနီနိုင်ငံက ငြင်းဆိုခဲ့ကြောင်း ဗွန်ဒါလိုင်ယွန် က ဆက်လက် ပြောကြား ထားသည်။
ဂျာမနီနိုင်ငံသည် ယခုလ အစောပိုင်းတွင် ISIS စစ်သွေးကြွ များအား တိုက်ခိုက်ရာတွင် ကူညီပေးရန် ပြင်သစ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် တော်နေးဒိုး ကင်းထောက် လေယာဉ်များ၊ ဖရီးဂိတ် စစ်သင်္ဘောတစ်စင်း၊ ဝေဟင်ဆီဖြည့် လေယာဉ်တစ်စင်း နှင့် စစ်ဘက်တပ်ဖွဲ့ဝင် ၁၂ဝဝ အထိ ပေးပို့သွားမည့် အစီအစဉ် တစ်ရပ်ကို အတည်ပြု ပေးခဲ့ကြောင်း သိရသည်။
Pyi Chit Thar

မှတ်ချက်များ