အနာဂတ်ဖျက်ဆီးသူများကို ထိုက်တန်သော ပြစ်ဒဏ်ပေးပါ
‘‘ဖြစ်နိုင်ရင်တော့ ပိုက်ဆံနည်းနည်းစုမိရင် ဒီကနေ အပြီးပြောင်းဖို့ စဉ်းစားထားတယ်။ ဒီနေရာမှာ မနေချင်တော့ဘူး’’
ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတစ်ခုလုံးကို ရှင်းပြအပြီးမှာ မမော်(အမည်လွှဲ)က သူ့ရဲ့ဆန္ဒကို ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ကျော်လောက်မှာ မမော်ရဲ့လူမမည်သမီးလေးက အဖြစ်ဆိုးတစ်ခုနဲ့ ကြုံခဲ့ရတယ်။ အသက်(၃၀)ကျော် မမော်တစ်ယောက် ရန်ကုန်မှာအဆောင်နေရင်း ကမာရွတ်မြို့နယ်ထဲက လမ်းဘေးတစ်နေရာမှာ ဈေးရောင်းကာ သမီးဖြစ်သူအတွက် တစ်ကိုယ်တည်း ရုန်းကန်နေရတဲ့ မုဆိုးမတစ်ယောက် ဖြစ်ပါတယ်။ တစ်ရက် ဈေးရောင်းပြီးအပြန် အဆောင်ရောက်တဲ့အချိန်မှာ (၆)နှစ်အရွယ်သမီး အခန်းထဲမှာငိုနေတာကို တွေ့ရတယ်။ ကလေးကိုမေးတဲ့အချိန်မှာ ဘာအဖြေမှမရခဲ့ပါဘူး။ ဆီးသွားတဲ့နေရာက နာတယ်ဆိုတာလောက်ပဲ ပြောတယ်။
‘‘သမီးက ကျွန်မအတင်းမေးလည်း မပြောဘူး။ မမေးပါနဲ့အမေရာ။ မသိချင်ပါနဲ့ အမေရာဆိုပြီးတော့ပဲ လုပ်တယ်’’ဟု သမီးဖြစ်သူက ပြန်ဖြေတဲ့ပုံကိုပြောပါတယ်။
ထိုညတစ်ညလုံး မမော်က သမီးဖြစ်သူရဲ့ ပြဿနာကို မသိခဲ့ ပါ။ နောက်တစ်နေ့မနက်မှာ သမီးငယ်ရဲ့ မိန်းမကိုယ်ကို ကြည့်တော့မှ သူမထိတ်လန့်တုန်လှုပ်သွားရတယ်။ ‘‘ကလေးက အဲဒီနေရာမှာ ရှေ့ရောနောက်ရော ရောင်နေတယ်။ ဆီးသွားတဲ့နေရာ သွေးနည်းနည်းစို့နေတယ်’’လို့ ဖွင့်ဟပါတယ်။
ဒါကြောင့် ကလေးကိုခေါ်ပြီး နီးစပ်ရာ ဆေးခန်းပြတဲ့အချိန်မှာတော့ သူ့အတွက် နွေခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရပါတယ်။ သမီးငယ်မှာ အဓမ္မပြုကျင့်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရပါသတဲ့။ ဒီအဖြေကြားကြားချင်း သူသိချင်တဲ့ အကြောင်းအရာက ခြောက်နှစ်အရွယ် လူမမည်သူ့သမီးလေးကို ဘယ်သူကများ ဒီလိုလုပ်ခဲ့တာလဲဆိုတာပါပဲ။ သူအမှတ်ရတာက အဲဒီမတိုင်မီညနေမှာ သူ့တို့နဲ့ အိမ်နီးချင်းဖြစ်ဖူးပြီး ကလေးကိုဂရုစိုက်တဲ့ မိသားစုထဲကတစ်ယောက်ကမွေးနေ့ပွဲ မုန့်ကျွေးဖို့အတွက် ကလေးကို သူ့ဆိုင်ကနေ လာခေါ်ပါတယ်။ စိတ်ချရတဲ့သူဖြစ်တာကြောင့် သူကလည်း ကလေးကို ထည့်ပေးလိုက်ပါတယ်။ ဈေးဆိုင်မှာ သူတစ်ယောက်တည်း အလုပ်ရှုပ်နေတာမို့ မေ့မေ့ပျောက်ပျောက် ဖြစ်နေတဲ့အချိန်မှာ တစ်ဖက်မှာတော့ သမီးငယ်ဖြစ်သူက ငရဲခန်းထဲ ရောက်နေခဲ့ပါတယ်။
‘‘ကလေး ပြောသလောက်တော့ သူက ကလေးတွေ အများကြီးကို မုန့်ကျွေးတယ်။ ကျွန်မသမီးကျတော့ ကလေးတွေအားလုံးပြန်တဲ့အချိန်မှာ အခန်းထဲဆွဲခေါ်သွားတယ်။ အဲဒီနောက် သူကြိုးစားတော့ ကလေးက ခြေထောက်တွေ ဘာတွေနဲ့ကန်ပြီးရုန်းတယ်။ ဒါနဲ့ သူက ကလေးလက်ပေါ် ဓားတင်ပြီးလုပ်ခဲ့တာ’’လို့ အဖြစ်ဆိုးကို ပြန်ပြောပြပါတယ်။
သူ့ရဲ့မျက်ကွယ် တဒင်္ဂမှာပဲ သမီးငယ်ကို အသိအမျိုးသားတစ်ယောက်က အဓမ္မပြုကျင့်တာခံခဲ့ရတာဖြစ်ပါတယ်။ ပိုဆိုးတာက ဒီ (၆)နှစ်အရွယ် ကလေးလေးကို ကျူးလွန်ခဲ့တာက အသက် (၇၀)ခန့်ရှိတဲ့ အဘိုးအိုတစ်ယောက်ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံက ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေ စိတ်ဝင်စားနေတဲ့ သတင်းတစ်ခု ရှိပါတယ်။ မော်လမြိုင်မြို့က သုံးနှစ်ကျော်ကျော်သာရှိသေးတဲ့ ကလေးတစ်ယောက်ကို အသက် (၇၀)အရွယ် အမျိုးသားက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။ ဒီအမှုက အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ သက်သေတွေရှိခဲ့ပေမယ့် အချိန်ငါးလကျော်ကြာလာတဲ့အထိ ကျူးလွန်တဲ့လူကိုပြစ်ဒဏ်ချမှတ်ခြင်းမရှိသေးတဲ့အပြင် အာမခံနဲ့ အပြင်မှာနေထိုင်ခွင့်ရခဲ့ပါတယ်။
‘‘အခုဆိုအမှုက အချိန်ကြာလာတာနဲ့အမျှ အရင်ရှိခဲ့တဲ့ သက်သေတွေပျောက်ကုန်တယ်။ အဲဒီအပြင် ကျူးလွန်တဲ့လူက အပြင်မှာ ရောက်လာတော့ ကလေးရဲ့မိသားစုကိုတောင် ပြန်ပြီးခြိမ်းခြောက်နေတယ်’’လို့ ဒီအမှုကိုလိုက်ပြီး ကူညီပေးနေတဲ့ မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အသင်းဥက္ကဋ္ဌဒေါ်ခင်သန်းထွေးကပြောပါတယ်။
ကလေးက အဘိုးအဘွားတွေနဲ့သာအနေများပြီး အခင်းဖြစ်တဲ့နေ့မှာ အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံထားရတဲ့ ဦးမျိုးမြင့်ဆိုသူက သူ့ရဲ့နေအိမ်မှာ ကလေးကို အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ ကနဦးတိုင်တန်းချက်တွေအရ သိရပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားပြီးတော့ ငါးလကျော်ကြာလာတဲ့အထိ ကလေးရဲ့ဖခင်ကို အမှုကိစ္စလုံးလုံး အသိမပေးထားဘူးလို့ အဘိုးဖြစ်သူကဆိုပါတယ်။
‘‘အခုအချိန်အထိ သူ့အဖေကို ကလေးကိစ္စပေးမသိရဲဘူး။ သူက တခြားနေရာမှာ အလုပ်ကြမ်းလုပ်တာ။ လူငယ်ဆိုတော့ စိတ်လည်းဆတ်တော့ ပေးသိတာနဲ့ ပြဿနာတွေ ပိုဆိုးလာမှာစိုးလို့ အခုထိ အသိမပေးထားဘူး’’လို့ အဘိုးဖြစ်သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီလိုကလေးငယ်လေးတွေကို အဓမ္မပြုကျင့်ခံရတဲ့ အမှုတွေက ကြောက်ခမန်းလိလိ များပြားနေပါတယ်။ နေ့စဉ် သတင်းစာတွေမှာဖော်ပြနေတဲ့ မှုခင်းသတင်းတွေထဲမှာ ကလေးငယ်တွေကို အဓမ္မပြုကျင့်ခံရတဲ့ သတင်းတွေ မကြာခဏပါနေတာက သက်သေပါပဲ။ အမှုတွေထဲမှာ လမ်းလျှောက်တတ်ခါစ (၂)နှစ်အရွယ် ကလေးလေးတွေကနေ(၁၅)နှစ် (၁၆)နှစ်အရွယ်တွေအထိ ပါဝင်နေပါတယ်။ ဒီအမှုတွေက နယ်မြို့တွေ၊ ကျေးလက်ဒေသတွေမှာတင် ဖြစ်နေတာမဟုတ်ဘဲ မြို့ကြီးပြကြီးတွေမှာပါ ဖြစ်နေတာပါ။
အဖော်မပါဘဲ ကျောင်းသွားနေချိန် လမ်းမှာတွေ့တဲ့လူကအဓမ္မကျင့်တာမျိုးတွေ၊ ကလေးတွေ ကစားနေရင်း မျက်နှာသိလူက မိဘတွေမရှိတုန်း မုန့်ကျွေးမယ်လို့ မျှားခေါ်ပြီး ကျူးလွန်တာမျိုးတွေ၊ အိမ်နီးချင်းရင်းနှီးနေတဲ့ အိမ်ကို ကလေးတစ်ယောက်တည်းလွှတ်ပြီး ခိုင်းလိုက်လို့ ဖြစ်တာမျိုးတွေ၊ ခဲအိုတွေ၊ ဦးလေးတွေက ကျူးလွန်တာတွေအပြင် အဆိုးရွားဆုံးအခြေအနေကတော့ သွေးသားအရင်းတွေကနေ ကျူးလွန်တာတွေအထိ ရှိပါတယ်။
မိန်းကလေးတွေအပြင် အသက်မပြည့်သေးတဲ့ ယောက်ျားငယ်လေးငယ်တွေတောင်ကျူးလွန်ခြင်းခံနေရတာရှိပါသေးတယ်။ ပြီးခဲ့တဲ့သြဂုတ်လထဲမှာပဲ ယောက်ျားလေးတွေကို လိင်တူချင်း အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တစ်မှုက ရွှေပြည်သာမြို့နယ်က ကိုယ်ပိုင် အထက်တန်းကျောင်းတစ်ခုမှ (၈)တန်းကျောင်းသားကို ဘာသာရပ်သင်ဆရာက ကျူးလွန်ခဲ့တာဖြစ်ပြီး နောက်ထပ်တစ်မှုကတော့ တာချီလိတ်မြို့မှာ အသက် (၅)နှစ်သာရှိသေးတဲ့ ကိုရင်သုံးပါးကို ကျောင်းတိုက်မှာရှိတဲ့ သင်္ကန်းဝတ်တစ်ပါးက ကျူးလွန်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ ၂၀၁၁ ကနေ ၂၀၁၅ အထိ (၅)နှစ်တာစာရင်းတွေအရ မုဒိမ်းမှုစုစုပေါင်း
ခြောက်ရာကျော်ဖြစ်ခဲ့တဲ့အနက် သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှုက ၃၆၀ ကျော်အထိရှိလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃-၁၄ခုနှစ်တွေမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းက အများဆုံး ရှိခဲ့ပါတယ်။ ၂၀၁၅ မှာလည်း အောက်တိုဘာလကုန်အထိ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ မုဒိမ်းမှုစုစုပေါင်းရဲ့ထက်ဝက်လောက်က သက်ငယ်မုဒိမ်းမှုတွေဖြစ်နေပါတယ်။ ဒီပမာဏက သက်ငယ်မုဒိမ်းမှုတွေဟာ လူကြီး တွေကို ကျူးလွန်တဲ့ပမာဏနဲ့ ဆ တူဖြစ်လာနေတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာက ဒီပြဿနာတွေ ဖြေရှင်းဖို့ ဒီလိုမှုခင်းတွေ လျော့ကျဖို့အတွက် မူးယစ်ဆေးဝါးနဲ့ အရက်သေစာ ရောင်းဝယ်ဖောက်ကားမှု ထိန်းချုပ်တာတွေ၊ ညစ်ညမ်းရုပ်ရှင်ခွေတွေ ဖမ်းဆီးတာတွေ၊ မုဒိမ်းမှုတွေနဲ့ပတ်သက်လို့ အသိပညာပေးတာတွေလုပ်ပြီးဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဒီဖြေရှင်းနည်းတွေက ထိရောက်တဲ့ ဖြေရှင်းမှုမျိုးတော့ဖြစ်မလာသေးပါဘူး။
နောက်တစ်ချက်က လက်ရှိကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အရေးယူခဲ့တဲ့ဥပဒေတွေက ကျူးလွန်သူတွေအတွက် ကြောက်စရာမဟုတ်လောက်တဲ့ ဥပဒေတွေဖြစ်နေသလားဆိုတဲ့ မေးခွန်းတွေလည်းရှိပါတယ်။ တကယ်တမ်းရှိပြီးသား မုဒိမ်းမှုဥပဒေက ပြစ်မှုထင်ရှားရင် ကျူးလွန်သူကို ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းဖြစ်စေ ချမှတ်လို့ရနေပါတယ်။ ဒါ့အပြင် သက်ငယ်မုဒိမ်းမှုတွေကို အမိန့်ချရမှာ ပိုပြီးထိထိရောက်ရောက်ဖြစ်ဖို့အတွက် မြို့နယ်တရားရုံးမှာ မဟုတ်ဘဲ ပြစ်ဒဏ်အမြင့်ဆုံးချပိုင်ခွင့်ရှိတဲ့ ခရိုင်တရားရုံးတွေမှာ ပြောင်းပြီး စစ်ဆေးနေပါတယ်။ အဲဒီတရားရုံးတွေက မုဒိမ်းမှုတွေအတွက် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေအပြင် လိုအပ်ရင် သေဒဏ်အထိချမှတ်လို့ရပါတယ်လို့ တရားလွှတ်တော် ရှေ့နေဦးခင်ဇော်(မရမ်းကုန်း) က ပြောပါတယ်။ လက်ရှိအမိန့်ချပြီးသလောက် အမှုအများစုကတော့ ထောင်ဒဏ် ၁၀ နှစ်၊ သေဒဏ်နဲ့ တစ်သက်တစ်ကျွန်းဒဏ်တွေ သိသိသာသာ နည်းပါးနေပါတယ်။
‘‘တရားရုံးတွေကို ငွေနဲ့ပေါက်ပြီး ပြစ်ဒဏ်လျော့ပေါ့အောင် လုပ်နေတဲ့ကိစ္စတွေရှိတယ်’’လို့ လက်ရှိ ကလေးသူငယ်နဲ့ပတ်သက်တဲ့အမှု တော်တော်များများကို ကူညီပေးနေတဲ့ ဒေါ်ခင်သန်းထွေးကပြောပါတယ်။ သက်ငယ်မုဒိမ်းမှုတွေလျော့ကျဖို့အတွက် ပြည်သူ့လွှတ်တော်မှာ ကလေးငယ်များအပေါ် မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ပေးဖို့သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အဆိုတင်သွင်းခဲ့ပါတယ်။ဒါပေမဲ့ ဒီအဆိုက လက်ရှိ ပြဋ္ဌာန်းထားတဲ့ဥပဒေမှာ ရှိပြီးသားဖြစ်တာကြောင့် ကန့်ကွက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ဦးသိန်းညွန့်အနေနဲ့ အဲဒီကာလက လက်ရှိဖြစ်နေတဲ့ သတင်းတွေ၊ အခြေအနေတွေကို ထောက်ပြပြီး ဒီပြစ်မှုအတွက် သီးခြားဥပဒေတစ်ခုနဲ့ မဖြစ်မနေ သေဒဏ်ပြဋ္ဌာန်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် အရာမရောက်ခဲ့ပါဘူး။
‘‘ဒီလိုအမှုတွေမှာ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်က ထိထိရောက်ရောက်မရှိရင် ခံစားရတဲ့ မိသားစုတွေမှာ တစ်ဘဝလုံး ထိခိုက်နစ်နာရတယ်။ အိန္ဒိယမှာ ကလေးကို မုဒိမ်းကျင့်တဲ့သူကို လမ်းပေါ်ဆွဲထုတ်၊ ကြိုးနဲ့တုပ်ပြီး လူတွေက ဝိုင်းရိုက်ပြီးကလဲ့စားချေတယ်။ လက်စားချေတဲ့သဘောပေါ့။ အဲဒီတော့ တကယ်တမ်းဒီလို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်မှုတွေမရှိရင် ဒီလိုအဖြစ်မျိုးတွေ ကြုံလာနိုင်စရာရှိတယ်။ ဒါကြောင့် တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်က အရေးကြီးပါတယ်’’လို့ ဦးခင်ဇော်က ပြောပါတယ်။
ဖြစ်ပွားခဲ့တဲ့ အမှုထဲက ကမာရွတ်မြို့နယ်က အသက်(၆) နှစ်အရွယ် ကလေးအမှုမှာဆိုရင်ပဲ ကျူးလွန်ခဲ့တဲ့အသက်(၇၀)အရွယ် အဘိုးကို ကာလအတန်ကြာ စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားခဲ့တာတောင် ထောင်ဒဏ်လေးနှစ်ထိပဲ ချမှတ်ခဲ့ပါတယ်။ ဒီလိုချမှတ်ခဲ့တာကြောင့် လူ့အခွင့်အရေးကော်မရှင်နှင့် ကလေးသူငယ်အခွင့်အရေးကို တိုင်ကြားခဲ့ပြီး တရားရုံးက ပြန်လည်စစ်ဆေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထပ်မံအရေးယူတာ မရှိပါဘူး။
‘‘ဒီအမှုကို ကျွန်မ မနိုင်နိုင်အောင်လုပ်မယ်ဆိုပြီး ပိုက်ဆံရှိစုမဲ့စုနဲ့ ရုံးချိန်းတွေ အခေါက်ခေါက်အခါခါသွားတယ်။ ဒီအမှုအတွက် သိန်းသုံးဆယ်နီးပါး ကုန်တယ်။ တချို့ရက်တွေဆို ရုံးချိန်းသွားဖို့ ကားခမရှိဘူး။ ဒါပေမဲ့ ကျွန်မသမီးလေးကို မတရားလုပ်တဲ့အမှုကို ထိထိရောက်ရောက် ဖြစ်စေချင်တယ်။ တကယ်တမ်း အမိန့်ချတဲ့အချိန်မှာ လေးနှစ်နဲ့ပြီးသွားတယ်။ ကျွန်မတို့အတွက် မတရားဘူး’’ လို့ သမီးငယ်အတွက် တရားမျှတမှုကို လိုလားတဲ့ မိခင်ဖြစ်သူမမော်ကဆိုပါတယ်။
ဒီလိုဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ မမော်ကသမီးဖြစ်သူကို အရင်ထက်ပိုဂရုစိုက်ခဲ့ပေမယ့် ကလေးက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်ခဲ့ပါတယ်။
‘‘သူက ဖြစ်ပြီးပြီးချင်း ယောက်ျားလေးတွေတွေ့ရင်ကို ကြောက်နေတယ်။ စကားမပြောတော့ဘူး။ အဆိုးဆုံးကတော့ ကျောင်းမှာပါ။ ပြဿနာတွေဖြစ်လာတယ်’’လို့ မိခင်ကဆိုပါတယ်။
(၆)နှစ်အရွယ် အဲဒီကလေးက ကျောင်းမှာပါ ဒီကိစ္စကိုကလေး အချင်းချင်း နောက်ပြောင်တာတွေကို အရွယ်နဲ့မမျှခံခဲ့ရပါတယ်။
‘‘တစ်ခါတလေ ကျောင်းက ပြန်လာရင်ပြောတယ်။ အမေတဲ့ သမီးကိုအရမ်းစကြတာပဲတဲ့။ သမီး ကျောင်းမသွားပါရစေနဲ့ဆိုတာမျိုးတွေဖြစ်လာတယ်’’ဟု မိခင်ဖြစ်သူက ကြွေကွဲစွာဖွင့်ဟပါတယ်။ မမော်ရဲ့ (၆)နှစ်အရွယ် သမီးငယ်လိုဖြစ်စဉ်မျိုးတွေ့ကြုံရတဲ့ မိသားစုတွေ အမြောက်အမြား ရှိနေပါတယ်။ လက်ရှိစာရင်းဝင်နေတဲ့ သက်ငယ်မုဒိမ်းမှုတွေရှိသလို လူမသိသူမသိနဲ့ ပြီးသွားတဲ့ အမှုအမြောက်အမြားလည်း ကျန်နေပါသေးတယ်။ ဖြစ်ပွားနေတဲ့ အခြေအနေတွေအရ ကလေးတွေကို များသောအားဖြင့် အသက် (၅၀) အထက်ပိုင်းတွေက ကျူးလွန်ကြတာဖြစ်တယ်လို့ သက်ငယ်မုဒိမ်းလေ့လာသူတွေက ဆိုပါတယ်။ ကျူးလွန်သူတွေထဲမှာ ဒီလိုလူတွေအပြင် မိသားစုနဲ့ ရင်းနှီးယုံကြည်ရလွန်းတဲ့သူတွေ၊ တစ်ရပ်တည်းနေသူတွေ၊ ကျောင်းဆရာတွေ၊ ကလေးတွေကို စောင့်ရှောက်တဲ့သူတွေ၊ သင်္ကန်းဝတ်တချို့နဲ့ စစ်သားတွေအထိ ပါဝင်နေပြီးတော့ အများဆုံးဖြစ်စဉ်တွေကတော့ မိသားစုနဲ့ ယုံကြည်ရတဲ့လူတွေဆီမှာ အပ်နှံထားရင်းနဲ့ ဖြစ်တဲ့ကိစ္စတွေ
များပါတယ်။
‘‘အခုအခြေအနေတွေက ကလေးတွေနဲ့ပတ်သက်ရင် ဘယ်သူ့ကိုမှ မယုံပါနဲ့လို့ပဲ ပြောချင်ပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ရင်အုပ်မကွာထားပါ။ ကျူးလွန်မှုတွေမှာ ဖခင်ဖြစ်သူကတောင် လုပ်နေတာတွေရှိတယ်။ ဒါကြောင့် သဘာဝအားဖြင့်ပြောရရင် ပုရိသနဲ့ ဣတ္ထိယတွေဖြစ်တာကြောင့် ဒီကိစ္စမျိုးတွေက အခန့်မသင့်ရင် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဖခင်လုပ်သူက မူးနေတာမျိုး၊ အသိဉာဏ်ကင်းမဲ့နေတာမျိုးဆို ပိုပြီးဂရုစိုက်သင့်တယ်။ ဒါကြောင့် ဘယ်သူနဲ့မှ ကိုယ့်ကလေးကို မယုံပါနဲ့လို့ ပြောချင်ပါတယ်’’ဟု ဦးခင်ဇော်ကဆိုပါတယ်။
မွန်ပြည်နယ်က ကလေးငယ်အမှုကို ကူညီပေးနေတဲ့ ဒေါ်ခင်သန်းနွယ်ကတော့ အခုလိုပြောပါတယ်။ ကျွန်မကတော့ ရှင်းတယ်။ နယ်မှာဆိုတော့ ပညာပေးပွဲတွေဆိုပြောတယ်။ အဖေနဲ့တောင်စိတ်မချပါနဲ့လို့မှာတယ်။ အဲဒီလိုမှာတော့ တချို့ကလေးဖခင်တွေက စိတ်ဆိုးတယ်။ သူတို့ကလေးက အဖေနားတောင်မကပ်တော့ဘူးဆိုပြီးတော့။ မတတ်နိုင်ဘူး။ အခြေအနေက အဲဒီလောက် သတိထားမှရမယ့် အနေအထားဖြစ်နေတယ်’’လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးနဲ့ အရက်သေစာသုံးစွဲမှုများက ကလေးသူငယ်များကို အဓမ္မကျူးလွန်ဖို့ တွန်းအားပေးနေတယ်လို့ ယူဆနိုင်သော်လည်း အဓိကကျတဲ့ အချက်မှာ ကလေးငယ်တွေ မိဘနှင့်ကင်းကွာနေတဲ့ တဒင်္ဂမှာ ဖြစ်ပွားနေခြင်းဖြစ်ပါတယ်။
‘‘ကိုယ့်ဆွေမျိုးတောင် မယုံရတဲ့ခေတ်မှာ သူစိမ်းကိုယုံပြီး အပ်ထားတာ ကလေးပဲဆိုပြီး ပေါ့ဆတာ။ အခုတချို့ဆိုမြင်နေရတယ်။ ကလေးကို ဆိုက်ကားသမားနဲ့ ကျောင်းကြိုကျောင်းပို့ လုပ်ခိုင်းနေတာတွေ။ ဒါတွေက ဒီလိုပြဿနာတွေဖြစ်ဖို့ အခွင့်အရေးတွေ’’လို့ ကလေးနှစ်ဦးမိခင်ဖြစ်သူ မတင်ရူပါဝင်းကဆိုပါတယ်။
မရမ်းကုန်းမြို့နယ်က မိခင်တစ်ဦးဖြစ်တဲ့ မမိခိုင်ကတော့ ဒီဖြစ်စဉ်တွေကြောင့် သမီးအတွက် ပိုပြီးစိုးရိမ်နေရပါတယ်လို့ ဆိုပါတယ်။ သမီးကို အရင်းဖြစ်ဖြစ်၊ သူစိမ်းဖြစ်ဖြစ်၊ ဘယ်သူကဖြစ်ဖြစ် နမ်းတာပြုတာ၊ ကိုင်တွယ်တာတွေ မခံဖို့အထိ နားလည်အောင်မှာ ထားရတယ်လို့ဆိုပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး လေ့လာသူတွေရဲ့ အကြံပြုချက်တချို့ ရှိပါတယ်။ အဲဒါကတော့ ကလေးတွေကို နားလည်တတ်ပြီဆိုတာနဲ့ ဒီလိုပြစ်မှုကျူးလွန်တာတွေ ရှိနေတာကို အသိပေးဖို့ လိုပါတယ်လို့ ပြောပါတယ်။ ကလေးတွေကို မှုခင်းအခြေအနေတွေ၊ ကျူးလွန် တတ်တဲ့သူတွေရဲ့ အပြုအမူတွေကို နားလည်အောင်ပြောပြထားဖို့ အကြံပြုကြပါတယ်။
‘‘အဓိကက ကလေးတွေမှာပါ ဒီအသိရှိနေဖို့လိုတယ်။ လူကြီးတွေအနေနဲ့ ရှက်စရာတစ်ခုလို သဘောမထားဘဲ ပြောပြရမယ်။ ဘယ်မှာတော့ သမီးတို့အရွယ်ကလေးလေးကို ဘယ်လိုအမှုမျိုး ဖြစ်တယ်။ ဘာတွေသတိထားရမယ်ဆိုတာမျိုး နားလည်အောင် ပြောပြဖို့လိုတယ်’’လို့ ဦးခင်ဇော် (မရမ်းကုန်း)က အကြံပြုပါတယ်။
ကလေးငယ်တွေ အဓမ္မကျူးလွန်ချင်းမခံရဖို့ အရေးတကြီးလုပ်ရမယ့်အချက်နှစ်ချက်ရှိပါတယ်။ အဓိကတစ်ချက်က မိဘအုပ်ထိန်းသူတွေ ကိုယ်တိုင်မျက်စိအောက်က အပျောက်မခံဖို့၊ ကျူးလွန်သူတွေအတွက် သတိလက်လွတ် အခွင့်အရေးပေးလိုက်မိတာမျိုးမဖြစ်ဖို့၊ အရေးကြီးဆုံးတစ်ချက်ကတော့ ဥပဒေအကာအကွယ်ဖြစ်ပါတယ်။ ရှိပြီးသားပြဋ္ဌာန်းပြီးသား ဥပဒေတွေမှာ ကလေးငယ်တွေနဲ့ ပတ်သက်ရင် သေဒဏ်၊ တစ်ကျွန်း စတဲ့ ပြစ်ဒဏ်သတ်မှတ်မှုတွေ ရှိနေပါလျက်နဲ့ တရားရုံးတွေမှာ ဒီပြစ်ဒဏ်ချမှတ်မှုတွေ နည်းပါး လွန်းနေပါတယ်။ ပြစ်မှုထင်ရှားကျူးလွန်သူကိုသေဒဏ်ချမှတ်တဲ့အထိ ချမှတ်ဖို့လိုလားသူတွေ များလာပါတယ်။
ဦးခင်ဇော်ကတော့ဒီအမှုတွေနဲ့ပတ်သက်ပြီး သေဒဏ်ပေးဖို့ကို လွှတ်တော်မှာ တင်ပြတုန်းက ရှုံးနိမ့်သွားခဲ့တာကို ဘဝင်မကျဘူး။ ကန့်ကွက်တဲ့သူတွေထဲမှာ သူတို့မိသားစု၊ သူတို့ကလေး မပါသေးလို့လားဆိုတာမျိုး စဉ်းစားမိတယ်။ အရေးကြီးဆုံးကတော့ တရားရုံး တွေပါ။ ပြစ်မှုထင်ရှားရင် ပြတ်ပြတ်သားသားလုပ်ဖို့ တောင်းဆိုချင်ပါတယ်လို့ ပြောပါတယ်။
‘‘အဓိက သမ္မတကြီးကို မှာချင်ပါတယ်။ သူပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ ဒီသက်ငယ်မုဒိမ်းသမားတွေကို လုံးဝပြန်မထည့်ပါနဲ့လို့ မှာချင်ပါတယ်’’ဟု ဦးခင်ဇော်က တိုက်တွန်းပါတယ်။
မမော်ရဲ့ (၆)နှစ်အရွယ် သမီးလေးအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ပြန်လည်ကုသဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် သူ့ကိုကျူးလွန်ခဲ့တဲ့ အသက်(၇၀)ကျော် အမျိုးသားကတော့ ကံကောင်းခဲ့ပါတယ်။ အဲဒီလူဟာ ထောင်ဒဏ်လေးနှစ်ပြစ်ဒဏ်ချခံရပေမယ့် တစ်နှစ်ကျော်တဲ့ အချိန်မှာပဲ သမ္မတကပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အကျိုးကျေးဇူးနဲ့ပြန်လည်လွတ်မြောက်လာပါတယ်။
7day daily

မှတ်ချက်များ