အမှိုက်မရှိတဲ့ရွာ
အီတူတို့အမေ အစောကြီးကတည်းကနိုးနေပြီ။ သမီးလေးကို ကျောင်းလိုက်ပို့ရမယ်။ အဖေကြီးစားဖို့ ထမင်း ချက်ပေးခဲ့တယ်။ သမီးလေးကလည်း မနက် ၄ နာရီလောက်ကတည်းက အရမ်းတက်ကြွပြီး ပြန်အိပ်ခိုင်းလို့ မရတော့ဘူး။
“မေမေ … သမီးကျောင်းသွားတော့မယ်”
“အီတူ … အစောကြီးရှိသေးတယ် .. ခုမှ ၇ နာရီပဲရှိသေးတယ်။ ကျောင်းက ၈ နာရီအရောက်လေ”
အီတူက ဒီနှစ် ပထမတန်းစတက်တယ်။ ဒီနေ့ သူတို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းမှာ ဆရာက ဘာခေါင်းစဉ်နဲ့ လုပ်ဆောင်ခိုင်းမယ်ဆိုတာ မိဘတွေ အားလုံး စိတ်ဝင်စားနေကြတယ်။
မနက် ၈ နာရီထိုးတော့ ကျောင်းထဲမှာ လိုက်ပို့တဲ့မိဘတွေအများကြီး ရောက်လာတယ်။ စာသင်ခန်းထဲကနေ သူတို့ ကလေးတွေ ဘာတွေ လုပ်ဆောင်ဖို့ ထွက်လာမယ်ဆိုတာ ဝိုင်းပြီးတော့ စောင့်စားနေကြတယ်။
မကြာပါဘူး။ ဆရာဦးဆောင်ပြီးတော့ ကလေးတွေ အိတ်ကလေးတွေ ကိုယ်စီကိုင်ပြီး အပြင်ထွက်လာကြတယ်။ ဆရာက
“မိဘတွေ ကစားကွင်းထဲမှာ ထိုင်နေကြပါ။ ကျွန်တော် သူတို့ကို အလုပ်ပေးလိုက်ပါပြီ” လို့ အော်ပြောလိုက် တယ်။
“ဆရာ … ကလေးတွေကို ဘာတွေ ခိုင်းလိုက်သလဲ” မိဘတွေ ဝိုင်းမေးကြတယ်။
ကလေးတွေက အဖွဲ့လိုက် အပြင်ကို ထွက်သွားကြတယ်။ လေးယောက်တစ်ဖွဲ့ဆိုတော့ စုစုပေါင်း ၅ အုပ်စုဟာ ရွာထဲကို ထွက်သွားကြတယ်။
ဆရာက မိဘတွေ ထိုင်နေတဲ့ ကစားကွင်းဘက်ကိုလာပြီး
“ကျွန်တော် သူတို့ကို အမှိုက်ကောက်ခိုင်းလိုက်တယ်” လို့ ပြောလိုက်တယ်။
အီမွန်ရွာမှာ အမှိုက်မှမရှိတာ။ အမှိုက်ဆိုတာ လမ်းပေါ်မှာရှိနေရင် ရှက်စရာကောင်းတယ်လို့ ယူဆတာကြောင့် မိုးလင်းတာနဲ့ ရွာထဲမှာ အမှိုက်မရှိရေးဟာ အီမွန်ရွာရဲ့ အကြီးမားဆုံးသော ကာကွယ်စောင့်ရှောက်ရေးဖြစ် နေတာ။ ဘိုးဘွားမိဘတွေ လက်ထက်ကတည်းကဆိုရင် နှစ်ပေါင်းကြခဲ့ပြီပေါ့။
“ဆရာ … ကလေးတွေကို နှိပ်စက်လိုက်တာလား။ အီမွန်မှာ အမှိုက်ရှာတာ ရွှေထက်တောင် ခက်မယ် ထင်ပါ တယ်။ ကျွန်မတို့ လူနေမှုမှာ အမှိုက်တွေ မရှိတာ၊ အမှိုက်ကို စွန့်ပစ်ထားစရာလို့ မခံယူတာ နှစ်ပေါင်းကြာမှပဲ။ ဆရာ ဒီနေ့ခိုင်းတာကတော့ ရက်စက်ရာ ကျပါတယ်”
“စောင့်ကြည့်ပါ.. ခင်ဗျားတို့ ကလေးတွေမှာ အစွမ်းအစရှိရင် အမှိုက်ရလာပါလိမ့်မယ်”
တစ်နာရီလောက်ကြာတော့ ကလေးတွေ အိတ်လေးတွေကိုင်ပြီး ပြန်လာကြတယ်။ ပျော်ရွှင်စွာ ခုန်ပေါက်ပြေး လာတဲ့အဖွဲ့ကို ဦးဆောင်လာသူက အီတူပေါ့။
“ဆရာ … အီတူတို့ အမှိုက်တွေရလာတယ် … အီတူတို့ အမှိုက်တွေရလာတယ်”
“ကျန်တဲ့ကလေးတွေ ဘာလို့ အမှိုက်မရလာတာလဲ”
“တစ်ရွာလုံး အမှိုက်မရှိဘူးဆရာ”
“အီတူတို့အဖွဲ့ ဘယ်လိုလုပ်ပြီး ဒီအမှိုက်တွေရလာသလဲ”
“သမီးတို့အဖွဲ့ ရွာထဲလှည့်ပြီး အမှိုက်ရှာတယ်။ ဆရာက မြက်တွေမလိုချင်ဘူးဆိုလို့ မြက်တွေ မနုတ်ရင် ဘာအမှိုက်မှ မရှိဘူး။ ဒါနဲ့ ဖွားဖွားမိုးမိုးအိမ်ကို တံခါးသွားခေါက်တယ်။ ဖွားဖွားက ဖျားနေတယ်။ သမီးတို့ ဖွားဖွား အိမ်ကို ဝိုင်းပြီးသန့်ရှင်းရေးလုပ်ပေးတယ်။ ဖွားဖွားအတွက် ရေနွေးကျိုပေးခဲ့တယ်။ မိုးမိုးက သမီးတို့ကို အမှိုက်တွေဆိုပြီး ပေးလိုက်တယ်”
အားလုံးသောအဖွဲ့တွေထဲမှာ အီတူတို့အဖွဲ့က အနိုင်ရတယ်။ ကလေးတွေ ပျော်သွားကြတယ်။ အီတူတို့ရလာတဲ့ အမှိုက်တွေဟာ ဘာတွေလဲလို့ စိတ်ဝင်စားစွာနဲ့ အမှိုက်အိတ်ကို ဖွင့်လိုက်ကြတယ်။ ကစားကွင်းထဲမှာ သွန်ချလိုက်တဲ့ အမှိုက်အိတ်ကို အားလုံး စိတ်ဝင်စားစွာ လာကြည့်ကြတယ်။ ဂေါ်ဖီရွက်တွေ ဖြစ်နေတယ်။
ဆရာက ဂေါ်ဖီရွက်တွေကို အိတ်ထဲပြန်ထည့်ပြီး နေ့ခင်းကျောင်းဆင်းပေးလိုက်တယ်။ ထမင်းစားချိန်မှာ ဆရာက စက်ဘီးလေးဆွဲပြီး မိုးမိုးတို့အိမ်ကို လာခဲ့တယ်။
“မိုးမိုး ဘာဖြစ်လို့ စားမယ့် ဂေါ်ဖီရွက်တွေကို အမှိုက်တွေဆိုပြီး ကလေးတွေကို ပေးလိုက်ရတာလဲ”
“ဆရာ … ကလေးတွေ ပျော်သွားအောင်လို့ပါ… ငါစားဖို့ထက် သူတို့ ပျော်ဖို့ အရေးကြီးတယ်”
ဆရာက မိုးမိုးကို ထိုင်ကန်တော့လိုက်တယ်။ တကယ်တော့ မိုးမိုးကြောင့် သူ ဒီဘဝရောက်ခဲ့ရတာ။ မိုးမိုးလို အနစ်နာ စေတနာနဲ့ မပြုစုမစောင့်ရှောက်ခဲ့ရင် သူဆရာဖြစ်လာစရာ အကြောင်းမရှိဘူး။
“မင်းတုန်းကလည်း ငါ အမှိုက်တွေ ပေးခဲ့ရသေးတယ် … မှတ်မိသေးလား” လို့ မိုးမိုးကမေးလိုက်တယ်။
ဆရာလေးက အိတ်ထဲကနေ ဂေါ်ဖီရွက်လေးတွေကိုထုတ်ပြီး ရေဇလုံထဲမှာ သွားဆေးပေးကာ စားပွဲပေါ်တင်ပြီး ပြန်ထွက်သွားတယ်။
ကျောင်းတက်ခေါင်းလောင်းသံကြားနေရပြီလေ။
(ဖတ်မိတဲ့အထဲက ဂျပန်ဝတ္ထုတိုလေးတစ်ပုဒ်ကို မှတ်မိသလောက် ပြန်ရေးပြတာပါ)
၁၃.၁၂.၂၀၁၅
Credit: တင်ညွန့်

မှတ်ချက်များ