ပဲရစ်တိုက်ခိုက်မှုနှင့် ဆက်နွယ်သူ နှစ်ဦးကို သြစတြီးယား ဒုက္ခသည်စခန်းမှ ဖမ်းဆီးရမိ


ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည် ပဲရစ် တိုက်ခိုက်မှုနှင့် ဆက်နွှယ်သူ နှစ်ဦးကို သြစတြီးယား နိုင်ငံ ဆယ်ဇ်ဘာ့ဂ်မြို့ရှိ ဒုက္ခသည် ကယ်ဆယ်ရေး စခန်းမှ ဖမ်းဆီးရမိ ခဲ့ကြောင်း မြို့နယ်အစိုးရ ရှေ့နေရုံးက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိသူ နှစ်ဦးစလုံးသည် အမျိုးသားများ ဖြစ်ပြီး အပြစ်မဲ့ပြည်သူ ၁၃ဝ ဦး သေဆုံးခဲ့သည့် နိုဝင်ဘာ ၁၃ ရက် တိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့ သူများကို ထောက်ပံ့ပေးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သြစတြီးယား သတင်းစာ နှစ်စောင်က ဖော်ပြ ထားသည်။

''အခု ဖမ်းဆီးရမိတဲ့ အမျိုးသား နှစ်ဦးက အရှေ့အလယ်ပိုင်း ဒေသကနေ ရောက်ရှိလာ သူများဖြစ်ပြီး အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်ကြောင်း သံသယရှိတဲ့ အတွက် ယခုရက်သတ္တပတ် အကုန်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်း စုံစမ်းစစ်ဆေးမှု တွေအရတော့ သူတို့နှစ်ဦး စလုံးဟာ ပဲရစ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သူ များကို ထောက်ပံ့မှုများ ပေးအပ်ခဲ့တယ် ဆိုတာ သက်သေ အခိုင်အမာ ရရှိထားပါတယ်'' ဟု အစိုးရ ရှေ့နေရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ရောဘတ် ဟိုလ်ဇလိုင်နာ က ပြောကြား ထားသည်။

ထို့ပြင် အဆိုပါ အမျိုးသား နှစ်ဦးသည် အယ်လ်ဂျီးရီးယား နှင့် ပါကစ္စတန်နိုင်ငံ တို့မှ ဖြစ်ကြောင်း၊ ၄င်းတို့သည် ပဲရစ် တိုက်ခိုက်မှု ကျူးလွန်သူများ နှင့်အတူ ဆီးရီးယား ပတ်စ်ပို့အတု ကိုင်ဆောင်ကာ ဂရိနိုင်ငံမှ တစ်ဆင့် ဥရောပသို့ ဝင်ရောက် လာခြင်း ဖြစ်ကြောင်းနှင့် ၄င်းတို့ကို နိုင်ငံခြား ထောက်လှမ်းရေး ဌာနများ၏ သတင်းပေးပို့မှု အပေါ် အခြေခံကာ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သြစတြီးယား သတင်းစာ တစ်စောင်က ဖော်ပြထားသည် ဟု သိရသည်။

Pyi Chit Thar

မှတ်ချက်များ