ပြင်သစ်အမဲသားဟင်းလျာ ချက်စားကြမယ်



မြန်မာတိုင်း(မ်)ရဲ့ ဧည့်သည်စားဖိုမှူး Wayne Third က ပြင်သစ်လူမျိုးတွေ အထူးအကြိုက်တွေ့ကြတဲ့
အမဲသားဟင်းတစ်မျိုးဖြစ်တဲ့ beef bourguignon ချက်နည်းကို ဝေမျှပေးမှာဖြစ်ပါတယ်။

Third ဟာ နှစ်ပေါင်း ၃၀ ကျော် စားဖိုမှူးအတွေ့အကြုံရှိသူဖြစ်ပြီး ယူကေ၊ မလေးရှား၊ ကင်ညာ၊
ဩစတြေးလျ တို့အပါအ၀င် ကမ္ဘာတစ်ဝန်းလှည့်လည်ပြီး လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

လက်တင်အမေရိကန်အစားအစာတွေရနိုင်တဲ့ Hummingbird စားသောက်ဆိုင်မှာ executive chef
အဖြစ် လုပ်ကိုင်ဖို့အတွက် ရန်ကုန်ကို ၂၀၁၄ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ပြီး မကြာသေးခင်ကမှ
အသစ်ဖွင့်လှစ်လိုက်တဲ့ ပြင်သစ်စားသောက်ဆိုင် Le Petit Comptoir အတွက်လည်း
မီနူးပြင်ဆင်ပေးနေသူဖြစ်ပါတယ်။

Third ဟာ ဟင်းလျာအသစ်တွေကို ဖန်တီးရတာကို ကြိုက်နှစ်သက်သူဖြစ်သလို ဒေသထွက်
အမည်တွေကို အသုံးပြုပြီး အရည်အသွေးမြင့်မားကောင်းမွန်တဲ့ အစားအစာတွေ
ဖန်တီးရတာကိုလည်း ကျေနပ်ဂုဏ်ယူသူ ဖြစ်ပါတယ်။

ကဲ... ဒီတော့ စာဖတ်ပရိသတ်တွေလည်း Third ရဲ့ အမဲသားဟင်းလျာကို အိမ်မှာ ကြိုးစားပြီး
ပြင်ဆင်ချက်ပြုတ်ကြည့်ကြပါလို့။

ပါဝင်ပစ္စည်းများ
အတုံးလေးတွေတုံးထားတဲ့ အမဲသား ၂ ကီလိုဂရမ် (သို့) ၁ ပိဿာ
Button mushroom ၂၅၀ ဂရမ် (သို့) ၁၅ ကျပ်သား (ရေဆေးထားပါ)
ဝိုင်နီ ၅၀၀ မီလီလီတာ
ထောပတ် ၁၀၀ ဂရမ် (သို့) ငါးကျပ်သားကျော်ကျော်
ကြက်သွန်နီအသေး ၁ ပေါင် (သို့) အစိတ်သား (အခွံနွှာထားပါ)
ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
မုန်လာဥနီ ၄ ချောင်း (အခွံနွှာပြီး အတုံးလေးတွေတုံးထားပါ)
အနက်ရောင် ငရုတ်ကောင်းမှုန့် ၁၅ ဂရမ် (သို့) အနည်းငယ်
တရုတ်နံနံ အနည်းငယ် (နုပ်နုပ်စဉ်းထားပါ)
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
စမုန်ဖြူခြောက် အနည်းငယ်
ကရဝေးရွက် ၁ ရွက်

ပြင်ဆင်ပုံ

မီးအနေတော်လောက်နဲ့ သံဒယ်အိုးကိုတည်ပြီး ထောပတ်ထည့်ပါ။

ထောပတ်တွေ ပျော်လာတဲ့အခါ အသားတွေထည့်လိုက်ပြီး မျက်နှာပြင်တွေအကုန်လုံး
အညိုရောင်ပြောင်းသွားအောင် လုပ်ပါ။

နောက်တစ်ဆင့်မှာ ကြက်သွန်နီတွေကို အလုံးလိုက် ထည့်ချက်ပါ။

မုန်လာဥနီ၊ မှိုနဲ့ ကြက်သွန်ဖြူတို့ကိုလည်း ထည့်ပါ။

ငါးမိနစ်ကနေ ၁၀ မိနစ်လောက်အထိ ကြက်သွန်နီတွေ နူးအိလာတဲ့အထိ ဆီပူထိုးကြော်ပေးပါ။

ကြက်သွန်နီ အိလာပြီဆိုရင် ၀ိုင်နီ၊ ကလပွေးရွက်၊ တရုတ်နံနံနဲ့ စမုန်ဖြူခြောက်တွေကိုထည့်ပြီး

မီးမျှဉ်းမျှဉ်းလေးနဲ့ နှစ်နာရီလောက် (သို့) အသားတွေနူးအိလာတဲ့အထိ ချက်ပေးပါ။

အရည်လိုတယ်ဆိုရင် ၀ိုင် ထပ်ထည့်ပေးပါ။

မဟုတ်ရင်လည်း ကြက်ပြုတ်ရည် (သို့) ရေထည့်ချက်နိုင်ပါတယ်။

ဒီလိုဆိုရင် ပြင်သစ်စတိုင် အမဲသားချက်လေး ရပါပြီ။

Myanmar Time

မှတ်ချက်များ