အခရာအမျိုးသမီးအဖွဲ့က အမျိုးသမီးပန်းထိမ်ဆရာမတွေ မွေးထုတ်ပေးမည်


အမျိုးသမီးတွေဝတ်ဆင်တဲ့ ရွှေထည်၊ ငွေထည် လက်ဝတ်အဆင်တန်ဆာတွေကို အများအားဖြင့်
အမျိုးသားပန်းထိန်ဆရာတွေသာ ပြုလုပ်လေ့ရှိကြပါတယ်။

ဒါဟာ မိန်းကလေးတွေ အားမရှိတာ၊ အနုစိတ်လှပတဲ့ လက်ဝတ်ရတနာတွေကို သူတို့ လက်နဲ့
ကိုယ်တိုင်မပြုလုပ်ချင်တာကြောင့် မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ပန်းထိမ်အလုပ်ကို အမျိုးသားတွေသာ လုပ်ရတဲ့အလုပ်လို့
ပုံသေကားကျ သတ်မှတ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ဩစတြီးယားနိုင်ငံသား ပန်းချီဆရာ၊ ဓာတ်ပုံဆရာChristian Hainzl ဟာ
 မြန်မာနိုင်ငံမှာ နေထိုင်နေစဉ် ငါးနှစ်တာအတွင်း ရိုက်ကူးဖြစ်ခဲ့တဲ့ ရှုခင်းတွေ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ဓာတ်ပုံတွေနဲ့ ပန်းချီကား စုစုပေါင်း ၇၀ ခန့်ကို Goethe Villa မှာပြသခဲ့ပါတယ်။

ဓာတ်ပုံတွေကိုတော့ ရောင်းချပြီး ပန်းချီကားတွေကိုတော့ လေလံတင်ခဲ့တာပါ။

သူ့ရဲ့ရည်ရွယ်ချက်ကတော့ ပန်းချီကားတွေနဲ့ ဓာတ်ပုံတွေ ရောင်းရငွေအကုန်လုံးကို အခရာအမျိုး
သမီးအဖွဲ့တည်ထောင်သူ မထားထားရဲ့ စိတ်ကူးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပန်းထိမ်ဆရာမတွေ
ပေါ်ပေါက်လာဖို့အတွက် ငွေကြေးလှူဒါန်းပေးဖို့ပဲ ဖြစ်ပါတယ်။

"၂၀၁၀ ပြည့်နှစ် အခရာအမျိုးသမီးအဖွဲ့ကို တည်ထောင်တဲ့အခါ အဖွဲ့မှာ ရန်ပုံငွေလိုအပ်လာတဲ့အတွက်
ငွေထည် ပစ္စည်းလေးတွေကို ဒီဇိုင်းဆွဲပြီး ငွေထည်ဆိုင်မှာ အပ်တယ်။ ရောင်းချပြီး အကျိုးအမြတ်ကို
ရန်ပုံငွေအဖြစ် အသုံးပြုခဲ့ပါတယ်။ ငွေထည်ကို ချဲ့ထွင်လုပ်ရင် စီးပွားရေးတစ်ခုဖြစ်မြောက်မယ်ဆိုတာ
သိခဲ့ရပါတယ်။ လုပ်ရင်းနဲ့သိလာတာက အမျိုးသမီးတွေရဲ့ ရွှေနဲ့ငွေထည် လက်ဝတ်လက်စားတွေကို
အမျိုးသား ပန်းထိမ်ဆရာတွေပဲ လုပ်နေကြတယ်။ ပန်းထိမ်ဆရာမ မရှိဘူးဆိုတာပဲ"လို့ အခရာအမျိုးသမီးအဖွဲ့ကို တည်ထောင်သူ မထားထားက ဆိုပါတယ်။

အမျိုးသမီးတွေ ကြိုက်နှစ်သက်စွာ ၀တ်ဆင်တဲ့ ငွေထည်၊ ရွှေထည်အဆင် တန်ဆာတွေကို အမျိုးသမီးတွေ ကိုယ်တိုင်လုပ်ရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ အတွေးမျိုး သူ့မှာဖြစ်ပေါ်လာခဲ့ပါတယ်။

အမျိုးသမီးတွေကို ပန်းထိမ်နဲ့ပတ်သက်ပြီး သင်တန်းပေးမယ်ဆိုရင် အမျိုးသမီးတွေလည်းဝင်ငွေရမှာဖြစ်သလို လုပ်ငန်းကို ချဲ့ထွင်လုပ်ကိုင်ရင် စီးပွားဖြစ်ပြီး ပန်းထိမ်ဆိုင်ပိုင်ရှင်တွေတောင်ဖြစ်လာနိုင်တဲ့ အတွက် ပန်းထိမ်လုပ်ငန်းကိုစိတ်ဝင်စားပြီး အချိန်နှစ်မြှုပ်လုပ်ကိုင်နိုင်တဲ့ ဆင်းရဲနွမ်းပါးတဲ့အမျိုးသမီးငါးဦးကို ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်သင်တန်းပေးဖို့ ဖြစ်လာပါတော့တယ်။

"အမျိုးသမီးတွေ ကိုယ်တိုင်လုပ်တဲ့ ဒီဇိုင်းက ဘယ်လိုလာမလဲဆိုတာ စဉ်းစားမိတယ်။ ပန်းထိမ်ဆရာမတွေ ရှိလာရင် ကောင်းမယ်။ ဟိုးရှေးခေတ်က ကျောက်ဟာ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ တန်ဖိုးရှိတယ်။ ဒါကြောင့် မိန်းကလေးတွေက ဘုန်းနိမ့်တဲ့အတွက် ရတနာကိုးသွယ်ကိုမကိုင်ရဘူးဆိုတဲ့ အယူအ
ဆတွေကြောင့် ရွှေနဲ့ငွေ ပန်းထိမ်လုပ်ငန်းမှာ ပန်းထိမ်ဆရာမတွေထွန်းကားမလာခဲ့ပါဘူး။ ခုခေတ်မှာ စက်ယန္တရားတွေလည်း ရှိတယ်။ ယောက်ျားလေးတွေထက်ပိုအားရှိတဲ့ မိန်းကလေးတွေ ရှိတယ်။ ဒါကြောင့် မိန်းကလေး ပန်းထိမ်ဆရာမ ငါးယောက်လောက်ကိုသေသေချာချာသင်ပေးပြီး ပထမဦးဆုံး မိန်းကလေးပန်း
ထိမ်ဆရာမတွေ ထွက်ပေါ်လာဖို့ စတင်မှာဖြစ်တယ်"လို့ မထားထားက ပြောပါတယ်။

"ကျွန်တော် မထားထားကို လွန်ခဲ့တဲ့ ငါးနှစ်လောက်က စသိတာပါ။ ကျွန်တော့် သမီးနဲ့ သူ့သမီးက
ကျောင်းနေဖက်သူငယ်ချင်းတွေပါ။ သူ့ရဲ့ Whistle for Help campaign (ဘတ်စ်ကားတွေပေါ်မှာ
အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုကို ရပ်တန့်သွားအောင် လှုံ့ဆော်မှု)ကို ကျွန်တော်
အရမ်းသဘောကျပါတယ်။ သူတို့မိသားစုနဲ့ ကျွန်တော်တို့နဲ့ အရမ်းရင်းနှီးသွားတဲ့အခါ သူ့ရဲ့အိပ်မက်
တစ်ခုဖြစ်တဲ့ အမျိုးသမီးပန်းထိမ်ဆရာမတွေကို မွေးထုတ်ပေးမယ့် အစီအစဉ်ကို သူပြောပြတော့ ကျွန်တော် အရမ်းစိတ်ဝင် စားမိပြီး ကျွန်တော့်အနုပညာတွေကို သူ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ လှူဒါန်းချင်သွားတယ်"လို့ လက်ရှိမှာ United Nations Development Programme ရဲ့ Senior Development Professional အဖြစ် အလုပ်လုပ်ကိုင်နေတဲ့Mr Christian Hainzl က ပြောပါတယ်။

သူတို့ ဩစတြီးယားနိုင်ငံမှာ စိတ်ဝင်စားတဲ့သူတိုင်း ပန်းထိမ်လုပ်ငန်းကို လုပ်ကိုင်နိုင်သလို
မြန်မာနိုင်ငံမှာလည်း အတတ်ပညာတစ်ခုအဖြစ် အမျိုးသားတွေနဲ့တန်းတူ အမျိုးသမီးတွေလည်း
အခွင့်အရေးရသင့်တယ်လို့ သူက ပြောပါတယ်။

မထားထားဟာ ငါးနှစ်တာကာလအတွင်းမှာ ရှားရှားပါးပါး အမျိုးသမီး ပန်းထိမ်ကျွမ်းကျင်
ပညာရှင်တစ်ဦး ရှာတွေ့ခဲ့ပါတယ်။

အဲဒီအမျိုးသမီးဟာ ပန်းထိမ်ပညာကို ယောက်ျားတွေကြားမှာ ခက်ခက်ခဲခဲ သင်ယူခဲ့ရသူဖြစ်ပါတယ်။

သို့ပေမယ့်လည်း ခုချိန်မှာ ပန်းထိမ်ဆရာမ အနေနဲ့ အသက်မွေးဝမ်းကျောင်း မပြုတော့ဘူးလို့
မထားထားက ပြောပါတယ်။

သင်တန်းပေးမယ့် အမျိုးသမီး ငါးဦးကိုတော့ အမျိုးသားကျွမ်းကျင်ပန်းထိမ်ဆရာကပဲ ဦးဆောင်သင်ကြားပေးမှာဖြစ်ပါတယ်။

နောက်ပိုင်းမှာ ငွေပန်းထိမ်အပြင် ရွှေပန်းထိမ်အတတ်ပညာပါ သင်ကြားပေးသွားမယ့်အပြင် ပန်းထိမ်ပိုင်
ရှင်တွေ ဖြစ်လာတဲ့အထိ ပျိုးထောင်ပေးဖို့ ရည်မှန်းချက်ရှိတယ်လို့ မထားထားကပြောပါတယ်။

အခရာအဖွဲ့ဟာ လက်ရှိမှာလည်း အမျိုးသားပန်းထိမ်ဆရာတွေ ပြုလုပ်ပေးတဲ့ လက်ဝတ်လက်စားတွေကို
 ရောင်းချပေးနေပြီး သိမ်ဖြူလမ်းက Pomelo လက်မှုပစ္စည်း ဆိုင်မှာ (သို့) www.akhaya.org ကတစ်ဆင့်လည်း ၀ယ်ယူနိုင်ပါတယ်။

ဇွန်ပန်းပွင့် - Myanmar Time

မှတ်ချက်များ