လိင်တူစုံမက်သူများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည့် ၎င်း၏မှတ်ချက်ကို ရုပ်သိမ်းမည်မဟုတ်ဟု ဖိလစ်ပိုင်လက်ဝှေ့ကျော် မက်နီပက်ကွီအိုက ပြောကြားခဲ့သည်။
ပက်ကွီအိုက လိင်တူစုံမက်သူများသည် တိရစ္ဆာန်ထက် ဆိုးယုတ်သူများဟု ပြောကြားခဲ့ရာ ၎င်း၏မှတ်ချက်အပေါ် ဝေဖန်မှုများစွာ ပေါ်ထွက်လာခဲ့သည်။ ဖိလစ်ပိုင်တွင် လူသိများသည့် နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်နေသည့် ပက်ကွီအိုက ၎င်း၏မှတ်ချက်အတွက် ပြန်တောင်းပန်ခဲ့သော်လည်း သဘောထားအနေဖြင့်မူ ပြောင်းလဲမည်မဟုတ်ဟု ဆိုသည်။ အဆိုပါမှတ်ချက်ကြောင့် အမေရိကန်အားကစားကုမ္ပဏီ Nike က ပက်ကွီအိုကို စပွန်စာ စာချုပ်ချုပ်ဆိုထားမှုကိုလည်း ဖျက်သိမ်းသွားခဲ့သည်။
ပက်ကွီအိုက “ကျွန်တော် ပြောခဲ့တာ အမှန်ပဲ။ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ စကားအမှန်ကို ကျွန်တော်ကိုးကားပြခဲ့တာပဲ ဖြစ်တယ်” ဟု မွေးရပ်မြို့ ဂျင်နရယ်ဆန်းတို့စ်တွင် စခန်းသွင်းလေ့ကျင့်နေစဉ် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။
ပက်ကွီအိုက လိင်တူစုံမက်သူများထက်စာလျှင် တိရစ္ဆာန်များက မြင့်မြတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော တိရစ္ဆာန်များသည် အထီးနှင့်အမ လိင်ကွဲပြားမှု သတ်သတ်မှတ်မှတ် ပြဆိုနိုင်၍ဖြစ်ကြောင်း TV အစီအစဉ်တစ်ခုတွင် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။
ပက်ကွီအို၏မှတ်ချက်ကို ကမ္ဘာတစ်ဝန်းရှိ လိင်တူအခွင့်အရေးလှုပ်ရှားသူများက ဒေါသတကြီးတုံ့ပြန်ခဲ့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယင်းအတွက် စိတ်အေးလက်အေးပင်ရှိကြောင်း ဆိုသည်။ သတင်းထောက်များနှင့် တွေ့ဆုံချိန်၌ Nike တံဆိပ်ပါသော အားကစား အသုံးအဆောင်များကို ဆက်လက်ဝတ်ဆင်ထားသည့် ပက်ကွီအိုက “ကျွန်တော်ကတော့ ပျော်ပျော်ပါပဲ။ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က ကျွန်တော်နဲ့အတူ ရှိနေလို့ပါ” ဟု ပြောကြားသွားသည်။
Ref: BBC
7day

မှတ်ချက်များ