ချက်အရက်သောက်ရာက လူပေါင်း ၂၀ ကျော်သေဆုံး


သေဆုံးသူအများစုဟာ ကျောင်းသားတွေဖြစ်ပါတယ်။

ချက်အရက်သောက်မိရာက လူပေါင်း ၂၀ ကျော်သေဆုံးခဲ့တဲ့ဖြစ်ရပ်တစ်ခု အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းဆွယ်အလယ်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ AFP သတင်းဌာနရဲ့ဖော်ပြချက်အရ ယိုဂရကာတာမြို့မြောက်ဘက် ဆယ်လီမာဒေသမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်လုပ်ချက်အရက်ကို ဝယ်သောက်ရာက လူပေါင်း ၂၆ ယောက်ထိသေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးသူအများစုဟာ ကျောင်းသားတွေဖြစ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစတင်ကာ သေဆုံးမှုတွေဖြစ်ခဲ့တာလို့ သိရပါတယ်။ အရက်ရောင်းသူ လင်မယားနှစ်ယောက်ကို ဖမ်းဆီးထားပြီး သူတို့ရောင်းချခဲ့တဲ့ အရက်ကြောင့် လူပေါင်း ၂၂ ယောက်သေဆုံးစေခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၄ ယောက်သေဆုံးမှုကတော့ ဒီ့ပြင်အရက်ဆိုင်ကဝယ်ခဲ့တဲ့ အရက်ကြောင့်ဖြစ်ပွားတာဖြစ်ပြီး အဆိုပါအရက်ရောင်းသမားကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၁၄ ခုနှစ်တုန်းကလည်း အိမ်လုပ်ချက်အရက်သောက်ကာ လူပေါင်း တစ်ဒါဇင်သေဆုံးခဲ့ပါတယ်။

(DuWun)
Photos & Source: AFP

မှတ်ချက်များ