ရေပြင်ကို ကြာပန်းက လှပသွားစေ၏၊ဘုရား စေတီတို့အား ရှေ့မှခြင်္သေ့ရုပ်က တင့်တယ်စေ၏၊ ပန်း၏ရနံသည် ညလေညင်းကို မွှေးပျံစေ၏။ရေပြင်ကို လှပစေသော ကြာ၏ အရွက် ၊အရိုးတို့သည် နုန်းညွန်မှ ထိုးထွက်ရသော်လည်း အညစ်အကြေးတို့ မစွန်းထင်ဘဲ လှပသော ပန်းကို ပွင့်စေသည်။ ရေသည် ကြာ၏ အလှဖြင့်ပေါင်းစပ်ပြီး လှပသော သဘာဝကို အသက်ဝင်စေခဲ့သည်။
ဘုရားကို တင့်တယ်စေသော ခြင်္သေ့ရုပ်ကြီးများသည် ကန့်တော့ခံ မဟုတ်သော်လည်း ခြင်္သေ့ရုပ်ကြီးများဖြင့် မုဒ်များကို တန်ဆာဆင်လိုက်သည့်အခါ ဘုရားစေတီပုထိုး တို့သည် တင့်တယ်၍ သွားတော့သည်။ ညခင်းအချိန်တွင် လေပြေလေညင်း နုနုလေးများက ဆော့ကစားသည့် အချိန်တွင် လရောင်အောက်က လေနုအေးတွင် ညမွှေးပန်း၏ ရနံသည် လရောင်ကိုအားဖြည့်လို့ လေညင်းကို မွှေးပျံ့စေ၏။
လူ့လောက လူ့သဘာဝတွင် ဘဝဆိုသည့် ခရီးရှည်ကို လျှောက်လှမ်းရာဝယ် မိမိ၏ဘဝအတွက် တင့်တယ်ခြင်း ၊မွှေးပျံခြင်းဖြင့်သာ မည်သူမဆို အတူလျှောက်လှမ်း လိုကြသည်။သို့သော်လည်း အကြောင်းအမျိုးမျိုး ကုသိုလ်ကံအကျိုးပေးက မတူကြလေတော့ အနိမ့်အမြင့် ဆင်းရဲချမ်းသာ ကွာခြားလှပြီး လျှောက်လှမ်းရတဲ့ လမ်းတွေမတူကြပါဘူး၊သို့သော် မွေးဖွားခြင်း သေဆုံးခြင်း ဆိုတဲ့ အဆုံးအစကတော့တူတာပါဘဲ။ တခဏမျှသာဖြစ်သည့် လူ့ဘဝတွင် ချမ်းသာဆင်းရဲ အနှိမ့်အမြင့်ဆိုတဲ့ ဂုဏ်ပကာသနများထက် စိတ်၏ချမ်းသာခြင်းနှင့်အတူ တင့်တယ်မွှေးပျံသော ဘဝလမ်းကိုသာ လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရပေမည်။လှပသော ဘဝအတွက် မိမိ၏ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ ပါတ်ဝန်ကျင်တို့သည် နုန်းညွန်ကဲ့သို့ ဖြစ်နေစေကာမူ မိမိ၏ ကိုယ်စိတ်နှစ်ပါးအား ကြာပင်ကြာပန်း ကဲ့သို့ သန့်ရှင်းစင်ကြယ်စွာဖြင့် လှပနေစေရန် ကြိုးစားရပေမည်။

ထို့ကြာကဲ့သို့ ကျင့်နိုင်မှသာ ကြာက ရေကို လှပအသက်ဝင်စေ သကဲ့သို့ ကျွန်တော်တို့ ပါတ်ဝန်းကျင် လူ့လောက ကိုလည်း မိမိ၏ ကိုယ်စိတ်နှစ်ပါးဖြင့် လှပအသက်ဝင်စေသူ ဖြစ်လာမှာပါ။လောကကို လှပစေသူပေါ့။ ဒီလို မိမိကြောင့် လောကတရား လှပသွားသလို့ မိမိကြောင့် လောကတရားတင့် တယ်သွားဖို့လည်း လိုပါသေးတယ်။ ဘုရား စေတီတွေဟာ ခြင်္သေ့ရုပ်ကြီးရဲ့အားမာန်အပြည့်နဲ့ တည်ကြည်သောအသွင်ကိုဆောင်ပြီး တည်ရှိတာမို့ ဘုရားစေတီတို့ရဲ့ ဂုဏ်ဒြပ်ကို ပိုတင့်တယ်စေသလို့ မိမိဘဝတွင် တည်ကြည်ခြင်း ရိုးသားခြင်း သီလရှိခြင်း ဆိုသည့် လောကကျင့်ဝတ်တွေကို မေတ္တာတရားဖြင့် ကျင့်ဆောင်လိုက်သည့်အခါ လောကကြီးဟာလည်း မိမိကြောင့်ပိုတင့်တယ်သွားရမှာဘဲ ဖြစ်တယ်။
လောကကို လှစေသူ၊လောကကို တင့်တယ်စေသူ မေတ္တာတရားကို အခြေခံသူတစ်ယောက်ဖြစ်စေဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားရမှာပါ။ ဒီလိုလောကကို လှပတင့်တယ်စေသူဟာ လောကကို မွှေးပျံ့စေသူပါ။ဒီနေ့ခေတ်ကို ပုံဖော်တဲ့အခါ မေတ္တာဆိုတဲ့ အလှတရားတွေ သစ္စာဆိုတဲ့ ဆိုစကားတွေ ရိုးသားခြင်းနဲ့ သီလတရားတွေဟာ ခေတ်ဟောင်း ပုံပြင်တစ်ခုလိုကျန်ခဲ့ပြီး အတ္တရဲ့ကျေးကျွန်ဘဝ စက်ရုပ်လိုအသဲနှင့် ဖြတ်ကျော် နေကြရတာက များပါတယ်။

ဒီလို စား၊ဝတ်၊နေရေးနှင့် ခေတ်ပေါ်ပစ္စည်း တွေနောက်ကို လောဘ၊ ဒေါသ မောဟတွေနဲ့ပေါင်းပြီး လိုက်ပါနေသူများအဖို့ လောကကို အဘယ်မှာ လှပစေနိုင်မည်နည်း၊အဘယ်မှာ တင့်တယ် မွှေးပျံစေမည်နည်း။ ထိုသို့ဆိုလျှင် မိမိကိုယ့်ကို လောကကို လှပစေသူ၊ တင့်တယ်စေသူ၊မွှေပျံစေသူများ ဖြစ်ဖို့ လောကကို အချိန်ပေးလိုက်ပါ၊ မေတ္တာကို ဖြန့်ခင်းလိုက်ပါ ၊နှလုံးသားနှင့် နားလည်လိုက်ပါ ။ တစ်ကယ်တော့ အေးချမ်းတဲ့ လောကကိုဖျက်ဆီသူဟာ တစ်ခဏ စိတ်ရိုင်းကြောင့်ပါဘဲ၊ ငြိမ်းချမ်းစွာ အလှဆင်သူ၊လောကကို တင့်တယ်စေသူဟာလည်း မိမိကိုယ်တိုင်ပါဘဲ။
လေပြေမောင် (ရိုးရာလေး)
လေပြေမောင် (ရိုးရာလေး)

မှတ်ချက်များ