လူ့ဘဝ
လူ့ဘဝဆိုတာ ရေနွေးကြမ်းတစ်ခွက်နဲ့တူတယ်။ ခါးသက်ရာက ချိုမြိန်တယ်။
လူ့ဘဝက တစ်သက်လုံး ခါးသီးနေမှာမဟုတ်ဘူး။ ခါးသီးပြီးနောက် ချိုမြိန်မှာပါပဲ..တဲ့။
ရေနွေးကြမ်းသောက်တဲ့အခါ လျှာဖျားမှာခါးပြီး လျှာရင်းမှာချိုသလိုပေါ့.. လူ့ဘဝကလည်း ငယ်ရွယ်စဉ်မှာပင်ပန်းထားရင် အသက်ကြီးလာတဲ့အခါ အိုဇာတာကောင်းတာပေါ့။
အခန်းထဲမှာ တစ်ယောက်တည်းထိုင်ပြီး ရေနွေးတစ်ခွက် ငှဲ့လိုက်တယ်။ ခွက်ထဲက လူးလှိမ့်နေတဲ့ လက်ဖက်ခြောက်ကိုကြည့်ရင်း အတွေးတွေ အငွေ့ပျံမိတယ်။ ပူတဲ့ရေနဲ့ အလောင်းခံလိုက်ရမှ လက်ဖက်ဟာ မွှေးကြိုင်တဲ့ ရနံ့ထွက်လာသလို လူ့ဘဝဟာလည်း ထိုနည်းပါပဲလား…
လက်ဖက်နံ့တွေ သင်းပျံ့နေတဲ့ည၊ ခွက်ထဲကအရောင်ဟာ ဖျော့ရာက ရင့်လာခဲ့တယ်။ လက်ဖက်တွေ ပေါ်လိုက်နစ်လိုက်၊ စုလိုက် ကျဲလိုက်၊ ဖန်ခါး သင်းပျံ့တဲ့ ရနံ့ကြားက လူ့ဘဝဟာ ဖန်ခွက်ထဲက လက်ဖက်တွေနဲ့ တူနေပါပေါ့လား…
လက်ထဲက ဖန်ခွက်ကို လှုပ်ခါကြည့်လိုက်တယ်။ စိမ်းရောင်ဖျော့ဖျော့ လက်ဖက်တွေ တချို့က အပေါ်ကို အတင်းတိုးတက်ကြတယ်။ တချို့က အောက်ကို နစ်သွားကြတယ်။ ပေါ်လိုက် နစ်လိုက်နဲ့ နေရာတွေ ရွေ့ပြောင်းကြတယ်။ ကိုယ်နဲ့ သင့်တော်ညီမျှမယ့်နေရာကို လူတွေရှာဖွေနေကြသလိုပေါ့…
လူ့သဘောသဘာဝအကြောင်း သိရှိနားလည်သူတွေက
ရေနွေးအလောင်းခံထားရတဲ့ လက်ဖက်ခြောက်နဲ့တူတယ်။ ဖြည်းဖြည်းချင်း ဖန်ခွက်အောက်ထဲ နစ်ဝင်ပြီး အပြုံးနဲ့ နှုတ်ဆိတ်နေလိုက်တယ်။ ရုန်းရင်းဆန်ခတ်တဲ့ထဲ ဝင်မပါချင်ကြဘူး။
ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့… ပေါ်လိုက် နစ်လိုက်၊ အောင်မြင်လိုက် ကျရှုံးလိုက်တဲ့ဒဏ်ကို မခံနိုင်ရင် ဘဝရဲ့ ရေနွေးကြမ်းကောင်းတစ်ခွက်ကို
မြည်းစမ်းကြည့်ရလိမ့်မယ် မထင်ဘူး။
Credit: Nine Nine Sanay

မှတ်ချက်များ