Johnson & Johnson ထုတ်ကုန်များကြောင့် ကင်ဆာဖြစ်စေနိုင်ကြောင်း တရားရုံးဆုံးဖြတ်ပြီး ဒဏ်ကြေးချမှတ်
အမျိုးသမီး သေဆုံးခဲ့မှုတွင် ၎င်းတို့၏ ထုတ်ကုန်များ ပယောဂမကင်းကြောင်း စွပ်စွဲမှုဖြင့် Johnson & Johnson (J&J) ကို အမေရိကန် တရားရုံးတစ်ခုက လျော်ကြေးငွေ ဒေါ်လာ ၇၂ သန်း ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။
ကုမ္ပဏီ၏ တယ်လ်ကမ်ဓာတ်ပစ္စည်း ပါဝင်သော ပေါင်ဒါသည် ဂျက်ကီဖောက်စ် သေဆုံးမှုနှင့် တိုက်ရိုက်ဆက်နွှယ်ကြောင်း မစ္ဇူရီဆားကက်ရှိ စိန့်လူးဝစ် တရားရုံးမှ ဂျူရီအဖွဲ့လူကြီးများက ဆုံးဖြတ်ခဲ့သည်။ ကလေးပေါင်ဒါနှင့် အခြားသော တစ်ကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အသုံးအဆောင်များ ထုတ်လုပ်သည့်ကုမ္ပဏီကြီးသည် ဖောက်စ်၏မိသားစုထံ နစ်နာကြေး ဒေါ်လာ ၁၀ သန်းနှင့် ဒဏ်ကြေး ဒေါ်လာ ၆၂ သန်း သီးခြားစီ ပေးဆောင်ရမည်ဟု တရားရုံးက စီရင်ချက်ချမှတ်ခဲ့သည်။
ဖောက်စ်သည် သားအိမ်ကင်ဆာဖြင့် ယမန်နှစ်က ကွယ်လွန်ခဲ့သည်။ သူမသည် J&J ၏ ကလေးပေါင်ဒါနှင့် တယ်လ်ကမ်ဓာတ်ပစ္စည်း ပါဝင်သည့် အခြားသောထုတ်ကုန်များကို နှစ်ရှည်လများသုံးစွဲခဲ့ကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှု ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီကြီးအတွက် ယခုလိုဒဏ်ရိုက်ခံရမှုမျိုး ပထမဆုံးကြုံလာခြင်းလည်း ဖြစ်သည်။ ဂျူရီလူကြီးများက J&J သည် တယ်လ်ကမ် အခြေပြုပစ္စည်းများကို ရေရှည်သုံးစွဲပါက ကင်ဆာဖြစ်နိုင်သည်ကို လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက သိရှိထားသော်လည်း သုံးစွဲသူများကို သတိမပေးဘဲ ဖုံးကွယ်ထားခဲ့ကြောင်း ဆိုသည်။
J&Jမှ ထုတ်လုပ်သော ကလေးပေါင်ဒါ၊ ရေချိုးဆပ်ပြာနှင့် ဆက်စပ်ပစ္စည်းများက သားအိမ်ကင်ဆာဖြစ်ပွားမှုနှင့် ဆက်နွှယ်ကြောင်း သုတေသနရလဒ်များ ထွက်ပေါ်လာသည့်နောက် ကုမ္ပဏီသည် တရားစွဲဆိုမှု ၁၂၀၀ ဝန်းကျင်မျှနှင့် ရင်ဆိုင်နေရသည်။ ယခုစီရင်ချက်နှင့် ပတ်သက်ပြီး မှတ်ချက်မပေးလိုကြောင်း J&J ၏ ရှေ့နေဂါရတ်နိုဆေးက ပြောကြားခဲ့သည်။
ဖောက်စ်၏ မိသားစု ရှေ့နေတစ်ဦးဖြစ်သော အလန်စမစ်သ်က “ဒါဟာ စီရင်ချက် တစ်ခုမျှသာ ဖြစ်ပါတယ်။ J&J ရဲ့ ဆိုးရွားလွန်းတဲ့ တာဝန်ပျက်ကွက်မှုအတွက် လုံလောက်မှု မရှိသေးပါဘူး” ဟု ဆိုသည်။ သေဆုံးချိန်တွင် အသက် ၆၂ နှစ်ရှိခဲ့သည့် ဖောက်စ်သည် J&J မှ ထုတ်လုပ်သော ပေါင်ဒါနှင့် အမျိုးသမီးသုံးတစ်ကိုယ်ရည် သန့်ရှင်းရေးပစ္စည်းများကို အသုံးပြုခဲ့သည်။
သူမက ကင်ဆာဖြစ်ပွားကြောင်း စစ်ဆေးမတွေ့မီချိန်ထိ J&J ၏ ထုတ်ကုန်များကို နံနက်တိုင်းအသုံးပြုခဲ့ကြောင်း ထွက်ဆိုသွားခဲ့သည်။ တယ်လ်ကမ်ဓာတ်ပစ္စည်းကို ပလာစတာ ဘုတ်ပြားများမှအစ ပေါင်ဒါများထိ အသုံးအဆာင်အမျိုးမျိုးတွင် ထည့်သွင်း အသုံးပြုသည်။
စစ်တမ်းများအရ အမေရိကန် ပြည်ထောင်စုတစ်ခုတည်းတွင်ပင် အိမ်ထောင်စုအားလုံး၏ ၁၉ ရာခိုင်နှုန်းသည် J&J ၏ ထုတ်ကုန်များကို အသုံးပြုနေကြောင်း သိရှိရသည်။
7day
Ref: Straits Times

မှတ်ချက်များ