မင်းရွှေရောင်တင် (ခ) ပူတူးရဲ့ ထူးခြားမှုတွေ အကြောင်း ပြောပြတဲ့ မိခင်ဖြစ်သူ မအေးမမလှိုင်


တင်မောင်ဆန်းမင်းဝင်းနဲ့ မအေးမမလှိုင်တို့ရဲ့သား မင်းရွှေရောင်တင် (ခ) ပူတူးက ၃ နှစ်အရွယ်မှာတင် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိနေပြီဖြစ်ပါတယ်။ ဖခင်ဖြစ်သူ တင်မောင်ဆန်းမင်းဝင်းရဲ့ ဇာတ်ခုံပေါ်မှာ ချစ်စဖွယ်ဟန်ပန်တွေနဲ့ ကပြဖျော်ဖြေတင်ဆက်မှုကြောင့်လည်း ပရိသတ်တွေအနေနဲ့ ဒီအရွယ် လေးနဲ့ တတ်လိုက်တာဆိုတဲ့ အံ့သြချီးကျူးသံတွေ ဝေဆာခဲ့ရခြင်းပါ။ မိခင်ဖြစ်သူ မအေးမမလှိုင်အနေနဲ့လည်း သားဖြစ်သူကို ပရိသတ်တွေ ချစ်ခင်မှုကြောင့် ပီတိဖြစ်ရသလို ဝေဖန်မှုတွေလည်းရှိတတ်တာဖြစ်တဲ့အတွက် ဒီဝေဖန်မှုတွေကြောင့် သားရဲ့ စိတ်ထဲမှာ ထိခိုက်သွားနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ရှိနေပါတယ်။ မင်းရွှေရောင် တင် (ခ) ပူတူး စင်ပေါ်မှာ ကနေတဲ့အချိန်တိုင်းမှာ မိခင် ဖြစ်သူ မအေးမမလှိုင်က ကန့် လန့်ကာနောက်ကွယ်ကနေ သားကို ပီတိပြုံးတွေနဲ့ အားပေး နေခဲ့ပါတယ်။ ပရိသတ်ရဲ့လက်ခုပ်သံကြားတိုင်း မိခင်တစ်ဦးရဲ့ ခံစားမှုကိုလည်း..

” စင်ပေါ်မှာ သူကပြနေတဲ့အချိန်မှာ သူလုပ်လိုက်တဲ့ အမူအရာ၊ သူပြောလိုက်တဲ့ အမူအရာတွေကို အစ်မကြည့်ပြီး တော်လိုက်တာလို့ တွေးမိတယ်။ တစ် ခါတလေ မျက်ရည်တောင်ဝဲရတယ်။ အံ့သြရတဲ့အခါတွေလည်း မနည်းဘူး။ သူက ကပြီးတဲ့အခါတိုင်း နောက်မှာကြည့်နေတဲ့အမေကို လှည့်ကြည့်တယ်။ မေမေ သားကတာ ကောင်းလား၊ သားတော်ရဲ့လားဆိုပြီး မေးတယ်။ အဲဒါနဲ့ အစ်မမှာ လက်မလေးထောင်ပြရတယ်။ သူက အစ်မလက်ခုပ်တီးရင် သူတအားပျော်တယ်။ မေမေ သားလုပ်နိုင်တယ်နော်ဆိုတဲ့ အမူအရာမျိုး သူတအားလုပ်ပြတယ်။ သူက အမေနဲ့အဖေကို တအားချစ်တဲ့သူလေ။ 

အမေနဲ့အဖေက သူ့အပေါ်မှာ သားလေးတအားတော်တာပဲဆိုရင် သူတအားပိုလုပ်တယ်။ တစ်ခါတလေကျရင် ပျော်လို့ကျတဲ့ မျက်ရည်ရှိတယ်။ တစ်ခါတလေကျ တော့လည်း ငါ့သားလေးပင်ပန်းလိုက်တာဆိုပြီး ဖြစ်ရတယ်” လို့ မအေးမမလှိုင်ကပြောပါတယ်။ မင်းရွှေရောင်တင်က ဆိုင်းသံကြားရင်ကို ကချင်တဲ့ စိတ်ရှိနေတာ ငယ်စဉ်ကတည်းက အကျင့်ဖြစ်နေပြီး မင်းသား ဝတ်စုံဝတ်ရတာကိုလည်း တအားသဘောကျနှစ်ခြိုက်သူတစ်ဦးပါ။ ဒါ့ပြင် မင်းရွှေရောင်တင်ဟာ ငယ်စဉ်ကတည်း က ထူးခြားမှုတွေရှိ ခဲ့သူတစ်ဦးပါ။ ဒီအကြောင်းကိုတော့ မိခင်ဖြစ်သူ မအေးမမလှိုင်က..

” သူ့ရဲ့မှတ်ဥာဏ်အားက ကောင်းလွန်းတယ်။ တစ်ခါတလေလည်း သူကထူးထူးခြားခြားတွေ တအားပြောတယ်။ အစ်မလည်း သူပြောတာ သိပ်တော့ နား မလည်ဘူး။ မေမေ ဒါလေးလုပ်ပါလား၊ မေမေ့ကို သားက ပိုက်ဆံတွေပေးမလို့၊ မေမေပိုက်ဆံတွေဘယ်လိုရမယ်နော်ဆိုပြီး ပြောတတ်တယ်။ တကယ်လည်း ရလာတတ်တယ်။ သူပြောတာလေး တွေက ဖြစ်လာတာများတယ်။ ဆယ်ခုပြောရင် ရှစ်ခုလောက်က ဖြစ်တယ်။ ထူးဆန်းတာ တစ်ခုပြောရရင် ကိုကြီးကျော် သူကတယ်။ လူကြီးတွေ ကခိုင်းလို့ သူကလိုက်တယ်။ 

တစ်ခါ တလေကျရင်လည်း လူကြီးတွေမကခိုင်းဘဲနဲ့လည်း ကိုကြီးကျော်ကချင်တယ် လို့ပြောတယ်။ သူမမွေးခင်တုန်းကလည်း အစ်မ အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ အစ်မက ကိုယ်ဝန်ကြီးနဲ့ လမ်းလျှောက်နေတာကို ဆင်ဖြူတော်ကနေ လမ်းမလျှောက် ပါနဲ့တဲ့။ သူ့ကုပ်ပေါ်တက်ပြီးတော့ စီးပါတဲ့။ ဗိုက်ထဲ ကကလေးကြောင့် နင့်ကို ငါ့ကုပ်ပေါ်တင်တာနော်လို့ ပြောတယ်။ အဲဒါကတော့ ထူးထူးခြားခြားမက်တယ်။ မျှော်စင်ကျွန်းထဲမှာ မိုးရာသီအထူးပွဲကတော့လည်း သူက ခိုင်းတာ။ မေမေ ကနော်တဲ့။ မေမေ ပိုက်ဆံတွေ အများ ကြီးရမှာ။ သားသားက မေမေ့ကို လုပ်ပေးမှာ သိလား ဆိုပြီး ပြောတယ်။ 

အိမ်မှာဆိုရင်လည်း ဘုရားစင်အကြီး ကြီးထားပေးပါ။ အဘဘိုးမင်းခေါင်ပုံကို ထားပေးပါလို့ ပြောတယ်။ သူက မနက်မိုးလင်းတာနဲ့ ဘုရားရှိခိုးတယ်” လို့ ပြောပြပါတယ်။ သားဖြစ်သူကို ပညာနဲ့ပဲ အသက်မွေးစေချင်သလို လုပ်ငန်းရှင်တစ်ဦးအနေနဲ့ အသက်မွေး စေချင်တဲ့ စိတ်ဆန္ဒရှိပေမယ့်လည်း သားရဲ့ပါရမီကို အဓိကထားလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ မအေး မမလှိုင်က ပြောပါတယ်။

လင်းအက္ခရာ - popular myanmar
ဓာတ်ပုံ – မင်းမင်းထွန်း၊ နေယံ

မှတ်ချက်များ