ဒုတိယရင်သွေး ပြေဓီရ ကိုယ်ဝန်ဆောင်ထားသည့် အချိန်ကတည်းက ရိုက်ကူးရေးရပ်နားထားခဲ့သော အိန္ဒြာကျော်ဇင်က ယခု မတ်လတွင် ရုပ်ရှင်ဇာတ်ကားများ ပြန်လည်ရိုက်ကူးတော့မည်ဖြစ်သည်။ ထို့ကြောင့် အိန္ဒြာကျော်ဇင်ကို ၎င်းစတင်ရိုက်ကူးမည့် ‘ရင်ဘတ်ထဲက ဓား’ရုပ်ရှင်ဇာတ်ကားအကြောင်း အပါအဝင် ၂၀၁၅ ခုနှစ်အကယ်ဒမီ ထူးချွန်ဆုအတွက် ‘မောင့်အိမ်သူ’ ရုပ်ရှင်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆု ရရှိနိုင်သည်ဟု ခန့်မှန်းနေသည့်အပေါ် ၎င်း၏ခံစားချက်များကို တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မတ်လထဲမှာ ရုပ်ရှင်ပြန်ရိုက်တော့မှာ ဆိုတော့ ရုပ်ရှင်ပြန်ရိုက်ဖြစ်တဲ့ အကြောင်းလေးကို ပြောပြပေးပါဦး။ ရုပ်ရှင်မရိုက်တာလည်း ကြာပြီဆိုတော့ ကိုယ့်စိတ်ကို ဘယ်လို ပြန်ပြီးပြင်ဆင်ရသလဲ။
မတ်လ ၁၅ ရက်နေ့ ရိုက်မှာပါ။ ဒါရိုက်တာကကိုဝိုင်း၊ သရုပ်ဆောင်က ကိုပြေတီဦးရယ်၊ မခိုင်ကြီး (ထွန်းအိန္ဒြာဗို)ရယ်၊ အစ်မရယ်။ ဝတ္ထုက လမင်းမိုမိုပါ။ ဇာတ်လမ်းကလည်း ကောင်းတယ်။ ဝတ္ထုကလည်း နဂိုကတည်းက အရမ်းကောင်း ထားပြီးသား။ မင်းသမီးကလည်း လုပ်ကွက်တွေ အများကြီးရှိတယ်။ သူ့ဇာတ်လမ်းက အပြင်မှာ တကယ်ကို ဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်မျိုး။ အိမ်ထောင်ရေး ဇာတ်။ ဒရာမာကားကောင်း ကောင်းတစ်ကား လုပ်ကွက်တွေလည်း အများကြီးရတဲ့အတွက် လက်ခံဖြစ်သွားတာ။
သားမွေးပြီး ပထမဆုံးပြန်ပြီးလက်ခံဖြစ်တာ။ ကြားထဲမှာတော့ မိခင်စိတ်နဲ့ပဲ နေနေတာ။ တောက်လျှောက်ပေါ့။ အခုကတော့ သရုပ်ဆောင်စိတ်ပြန်နေရတာ ဆိုတော့ သိပ်ခက် ခက်ခဲခဲတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လည်းနှစ်ပေါင်းများစွာ ဒီအလုပ်လုပ်လာ တာဆိုတော့။ ပြင်ဆင်မှုကတော့ ဒီကားထဲမှာ အဝတ်အစားပိုင်းလောက်ပဲ ပြင်ဆင်စရာလိုတာ။ တခြား ထူးထူးခြားခြားကြီးတော့ သိပ်မလုပ်ပါဘူး။ ကိုယ်ဝန်ဆောင်တဲ့ အခန်းတွေလည်း ပါတယ်ဆိုတော့ ကိုယ်ဝန်ဆောင် အဝတ်အစားတွေ ဘာတွေပြင်ဆင် ထားပါတယ်။
ပထမဆုံး ပြန်ရိုက်တဲ့ကားမှာ ကိုပြေတီဦးနဲ့ပဲ သရုပ်ဆောင်ရမှာ ဆိုတော့ ပိုပြီး အပေးအယူမျှမယ်လို့ ယုံကြည်မှုရှိလား။
ယုံကြည်မှု ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုက်ပြီဆိုရင်လည်း အစ်မတို့က တကယ့်ဇာတ်ကောင်ရဲ့၊ ကာရိုက်တာ ဇာတ်ကောင်ရဲ့ Mood ကိုပဲထည့်ပြီး အလုပ်လုပ်ကြတာဆိုတော့ အပေးအယူကတော့ အကုန်လုံး အဆင်ပြေမှာပါ။
ကလေးနှစ်ယောက်ရဲ့ မိခင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်အလုပ်တွေလုပ်ဖို့ အရင်ထက်စာရင် ဘယ်လိုကြိုးစားရသလဲ။
ကိုယ့်မှာ ကံကောင်းတာက ကလေးအတွက် စိတ်ချရတဲ့ အမေလည်း ရှိတယ်။ အစ်မ အစ်မရဲ့ ကလေးတွေလည်း ရှိတယ်။ ထိန်းဖို့ဆရာမတွေလည်း ရှိတော့ ကလေးအတွက် ကတော့ အကုန်လုံး စိတ်ချရတယ်။ တစ်ခုပဲ။ အရင်လိုမျိုးစိတ်က ရှုတင်မှာဆိုရင် ခေါင်းထဲ ဘာမှ ထည့်စရာ မလိုဘူးလေ။ အခုကတော့ ရှုတင်ပေါ်ရောက်ရင် ကလေးတွေကို သတိရရနေတာပေါ့။ ဒီအချိန်ဆို ဘာတွေလုပ်နေကြမလဲ ဆိုတာမျိုးတွေ၊ သတိရစိတ်တွေ ကတော့ အရင်ထက် ပိုသွားတာပေါ့။ ဒါပေမဲ့ အလုပ်လုပ် နေတာဆိုတော့ အတတ်နိုင်ဆုံး ဖျောက်ရမှာပေါ့။ အလုပ်ထဲမှာပဲ စိတ်ကိုထားနိုင်အောင် ကြိုးစားရမှာပေါ့။
၂၀၁၅ အကယ်ဒမီစာရင်းဝင်တဲ့ ‘မောင့်အိမ်သူ’ဇာတ်ကားမှာ အကယ်ဒမီရနိုင်တယ်လို့ ဒါရိုက်တာရော အတူတွဲဖက်သရုပ် ဆောင်တဲ့သူတွေကရော ခန့်မှန်းပေးထားကြတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး ခံစားမှုလေး ပြောပေးပါဦး။
အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ‘မောင့်အိမ်သူ’က ဇာတ်လမ်းကလည်း မင်းသမီးရဲ့ လုပ်ကွက်တွေ အများကြီးပါတယ်။ သူ့ရဲ့ဇာတ်လမ်းလေးကလည်း ကောင်းတယ်။ မသီတာလင်း ရိုက်ထားတာလည်း ကောင်းတယ် ဆိုတော့ အမှတ်ပေးတဲ့ လူကြီးတွေရဲ့အပေါ်မှာပဲ မူတည်ပါတယ်။ အစ်မတို့ကတော့ အကောင်းဆုံး ကြိုးစား ထားပါတယ်။ အကယ်ဒမီကို လိုချင်လား လို့ မေးရင်တော့ ဘယ်သူမဆို လိုချင်တာပေါ့။ အစ်မလည်း အတိုင်းထက် အလွန် အရမ်း လိုချင်ပါတယ်။ ဒါ ပေမဲ့ အကယ်ဒမီဆိုတာက နတ်ကြီးတယ်လို့ ပြောကြတယ်။ ကိုယ်လည်း စိတ်ကိုတော့ အမြဲတမ်း ပေါ့ပေါ့ပါးပါးပဲ ထားထားပါတယ်။ မရခဲ့သည်ရှိသော် ခံနိုင်ရည်ရှိအောင်၊ ငါရမှာလား မသိဘူး ဆိုတဲ့ စိတ်ကြီးကိုတော့ ဘယ်တော့မှ ထည့်မထားဘူး။ မရခဲ့ရင်လည်း အရမ်းခံစားရတယ်။ အဲဒါကြောင့် အမြဲတမ်း ပေါ့ပေါ့ပါးပါးပဲ ထားထားတယ်။ ရခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့။ ကိုယ်ကတော့ အရမ်းလိုချင်ပါတယ်။
အဲဒီရုပ်ရှင်က ဘယ်တုန်းက ရိုက်ထားတာလဲ။ အကယ်ဒမီစာရင်း ဝင်ပေမယ့် မြို့ကြီးတွေမှာ ရုံ မတင်ရသေးဘူးဆိုတော့ အစ်မရဲ့ ကာရိုက်တာလေးကိုလည်း ပရိသတ်တွေကို ပြောပြပေးပါဦး။
အဲဒီဇာတ်ကားက သုသုလေး မွေးပြီးတဲ့အချိန်က ရိုက်ထားတာ။ နယ်တွေမှာတော့ တင်ပြီးသွားပြီလို့ ပြောတယ်။ ရန်ကုန်မှာတော့ ရက်မရသေးလို့ မတင်ရသေးတာ။ ဇာတ်ကတော့ အသက် (၄၀)မိန်းမရဲ့ သူ့ယောက်ျား အပေါ်မှာ ခံစားမှုပေါ့။ အရင်တုန်းက အရမ်းချစ်ခဲ့ပြီး အိမ်ထောင်ပြုပြီးတဲ့ အချိန်မှာ ယောက်ျားက ဖောက်ပြန်တာရှိတော့ အိမ်မှာ စိတ်ကယောက် ကယက်ဖြစ်တာတွေ၊ အထီးကျန်တာတွေ ခံစားရတဲ့ မိန်းမတစ်ယောက်ပုံစံ သရုပ်ဆောင်ထား တယ်။
အခုနောက်ပိုင်း အိမ်ထောင်ရေး ဇာတ်လမ်းတွေ အရိုက်များလာတာကော ဘာကြောင့်ပါလဲ။
အိမ်ထောင်ရေး ဇာတ်တွေချည်းပဲတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းလည်း ကောင်းတယ်။ လုပ်ကွက်လေးလည်း ရှိလို့ လက်ခံဖြစ်တာပါ။ အစ်မဖြစ်ချင်တာကတော့ ပရိသတ်ကို Taste (အရသာ) အမျိုးမျိုးပေးချင်တယ်။ အမြဲတမ်း ကြီး အိမ်ထောင်ရေး ဇာတ်ကြီး၊ ဟဲဗီးကြီးတွေ၊ ဒရာမာကြီးတွေပဲ မပေးချင်ဘူး။ အမျိုးမျိုးပေါ့။ တစ်ခါတလေကျရင်လည်း ဖန်စီလေးတွေ၊ ဟာသလေးတွေ၊ ပရိသတ် ရင်ထဲမှာ ပေါ့ပေါ့ပါးပါး ပျော်ရမယ့် ကားလေးတွေလည်း ရိုက် ချင်ပါတယ်။ အဓိကကတော့ Taste အမျိုးမျိုးလေးနဲ့ သွားချင်တဲ့ ဆန္ဒရှိတယ်။
အစ်မကို ပရိသတ်တွေက အနုပညာအလုပ်တွေ ပြန်လုပ်စေချင်တာဆိုတော့ ဒီဇာတ်ကားပြီးရင် အနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိမှာလား။
ပြန်ရိုက်မယ့် အစီအစဉ်ရှိပါ တယ်။ လက်ခံထားတဲ့ ဇာတ်လေးတွေလည်း ရှိတယ်။ အစ်မတို့က သရုပ်ဆောင် တစ်ယောက် ပါပဲ။ ကိုယ့်ကို ပရိသတ်တွေ ချစ်တယ်။ အားပေးတယ်။ အဲဒီအပေါ်မှာ ပိုပြီးတာဝန်တွေ ပိုရှိသွားသလို ခံစားရတယ်။ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေ အတွက်ကို ထည့်မစဉ်းစားလို့ကို မရဘူး။ သဘောအားဖြင့် ကိုယ့်ကလေးတွေနဲ့ပဲ ကိုယ်နေချင်တယ် ဆိုတဲ့ စိတ်မျိုး ကိုယ့် စိတ်ကိုယ်ပဲ ဦးစားပေးနေလို့မရဘူး။ ကိုယ့်ကို ချစ်တဲ့ ပရိသတ်တွေ ရှိတယ်။ အားပေးနေတဲ့ ပရိသတ်တွေ ရှိတယ်။ သူတို့အတွက် ခေါင်းထဲကို ထည့်ပေးရမယ်။ ကိုယ်လည်း သရုပ်ဆောင်ဘဝနဲ့ ရပ်တည်ခဲ့တာ ဆိုတော့ သရုပ်ဆောင် အလုပ်ကို ဆက်ပြီး လုပ်ပါမယ်။ ပရိသတ်တွေ
ကျေနပ်မှုရတဲ့အထိ ကြိုးစားပေးပါမယ်။
၂၀၁၄ အကယ်ဒမီအတွက် ကိုပြေတီဦးက ‘တိုက်ဆိုင်မှုရှိလျှင်’ဇာတ် ကားနဲ့ ရနိုင်တယ်လို့ ခန့်မှန်းပေးနေကြတာ ဆိုတော့ အဲဒီအပေါ်မှာ အစ်မရဲ့ ခံစားချက်လေးကိုလည်း ပြောပေးပါဦး။
ကိုပြေတီဦးက ပြောရရင် အကယ်ဒမီလာဘ် အရမ်းရှိတယ်။ လာဘ်ရှိလို့ရတယ် လို့တော့လည်း မဟုတ်ပါဘူး။ သူက ဇာတ်ကား ရိုက်တယ် ဆိုရင်လည်း တကယ်ကို စိတ်ထဲမှာနှစ်ပြီး ကြိုးစားတယ်။ ဘယ်အလုပ်မဆို စိတ်နှစ်ပြီး လုပ်တယ်။ အဲဒီအပေါ်မှာ တန်ပြန်သက်ရောက်မှုကို ခံစားရတယ်လို့ ထင်တယ်။ ‘တိုက်ဆိုင်မှုရှိလျှင်’လည်း တစ်ကားလုံး ဦးမျိုးမင်းရော၊ မင်းသားရော၊ မင်းသမီးရော အကုန်လုံးကောင်းပါတယ်။ အစ်မအနေနဲ့ ရစေချင်ပါတယ်။ အကုန်လုံးရကြပါစေလို့ ဆုတောင်းပေးပါတယ်။
ပြီးခဲ့တဲ့ရက်က Myanmar Idol ပြိုင်ပွဲဝင် Nin Zi May အတွက် ပရိသတ်တွေကို ဗုတ်ပေးဖို့ ဖေ့စ်ဘွတ်ခ်ကနေ အကူအညီတောင်းတာလည်း တွေ့ရတော့ သီချင်းဆိုပြိုင်ပွဲတွေ အမြဲကြည့်ဖြစ်တာလား။
အစ်မက အဲဒါလည်း ဝါသနာ ပါတယ်။ ကြည့်ဖြစ်တယ်။ အိပ်မက်ဆုံရာလည်း ကြည့်တယ်။ Myanmar Idol လည်း ကြည့်တယ်။ ညဘက်တွေဆို အချိန်တစ်နာရီလောက်ပဲ၊ အရင်လိုကားရိုက်တွေ ရှိရင်တော့ ကြည့်ချင်မှ ကြည့်ဖြစ်မှာ။ အခုက ကားရိုက်လည်း လက်မခံသေးတော့ ကြည့်ဖြစ်တယ်။ Nin Zi May က တော်လည်းတော်တယ်။ အရည်အချင်းလည်း ရှိတယ်။ အကုန်လုံးလည်း တော်ကြပါတယ်။ တော်လို့လည်း ဒီအဆင့်အထိ တက်လာကြတာပေါ့။
အစ်မတို့ရဲ့ အိမ်ထောင်သက်က ငါးနှစ်ကျော်သွားပြီ ဆိုတော့ အိမ်ထောင်တစ်ခုအတွက် ဘယ်လို အချက်တွေက အဓိကကျတယ်လို့ ခံယူထားသလဲ။
အရင်တုန်းက ဆိုရင်တော့ ကိုယ့်စိတ်နဲ့ကိုယ်ပဲ။ ကိုယ်လုပ်ချင်လုပ်လိုက်မယ်။ ကိုယ်သွားချင် သွားလိုက်မယ်။ ဘယ်သူ့ကိုမှ ညှိနေစရာ၊ တိုင်ပင်နေစရာမလိုဘူး။ ကိုယ့်စိတ်ကိုပဲ ဦးစားပေးရုံပဲ။ အခုအိမ်ထောင်သည်
ဖြစ်သွားတော့ အရာရာကို ညှိညှိနှိုင်းနှိုင်းနဲ့ သွားရတယ်။ အပေးအယူတော့ ရှိတယ်။ အဲဒါလေးတွေတော့ လိုအပ်တယ်။ အိမ်ထောင်ကျပြီးတဲ့ အချိန်မှာ စိတ်တွေက အရင်နဲ့မတူတော့ဘူး ပြောင်းလဲရတယ်။ ကလေးတွေ ရပြီးတဲ့အချိန်မှာလည်း ပြောင်းလဲရတယ်။ တဖြည်းဖြည်းနဲ့ ပြောင်းလဲမှုတွေ များလာတယ်။ ညှိညှိနှိုင်းနှိုင်းနဲ့ အဆင်ပြေ ပြေဖြစ်အောင် ထားရတယ်။ ကိုယ့်စိတ်တစ်ခုကိုပဲ ဦးစားပေးလို့မရ တော့ဘူး။ အရာရာကို အဆင်ပြေဖို့ အတွက် ညှိညှိနှိုင်းနှိုင်းသွားရတယ်။
ပြေသုဒြာနဲ့ ပြေဓီရ ဘယ်လိုကွာ ခြားမှုတွေရှိလဲ။ အဲဒီအကြောင်းလေးလည်း ပြောပြပေးပါဦး။
ပြေဓီရကတော့ ယောက်ျားလေးမို့လို့လားမသိဘူး။ အရမ်း ဆော့တယ်။ ဒါတောင် ရှစ်လသားပဲ ရှိသေးတယ်။ လူပေါ်မှာနေရင်လည်း ဟိုဟာလှမ်းဆွဲ ဒီဟာလှမ်းဆွဲ အငြိမ်မနေဘူး။ မိန်းကလေးနဲ့ တော့ မတူဘူး။ မိန်းကလေးကတော့ သူ့ဟာသူ ငြိမ်ငြိမ်ဆိမ်ဆိမ်ပဲ။ သိပ်ထိန်းရတာ မပင်ပန်းဘူး။ ယောက်ျားလေးကျတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်။ အစ်မက အဲဒီ အရသာနှစ်မျိုးစလုံး ခံစားလိုက်ရတာပေါ့။
ကျေးဇူးတင်ပါတယ်။
ဇွဲဉာဏ် - 7day

မှတ်ချက်များ