မွေးရပ်မြေတောင်ကြီးက အမှတ်တရတွေ တစ်ပွေ့တစ်ပိုက်နဲ့ပြန်လာတဲ့ သဉ္ဖာနွယ်ဝင်း
မွေးရပ်ဇာတိမြေဖြစ်တဲ့ တောင်ကြီးကို မိသားစုနဲ့အတူ တစ်ပတ်နီးပါးလောက် သွားရောက်လည်ပတ်ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ သဉ္ဖာနွယ်ဝင်းက ဟိုမှာရှိတဲ့ အမျိုးတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံဖြစ်ခဲ့သလို စားချင်တဲ့အစားအစာတွေကို အကုန်စားဖြစ်ခဲ့တဲ့အကြောင်းကို "သဉ္ဖာတို့အင်းလေးမှာ အမျိုးတွေလဲရှိတယ်။ ပြီးတော့ အရင်တုန်းကတည်းက ငါးဖယ်ချောင်း ဘုန်းကြီးကျောင်းမှာဘုရားတွေဘာတွေ အဘွားလက်ထပ်ကတည်းကလှူခဲ့တာမျိုးရှိတယ်။ အခုဘာတွေများလိုအပ်ဦးမလဲဆိုပြီးရယ်၊ နောက်တောင်ကြီးမှာလဲ သွားလည်ဖြစ်တယ်။ အင်းလေးရောပေါ့။ တစ်ပတ်မပြည့်ဘူး။
ဒီတစ်ခါသွားရင်းနဲ့ အမှတ်တရက ညီအစ်မတွေစုပြီး စကားပြောဖြစ်တယ်။ သဉ္ဖာတို့ငယ်ငယ်လေးကတည်းကစတူတူကြီးလာတဲ့ညီအစ်မတွေလေ အရမ်းပျော်ဖို့ကောင်းတယ်။ ညီအစ်မတွေအစုံအလင်ဒီတစ်ခါတွေ့ဖြစ်တယ်ပေါ့။ လျှောက်လည်ဖြစ်တာက အင်းလေးမှာ တံတားတစ်ခုရှိတယ်။ အဲ့ဒီတံတားအရမ်းလှတယ်။ အဲ့ဒီကိုသွားဖြစ်တယ်။ ပြီးတော့ မိသားစုအစုံ ငွေတော်ကပ်ကူ ဘုရားသွားဖူးဖြစ်တယ်။ တောင်ကြီးကတော့ သွားနေကျဆိုတော့ ဘာမှသိပ်မထူးခြားတော့ဘူး။ ခရီးသွားရင်း အစားအသောက်ကိုအရမ်းကြိုက်တယ်။ တောင်ကြီးအစားအသောက်မှန်သမျှအကုန်စားတယ်။ နောက်ငယ်ငယ်တုန်းကဆို တောင်ကြီးမှာ ငါးဥသီးဆိုတာရှိတယ်။ အဲ့ဒါလေးကို အမြဲသွားခူးစားနေကျ ၊ လိုက်ရှာနေတာလဲတော်တော်ကြာပြီ။ ၁၂ နှစ် ၁၃ နှစ်လောက်ရှိပြီ။ အခုမှတွေ့တာ ဒီတစ်ခေါက်သွားတော့ ပြန်စားဖြစ်တယ်ပေါ့။ အဒေါ်တွေ၊ဦးလေးတွေကိုယ့်ညီအစ်မ၀မ်းကွဲတွေနဲ့ပြန်တွေ့ရတာလဲပျော်ဖို့ကောင်းတယ်။ ပြီးတော့ အခုအချိန်က တောင်ကြီးမှာအရမ်းနေလို့ကောင်းတယ်။ သိပ်မပူဘူး။ သိပ်မလဲမအေးဘူး။ အရမ်းနေလို့ထိုင်လို့ကောင်းတယ်။ ရန်ကုန်ရာသီဥတုနဲ့တော့ အရမ်းကွာပါတယ်။" လို့ ပြောပြသွားပါတယ်။
၂၀၁၆ သင်္ကြန်ကို သူမဖြတ်သန်းဖြစ်မယ့်အကြောင်းကိုတော့ "သင်္ကြန်က ဘာမှတော့ မစီစဉ်ရသေးဘူး။ အိမ်ကတော့ ခရီးထွက်မယ်လို့ပြောပါတယ်။ အရင်နှစ်က ရန်ကုန်မှာပဲ။ သဉ္ဖာအသက် ၁၆ နှစ်တုန်းကတော့ မဏ္ဍပ်တစ်ခါ ထိုင်ဖူးတယ်။ ၄ ရက်စလုံးပေါ့။ အဲ့ဒီနောက်ပိုင်းမှာ မားမားက မသွားနဲ့တော့ ဆိုလို့မသွားဖြစ်တော့ဘူး။ ဒါပေမဲ့သွားကြည့်ချင်တယ်။ အခုနောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ ရာသီဥတုအနေအထားနဲ့ပတ်သက်ပြီး ရာသီဥတုက အရမ်းပူတော့ လူက အရမ်းနုံးတယ်။ ဒိုင်ယာလော့ခ်တွေ ကျက်လို့ရှိရင် ဦးနှောက်သိပ်မမှတ်နိုင်တော့ဘူး။ အရမ်းပူတော့ အဲ့ဒီအပူမှာတင် ၀ူးဝါးဝူးဝါးဖြစ်ပြီး ခေါင်းတွေအရမ်းကိုက်တယ်။ ရာသီဥတုအရမ်းပူတော့ သန်လျင်ဖက်တွေဆို သဉ္ဖာဇာတ်ကိုပြန်ရွေးဖြစ်တယ်။ ဓာတ်ဆားရေလေးတော့ ပုံမှန်သောက်ပေးဖြစ်ပါတယ်"တဲ့။
ဧပြီ ၃ ရက်နေ့မှာကျင်းပတော့မဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီးတော့လဲ "ပိုးထည်က အင်ကြင်းခိုင်၊ လက်ဝတ်လက်စားက စိန်နန်းတော်၊ ဒီဇိုင်နာက မသစ္စာလမင်းပါ။ အရောင်က နှစ်စုံစီစဉ်ထားတယ်။ ဘယ်ဟာဝတ်ဖြစ်မလဲတော့မသိသေးပါဘူး။ ဒီနှစ်က နှစ်နှစ်ပေါင်းလုပ်တာဆိုတော့ ပျော်စရာကြီးလို့တော့ထင်မှာပဲ။ လူတွေလဲ စိတ်ဝင်စားကြမယ်။ နှစ်နှစ်စာမှာ ကားကောင်းတွေကြီးပဲ စုနေတဲ့အခါကျတော့ ဘယ်သူရမလဲဆိုပြီး ရင်ခုန်မိပါတယ်။"လို့ သူမက ပြောပြပေးခဲ့ပါတယ်။
သဉ္ဖာနွယ်ဝင်းဟာ လတ်တလောမှာ သံယောဇဉ်ထောင်ချောက် ဆိုတဲ့ မိသားစုဇာတ်လေးကို မင်းသားကကိုစွမ်း၊ ဒါရိုက်တာကဦးကျော်ဇတို့နဲ့ ရိုက်ကူးနေပါတယ်။
ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ