နှစ်ပေါင်း ၁၂၄၀၀ ကြာရေခဲပြင်တွင်း နစ်မြုပ်ခဲ့သည့် ရုပ်ကြွင်းတွေ့ရှိ


ရုရှားနိုင်ငံ၊ ယားခုဇ်မြို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၄၀၀ လောက်က ရေခဲပြင်တွင်း နစ်မြုပ်နေခဲ့တဲ့ ရုပ်ကြွင်းကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြတယ်လို့ မေရာသတင်းမှာ မတ်လ ၁၆ ရက်နေ့က ဖော်ပြပါတယ်။

ခုတွေ့ရှိရတဲ့ ရုပ်ကြွင်းမှာ သွားတွေနဲ့ ဦးနှောက်ဟာ အကောင်းပကတိအတိုင်း ရှိနေပြီး သုတေသနလုပ်ငန်းတွေကို ဆက်လုပ်သွားကြမယ်လို့ သိပ္ပံပညာရှင် တွေက ဆိုပါတယ်။

ဆိုက်ဘေးရီးယားတိုင်းမ်သတင်းစာရဲ့အဆိုအရ ဒီရုပ်ကြွင်းဟာ လူသားတွေရဲ့ အပြုအမူနဲ့ နီးစပ်တဲ့အတွက် အိမ်မွေးခွေးကလေးတကောင် ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက သံသယရှိနေကြတယ်လို့ ပြောပါတယ်။

မော်စကိုတက္ကသိုလ်ဘူမိဗေဒဆိုင်ရာ သုတေသနပညာရှင် ဒေါက်တာ ပေဗဲလ် နီကိုလ်စကီးက “ဒီရုပ်ကြွင်းရဲ့ ၇၀၊ ၈၀ ရာခိုင်နှုန်းလောက်ကို ရေခဲပြင်အောက်မှာ ထိန်း သိမ်းထားနိုင်ခဲ့တာပါ။ သေသေချာချာစစ်ဆေးသုတေသနလုပ်ပြီးရင်တော့ ခုထက်ပိုပြီး ကျနော်တို့ ပြောပြနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ဒါဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့တဲ့ သားရဲတိရစ္ဆာန်တကောင်ရဲ့ ပကတိအ နေအထားအတိုင်း မပျက်စီးသေးတဲ့ ဦးနှောက်ကို လေ့လာခွင့်ရတာလို့ သူက ဆိုပါတယ်။

ဒီအိမ်မွေးခွေးရုပ်ကြွင်းလို့ ယူဆရတဲ့ ရုပ်ကြွင်းနဲ့ ဆက်စပ်တဲ့ ရုပ်ကြွင်းတခုကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဒီအရပ်ဒေသမှာပဲ တွေ့ရှိခဲ့ကြတာပါ။

ခုတွေ့ရှိရတဲ့ ရုပ်ကြွင်းကတော့ သမိုင်းမတိုင်ခင်ခေတ်ကဖြစ်နိုင်ပြီး ရုပ်ကြွင်းပေါ်က ကပ်ပါးကောင်နဲ့ သန်းတွေ၊ လှေးတွေအခြေအနေကိုလည်း ဆက်လက်လေ့လာနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စိန့်ပီတာစဘတ်မြို့ North-Western State Medical University မှ ပိုးမွှားဗေဒ ဓာတ်ခွဲသုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာ အာတမီဂွန်ချာရွိုင်က “ဒီရုပ်ကြွင်းတွေ့တဲ့ နေရာအနီးတ၀ိုက်မှာ ရှင်သန်နေခဲ့တဲ့ ရှေးဟောင်းဘက်တီးရီးယားတွေကိုလည်း ရှာ ဖွေသုတေသနလုပ်သွားမယ်”လို့ ပြောပါတယ်။

အစောပိုင်းတွေ့ရှိရတဲ့ ရုပ်ကြွင်းကိုတော့ မူလက ခွေးတကောင်ထက် ၀ံပုလွေတကောင် ဖြစ်နိုင်ချေရှိတယ်လို့ သုံးသပ်ခဲ့ကြတာပါ။

ခုတွေ့ရှိမှုကနေ အစောပိုင်းလူတွေနဲ့အတူရှိနေခဲ့တဲ့ ဒီရုပ်ကြွင်းဟာ အိမ်မွေးခွေးအဖြစ် ဒါမှမဟုတ် အလုပ်လုပ်ပေးတဲ့ခွေးအဖြစ် တခုခုကို သိလာရနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

DVB

မှတ်ချက်များ