ဘယ်လိုရန်ကုန်သင်္ကြန်မျိုးဖြစ်လာမလဲ...

ယခုနှစ် ရန်ကုန်မဟာသင်္ကြန်ပွဲတော်တွင် ရေကစားရန် ပြည်လမ်းမပေါ်၌ဆောက်လုပ်နေသော ရေကစားမဏ္ဍပ်တစ်ခုကို
ဧပြီ ၂ ရက်ကတွေ့ရစဉ်။ (ဓာတ်ပုံ-ထက်အာကာကျော်)
အစိုးရသစ်လက်ထက်တွင် ပထမဆုံးကျင်းပမည့် သင်္ကြန်ပွဲတော်ရောက်ရှိရန် ရက်ပိုင်းမျှသာ လိုပါတော့သည်။ နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကျရောက်ရန် အချိန်နီးကပ်သည်နှင့်အမျှ သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်မှုများဖြင့် မြိုင်ဆိုင်နေတတ်သော်လည်း ယခုနှစ်တွင်တော့ အငြင်းပွားစရာကိစ္စများကြောင့် သိပ်လှုပ်လှုပ်ရှားရှား မတွေ့ရပေ။

ယခုနှစ် ရန်ကုန်သင်္ကြန်မှာ ဆယ်စုနှစ်အတွင်း မစည်ကားသည့် သင်္ကြန်တစ်ခု ဖြစ်လာနိုင်သည်ဟု သင်္ကြန်နှင့်ဆက်စပ်သော စီးပွားရေးလုပ်ကိုင်သူများက ကြိုတင်သုံးသပ်ထားကြသည်။

အစိုးရသစ်လက်ထက်တွင် သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ မူဝါဒပြောင်းလဲမှုများက ထိုအခြေအနေသို့ ရောက်အောင် တွန်းပို့ပေးခဲ့သလို ဖြစ်ခဲ့သည်ဟု ၎င်းတို့က ဆိုပါသည်။

ရန်ကုန်သင်္ကြန် တိုင်းဒေသကြီးအစိုးရ ဘာတွေစပြောင်းခဲ့သလဲ

ယခင်အစိုးရလက်ထက်တွင် ဆောက်လုပ်ခဲ့သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ သင်္ကြန်ရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းကို ယခုနှစ်တွင် ဆောက်လုပ်ခြင်းမပြုရန် မူဝါဒချမှတ်လိုက်ခြင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ သင်္ကြန်နှင့်ပတ်သက်သော အပြောင်းအလဲကို စတင်ခဲ့သည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အစဉ်အဆက်ဆောက်လုပ်ခဲ့သည့် ‘မြို့တော်ဝန်ရေကစားမဏ္ဍပ်’ ကို ‘ရန်ကုန်မြို့တော်ဗဟိုရေကစားမဏ္ဍပ်’ အမည်သို့ ပြောင်းလဲ၍ မည်သူမဆို ရေကစားခွင့်ပေးမည်ဟု အသိပေးခဲ့သည်။

‘‘မြို့တော်ဝန်ရေကစားမဏ္ဍပ်လို့ဆိုရင် စည်ပင်ဌာနတစ်ခုတည်းကိုသာ ကိုယ်စားပြုနိုင်သလိုဖြစ်နေလို့ အားလုံးနဲ့အကျုံးဝင်အောင် ဗဟိုမဏ္ဍပ်အမည်နဲ့ ဒီနှစ်မှာ စပြောင်းဖို့ ဝန်ကြီးချုပ် တာဝန်ယူတဲ့နေ့မှာပဲ ညွှန်ကြားလိုက်တာ’’ ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင်တစ်ဦးက ပြောသည်။

သင်္ကြန်မဏ္ဍပ်တွေ စည်ဦးမှာလား

ရန်ကုန်မြို့ သင်္ကြန်ပွဲတော်တွင် ဂယက်ရိုက်ခတ်မှုအများဆုံးဖြစ်ခဲ့သည်မှာ မဏ္ဍပ်များဆောက်လုပ်မှုကို ကန့်သတ်တားမြစ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းက စီးပွားဖြစ်မဏ္ဍပ်များ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့၌ မဏ္ဍပ်ဆောက်လုပ်ခြင်းကို ခွင့်မပြုတော့ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် နှစ်စဉ်တည်ရှိခဲ့သည့် သင်္ကြန်မဏ္ဍပ်ဈေးကွက်မှာ ကမောက် ကမဖြစ်သွားခဲ့သည်။

အယ်လ်နီညိုရာသီဥတု အခြေအနေ၊ ယာဉ်ကြောကျပ်တည်းမှု၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှု၊ မူးယစ်သောက်စားမှုများကို ထိန်းသိမ်းလိုသည့်အတွက် ကန့်သတ်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်သစ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဧပြီမတိုင်ခင်ကတည်းက မဏ္ဍပ်တည်ဆောက်ခွင့်နှင့် ရေကစားခွင့်အတွက် ကြိုတင်ပြင်ဆင်ထားသူများသည် ဧပြီ ၁ ရက်တွင် ထွက်ပေါ်ခဲ့သည့် ညွှန်ကြားချက်ကြောင့် စီစဉ်ထားခဲ့သမျှကို ဖျက်သိမ်းခဲ့ရသည်။

ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီး ပတ်လမ်းတို့တွင် နှစ်စဉ် မဏ္ဍပ် ၃၀ ကျော် ဆောက်လုပ်ခဲ့သော်လည်း ပြောင်းလဲလိုက်သည့် မူဝါဒသစ်ကြောင့် ထိုနေရာများ၌ မဏ္ဍပ်များ သိသာစွာ လျော့နည်းသွားတော့မည်ဖြစ်သည်။

မဏ္ဍပ်ကိစ္စနဲ့ ပတ်သက်၍ ထောက်ခံသူများရှိသကဲ့သို့ ကန့်ကွက်သူလည်း များပြားခဲ့သည်။ သို့သော် ဝန်ကြီးချုပ်က မိသားစုမဏ္ဍပ်များ၊ ကုမ္ပဏီအဖွဲ့အစည်းမဏ္ဍပ်များကို သတ်မှတ်စည်းကမ်းချက်နှင့်ညီပါက ဆောက်လုပ်ခွင့်ပြုမည်ဆိုပြန်သဖြင့် မဏ္ဍပ် ဆောက်လုပ်လိုသူအချို့အတွက် လမ်းစပြန်လည်ရရှိစေခဲ့သည်ဟု မဏ္ဍပ်ဆောက်လုပ်ရေး စီစဉ်သူများကပြောသည်။

‘‘စီးပွားဖြစ်မဏ္ဍပ် မဟုတ်တော့ဘူး။ မိသားစုမဏ္ဍပ်ပုံစံမျိုးနဲ့ပဲ လုပ်သွားကြတော့မယ်။ လုံးဝမလုပ်ရတာထက်စာရင် ဒါက တော်သေးတယ်’’ ဟု ယခုနှစ်တွင်မှ ပုံစံပြောင်းလဲလာသည့် မဏ္ဍပ်များအတွက် အသင်းဝင်စုဆောင်းရေးတာဝန်ယူထားသူ ကိုကျော် ထက်ကပြောကြားသည်။

မဏ္ဍပ်တည်ဆောက်ရေးမူဝါဒကြောင့် မိသားစုမဏ္ဍပ်များ အသွင်ပြောင်း၍ ဆောက်လုပ်ရန် နေရာကျယ်ဝန်းသည့် ပြည်လမ်းမသို့ စီစဉ်သူများ မျက်စိကျလာလေသည်။

ရေကစားရန် လက်မှတ်များကို ရောင်းချခြင်းအစား အသင်းဝင် (Member) အဖြစ် သတ်မှတ်၍ အသင်းဝင်ကြေးသာ ကောက်ခံရန် ပုံစံပြောင်းပြင်ဆင်လာသည်။

ယင်းမဏ္ဍပ်များ၌ ရေကစားမည့်သူများအား လက်မှတ် မရောင်းတော့သော်လည်း အသင်းဝင်ကြေးအဖြစ် သင်္ကြန် ၅ ရက်တာအတွက် ကျပ် ငါးသောင်းမှ ကျပ် ရှစ်သောင်းအထိ ဈေးပေါက်လာကြောင်း သင်္ကြန်မဏ္ဍပ်အတွက် စီစဉ်နေသူများကဆိုသည်။

‘‘ပြည်လမ်းမှာ မဏ္ဍပ်တွေ လာစုကြမယ့် သဘောရှိတယ်။ ဒါပေမဲ့ မဏ္ဍပ်ဆယ်ခုထက်တော့ မပိုနိုင်ဘူး’’ ဟု ပြည်လမ်းတွင် မဏ္ဍပ်ဆောက်လုပ်နေသည့် ကန်ထရိုက်တစ်ဦးကပြောသည်။

အပြောင်းအလဲကြောင့် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်အရေအတွက် လျော့နည်းမည်မှာ သေချာနေပြီဖြစ်သည်။

၂၀၁၃က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ရေကစားမဏ္ဍပ်များကိုတွေ့ရစဉ်။ ယခုနှစ်တွင် တိုင်းအစိုးရသစ်က ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ပတ်လမ်းတို့၌ မဏ္ဍပ်ဆောက်ခွင့်မပြုပေ။ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ))

သင်္ကြန်ကားအငှား အလုပ်ဖြစ်မှာလား

သင်္ကြန်ရောက်လျှင် အလုပ်ဖြစ်သည့် စီးပွားရေးလုပ်ငန်းနောက်တစ်ခုမှာ သင်္ကြန်ကား အငှားလိုက်ခြင်းပင်ဖြစ်သည်။

‘‘ပုံမှန်အားဖြင့်ဆိုရင် တစ်နှစ်နဲ့တစ်နှစ် ဈေးကသိသိသာသာ ပြောင်းသွားပေမယ့် ဒီနှစ်သင်္ကြန် ကားအငှားဈေးနှုန်းက သိပ်အပြောင်းအလဲမရှိဘူး။ ဈေးကွက်က စောင့်ကြည့်နေတုန်းရှိသေးတယ်’’ ဟု နှစ်စဉ်သင်္ကြန်လည်ရန် ကားအငှားလိုက်သည့် အင်းစိန်မြို့နယ်မှ ဦးကြည်မောင်က ပြောကြားပါသည်။

ယခုနှစ်သင်္ကြန်လည်ရန် ကြိုတင်၍ ကားချိတ်ဆက် ငှားရမ်းထားခြင်းများမှာ ဧပြီမတိုင်ခင်အထိ ယခင်နှစ်များထက် မခြားနားခဲ့သော်လည်း သင်္ကြန်ရက် နီးကပ်လာချိန်တွင် မဏ္ဍပ်မူဝါဒအပြောင်းအလဲဂယက်ကြောင့် ပြန်လည်ငြိမ်သက်နေသည်ဟု ကားအငှား လိုက်သူများကပြောကြားသည်။

ရန်ကုန်သင်္ကြန်လည်သည့် ကားဈေးကွက်တွင် လိုက်ထရပ်ယာဉ်များသာ စိတ်ဝင်စားမှုအများဆုံးအဖြစ် ဆက်လက်ဦးဆောင်နေဆဲဖြစ်သည်။

တစ်ရက်ငှားရမ်းခမှာ ယခင်နှစ်က ကျပ်တစ်သိန်းနှစ်သောင်းခန့်ရှိနေပြီး မတ်လကုန်အထိ သင်္ကြန်အတွက် ကြိုတင်ငှားရမ်းသည့် ပေါက်ဈေးမှာ ကျပ်တစ်သိန်းငါးသောင်းခန့်ရှိသည်။ ယခုအချိန်အထိ ယင်းဈေးနှုန်းအတိုင်း ဆက်လက်တည်ငြိမ်နေဆဲဖြစ်သည်ဟု ကားအငှားလိုက်သူများထံမှ သိရသည်။

‘‘အနားနီးလာတော့ အပြောင်းအလဲ ဘယ်လိုရှိလာမလဲတော့ မသိသေးဘူး။ အငှားလိုက်ဖို့ အပ်ထားတဲ့ အုံနာတွေတော့ အခုချိန်များနေသေးတယ်’’ ဟု ယာဉ်အငှားလိုက်ဝန်ဆောင်မှုပေးနေသည့် Sun Ray Group မှ ကိုရဲရင့်ကပြောသည်။

သင်္ကြန်ရက်အတွင်း နှစ်စဉ်ကားငှားလည်လေ့ရှိသည့် မြောက်ဥက္ကလာပမြို့နယ်နေ ကိုဝဏ္ဏက ယခုနှစ်တွင် လည်ပတ်ရန် မဏ္ဍပ်အရေအတွက် လျော့နည်းပါက ရေပက်ခံထွက်ရန် မသေချာဟုဆိုသည်။

သင်္ကြန်မဏ္ဍပ် ကန့်သတ်ခြင်းနှင့် အယ်လ်နီညို ရေရှားပါးမှု

ကန်ပေါင်ပတ်လည် ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့် တားမြစ်ရခြင်းမှာ အယ်လ်နီညိုရာသီဥတု ကြုံတွေ့ခြင်းကြောင့် ရေရှားပါးမှုကို ပိုမိုဖြစ်ပေါ်နိုင်သည့်အတွက် ထည့်သွင်းစဉ်းစားခဲ့ရသည့် အချက်တစ်ချက်ဖြစ်သည်ဟု မဏ္ဍပ်ဆောက်လုပ်ခွင့် မပေးရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်ထုတ်ပြန်ရာ၌ ဖော်ပြခဲ့သည်။

ကန်တော်ကြီးနှင့် အင်းလျားကန်များမှ ရေများကို ရန်ကုန်မြို့ သောက်သုံးရေ ပေးဝေမှုအတွက် လွန်ခဲ့သည့် နှစ် ၁၀၀ ကျော်ကသာ အသုံးဝင်ခဲ့ပြီး ယခုအခါ သုံးရေအဖြစ် အသုံးမဝင်တော့၍ ရေရှားပါးမှုဖြစ်ရပ်နှင့် ဆက်စပ်မှုမရှိကြောင်း အချို့က ဝေဖန်ခဲ့သည်။

အစိုးရအနေဖြင့် ထိုရေများ သုံးစွဲကြမည့်မဏ္ဍပ်များကို ကန့်သတ်ခဲ့ပြီး အခြားနေရာများ၌သတ်မှတ်စည်းကမ်းချက်ဖြင့် ဆောက်လုပ်စေခဲ့ရာ မြို့တော်အတွက် ပေးဝေနေသည့် ပိုက်လိုင်းများထဲမှ ရေရယူကာ ဖျန်းပက်ရမည်ဖြစ်၍ သောက်သုံးရေကုန်ခန်းမှုကို ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု မဏ္ဍပ်စီစဉ်သူ ကိုထက်အောင်က သင်္ကြန်ရေသုံးစွဲမှုအပေါ် ထောက်ပြသည်။

အဆိုပါကန်ရေများကို သုံးစွဲခြင်းဖြင့် ရေခန်းခြောက်မှုနဲ့ ဆက်စပ်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိလာနိုင်ပြီး ကန်ရေများ မသန့်ရှင်းခြင်းကြောင့် ရေကစားသူများ အသားအရေထိခိုက်မှု ရှိနိုင်သောကြောင့်လည်း ခွင့်မပြုရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဝေဖန်ထောက်ပြသူများအား ပြန်လည်တုံ့ပြန်ခဲ့သည်။

‘‘သောက်သုံးရေက ထုတ်ယူအသုံးပြုမှုတွေကိုလည်းစည်းကမ်းတကျပဲ ခွင့်ပြုမှာပါ။ ရေသွယ်တန်းမှု အဆင်ပြေတဲ့နေရာမှာ ရှိတယ်လို့ စည်ပင်က အတည်ပြုချက် ပေးတဲ့သူတွေကိုပဲ ခွင့်ပြုမယ်။ ရေအလကား ဖြုန်းတီးရာမရောက်အောင် ပက်မယ့် ပိုက်အ ရွယ်အစားတွေကို ကြပ်ကြပ်မတ်မတ် လုပ်သွားမယ်’’ ဟု ရေသုံးစွဲမှုအပေါ် ထိန်းချုပ်မည့်အခြေအနေ နှင့်ပတ်သက်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အစိုးရက သင်္ကြန်ပျော်စရာကိုဘယ်လိုစီစဉ်ပေးမှာလဲ

မဏ္ဍပ်ဆောက်လုပ်မှုအပေါ် ကန့်သတ်မှုပြုလုပ်လိုက်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရသစ်က ယခုနှစ်တွင် သင်္ကြန်အတွင်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန်စီစဉ်ပေးမည်ဟု ကတိပြုထားသည်။

သို့သော် ယဉ်ကျေးမှုအသွင်သဏ္ဌာန်ကို ဖော်ထုတ်သည့် ဖျော်ဖြေမှုများကို အားပေးခြင်းဖြင့် အများပါဝင်နိုင်ရန် စီစဉ်ပေးမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကဆိုသည်။

၎င်းတို့ အစိုးရသစ်လက်ထက်တွင် ခရိုင်တစ်ခုလျှင် မဏ္ဍပ်တစ်ခုစီ ထားရှိ၍ ရေကစားနိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး တင်းကျပ်စွာကိုင်တွယ်ခြင်းခံခဲ့ရသည့် သင်္ကြန်သံချပ်များကို လွတ်လပ်စွာသီဆို လှည့်လည်ခွင့်ပေးမည်ဟုကတိပြုထားသည်။ စီးပွားဖြစ်မဏ္ဍပ်များ ခွင့်မပြုဘဲ မိသားစုနှင့် ကုမ္ပဏီမဏ္ဍပ်များအား ခွင့်ပြုထားသောကြောင့် မိသားစု ရေကစားမဏ္ဍပ်များ ယခင်နှစ်များကထက် ပိုများနိုင်သည်ဟု သုံးသပ်မှုများရှိသည်။

‘‘ခေတ်အဆက်ဆက်မှာ တဖြည်းဖြည်း တိမ်ကောသွားတဲ့ သင်္ကြန်သံချပ်ဖျော်ဖြေမှုတွေကို ပြန်လည်ခွင့်ပြုမှာ ဖြစ်ပါတယ်။ စွယ်စုံဖျော်ဖြေမှုတွေကို ခွင့်ပြုမှာပါ။ ခွင့်ပြုတဲ့နေရာမှာလည်း စိစစ်ရေးအဖွဲ့ကို တင်ပြီးမှခွင့်ပြုတာမျိုး လုပ်တော့မှာ မဟုတ်ပါဘူး။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ တာဝန်ယူမှု၊ တာဝန်ခံမှုတော့ ရှိရမှာပါ’’ ဟု ဦးဖြိုးမင်းသိန်းကဆိုသည်။

အစိုးရသစ်ဘက်က သင်္ကြန်သံချပ်နှင့် ပတ်သက်၍ ယခုကဲ့သို့ အားပေးမှုရှိလာခြင်းအပေါ် ထောက်ခံကြိုဆိုကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ၏ ကျောင်းနံရံသံချပ်အဖွဲ့မှ ကိုမင်းသုခက မှတ်ချက်ပြုသည်။

ခရိုင်ဗဟိုမဏ္ဍပ်များ ဆောက်လုပ်ပေးမည်ဆိုသည့် ကိစ္စများမှာမူ ယခင်အစိုးရလက်ထက်ကတည်းက လုပ်ဆောင်ပေးခဲ့သည့် အစဉ်အလာရှိ၍ ထူးခြားသော လုပ်ဆောင်ချက်မဟုတ်ဟု မြို့နေလူထုကဆိုသည်။

‘‘အရင်က ခရိုင်မဏ္ဍပ်တင် မဟုတ်ပါဘူး။ အရင်က မြို့နယ်တစ်ခုချင်းအလိုက် မဏ္ဍပ်တွေတောင် ဆောက်ပေးခဲ့တာရှိတယ်’’ ဟု မင်္ဂလာဒုံမြို့နယ်နေ ကိုဥက္ကာက ပြောသည်။

ထိုသို့ အပြောင်းအလဲများဖြင့် စတင်မည့် ရန်ကုန်သင်္ကြန်သည် အစိုးရသစ်၏ ရည်ရွယ်ချက်နှင့် မည်မျှထပ်တူကျမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

မိုးမင်း - 7day

မှတ်ချက်များ