မိုးတိမ်တောင်ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသအချို့တွင် မိုးသက်လေပြင်းကျ


မိုးတိမ်တောင်ဖြစ်စဉ် ကြောင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသအချို့ မိုးသက်လေပြင်းကျ ကာ နေအိမ်အဆောက်အအုံပျက် စီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ၍ မိုးတိမ်တောင်အန္တရာယ်ကို ဇွန်လ အထိ သတိပြုရန်လိုကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

ဧပြီ ၄ ရက်မှစတင်ကာ မြန် မာနိုင်ငံအထက်ပိုင်းဒေသအချို့ တွင် မိုးသက်လေပြင်းကျရောက် နေပြီး ဧပြီ ၅ ရက် ညနေက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ လေပြင်းကျကာ သစ်ပင်အချို့ ကျိုးကျခဲ့သည်။ ယင်းနေ့ ည ၁၁ နာရီကျော်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ လေပြင်းတိုက်ခိုက်ကာ မြို့ပေါ်ရပ်ကွက် ၁၉ ခုစလုံး လေပြင်းဒဏ်ခံခဲ့ရပြီး လူတစ်ဦးသစ်ကိုင်းပိသေဆုံးကာ နေအိမ်အများအပြားထိ ခိုက်ပျက်စီးခဲ့သည်။ ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း လေပြင်းကြောင့် နေအိမ်အချို့ပျက်စီးခဲ့သည်။

‘‘ဘင်္ဂလားပင်လယ်ကနေ လေတွေ ၀င်လာနေတော့ ဒီက အပူချိန်မြင့်နေတဲ့အချိန်ဆိုတော့ မိုတိမ်တောင်ဖြစ်နေတာ။ ဒီလိုအ ချိန်မှာ လေပြင်းကျတာတွေ၊ စိုက် ဆင်းလေပြင်းတွေ၊ မိုးကြိုးပစ်တာ တွေ သတိထားဖို့ လိုပါတယ်။ နေ့ခင်းနဲ့ ညနေတွေပို သတိထားရ မယ်’’ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အ နောက်တောင်မုတ်သုံလေ မြန်မာ နိုင်ငံသို့ မ၀င်မီ လေထုမငြိမ်မသက်ဖြစ်နေ၍ လေပြင်းများအန္တရာယ်သတိပြုနေထိုင်ရန် သတိပေးချက်ထုတ်ပြန်ထားသည်။

လက်ရှိတွင် မိုးတိမ်တောင်အန္တရာယ်ကို ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အထူးသတိထားသင့်ကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးသည်။

အောင်သစ်လွင် - 7day

မှတ်ချက်များ