တရုတ်များ ချယ်ရီပန်း မဆင်မခြင် ခူး၍ ဂျပန် ဒေါသထွက်






လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံသား တိုးရစ်တဖွဲ့က ဂျပန်တွေ အမြတ်တနိုး တန်ဘိုးထားတဲ့ ချယ်ရီပန်းတွေကို ပုံပါအတိုင်း မဆင်မခြင် ခူးခဲ့ကြလို့ ဂျပန်တွေ ဒေါကန်နေကြပါတယ်။ အခုအချိန်ဟာ ဂျပန်မှာ ချယ်ရီပန်းပွင့်ဝေချိန်ဖြစ်ပြီး နိုင်ငံခြားခရီးသွားတွေလည်း အများအပြား လာကြည့်ကြပါတယ်။ ချယ်ရီပန်းတွေ ပွင့်တဲ့ တချို့ နေရာတွေမှာ အင်္ဂလိပ်၊ ဂျပန်နဲ့ တရုတ်ဘာသာနဲ့ပါ အသံမဆူဖို့၊ ကိုင်းမချိုးဖို့၊ အပင်ပေါ် မတက်ဖို့၊ ပန်းမခူးဖို့ သတိပေး တားမြစ်ချက်ကို ရေးထားပါသတဲ့။ 

ချယ်ရီပင်ဟာ အင်မတန် ထိလွယ်ခိုက်လွယ် ရှိပြီး ထိခိုက်ပျက်စီးမှုက တဆင့် ဘက်တီးရီးယား ကူးစက်ဝင်ရောက်နိုင်လို့ အပင်တပင်လုံး သေဆုံးနိုင်ကြောင်း ဂျပန်တွေက ဆိုပါတယ်။ တရုတ် လူမှုကွန်ရက် Weibo မှာလည်း ဒီကိစ္စကို ဝေဖန်ဆွေးနွေးနေကြပါတယ်။ တချို့က ချယ်ရီပန်းပင်တွေကို အကြမ်းပတန်းလုပ်တာ ပြည်ပမှာသာမက ပြည်တွင်းမှာလည်း လုပ်တယ်လို့ ချန်ရှနဲ့ နန်ကျင်းမြို့တွေက ဓာတ်ပုံတွေ ပြပြီး ပြောဆိုတယ်။ ClaretWoo ဆိုသူက "ပြည်တွင်းမှာ အဲလို အကြမ်းပတန်းလုပ်တာ ကိုယ့်သိက္ခာကိုယ် ထိခိုက်ရုံပဲ။ ပြည်ပမှာ သွားလုပ်တော့ တရုတ်တနိုင်ငံလုံး ဂုဏ်သိက္ခာ ပျက်ဆီးဖို့ပဲ"လို့ ရေးပါတယ်။

ဧရာဝတီ

မှတ်ချက်များ