![]() |
| ကိုအီနိုး စိန်ပွင့်ကြီး၏ ပုံစံတူကို အိန္ဒိယ အမျိုးသမီးတစ်ဦး ကိုင်တွယ် ပြသနေစဉ်။ |
၁၀၅ ကာရက် အလေးချိန်ရှိသည့် အလွန်အရည်အသွေးကောင်းမွန်သော စိန်ပွင့်ကြီးသည် ၁၉ ရာစုတွင် ဗြိတိန်လက်သို့ ရောက်ရှိခဲ့သည်။ ယခုအခါ ကိုအီနိုး စိန်ပွင့်ကြီးကို လန်ဒန်မျှော်စင်ရှိ တော်ဝင်ရတနာများနှင့်အတူ ပြသထားသည်။
အိန္ဒိယနိုင်ငံသားအများစုသည် ယင်းစိန်ကြီးကို ပြန်လည်ရရှိရေးအတွက် အလေးအနက် စိတ်လှုပ်ရှားမျှော်လင့်နေကြပြီး ဗြိတိသျှတို့က စိန်ပွင့်ကြီးကို မတရားယူဆောင်သွားသည်ဟု ယုံကြည်နေကြသည်။ သို့သော်လည်း အိန္ဒိယ ရှေ့နေချုပ်ကမူ ယင်းစိန်ကြီးကို ဗြိတိသျှတို့က ခိုးယူသွားခြင်း၊ သို့မဟုတ် အနိုင်အထက် ယူငင်သွားခြင်း မရှိကြောင်း ဝန်ခံခဲ့သည်။
စိန်ပွင့်ကြီးကို ပြန်လည်တောင်းယူရေး အရေးဆိုကြားနာမှုတွင် အိန္ဒိယအစိုးရကို ကိုယ်စားပြုသည့် ရှေ့နေချုပ် ရန်ဂျစ် ကူးမားက ၁၈၄၉ ခုနှစ်တွင် ယခင် ပန်ဂျပ်ပြည်နယ် အုပ်ချုပ်သူများက ဗြိတိန်ပိုင် အရှေ့အိန္ဒိယကုမ္ပဏီထံ ကိုအီနိုး စိန်ပွင့်ကြီးကို လက်ဆောင် ပေးခဲ့ခြင်းဟု ပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ အိန္ဒိယအနေဖြင့် ၎င်းတို့၏ အဖိုးတန်သဘာဝရတနာကို ပြန်လည် ဆောင်ယူနိုင်ရန် ဆက်လက်အားထုတ် ကြိုးပမ်းနေမည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ “ဗြိတိန်နဲ့ အခင်အမင်မပျက်ဘဲ ကိုအီနိုးကို အိန္ဒိယဆီ ပြန်ယူဆောင်လာဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်”ဟု ယင်းကြေညာချက်တွင် ပါရှိသည်။
အိန္ဒိယနိုင်ငံသား အများအပြား အံ့ဩစိတ်ပျက်သွားစေသည့် ကူးမား၏မှတ်ချက်သည် အိန္ဒိယအစိုးရကို ကိုယ်စားမပြုကြောင်းလည်း ယဉ်ကျေးမှုဝန်ကြီးဌာန ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ကိုအီနိုး စိန်ပွင့်ကြီးကို ဗြိတိန်ဘုရင်မကြီး မာသာက နောက်ဆုံး ဆင်မြန်းဝတ်ဆင်ခဲ့ပြီး ၂၀၀၂ ခုနှစ်၊ သူမကွယ်လွန်ချိန်၌ ယင်းကို လန်ဒန်မျှော်စင်သို့ ရွှေ့ပြောင်းပြသထားခြင်း ဖြစ်သည်။
Ref: CNN / 7day

မှတ်ချက်များ