သင်ဘယ်သူလဲ


လတ်တလော မြန်မာ့နိုင်ငံ ရေးသတင်းများနှင့်ပတ်သက်၍ စိတ်ဝင်စားကြသူတွေ တော်တော်များကြသည်။ စိတ်ပါဝင်စားသည့် သတင်းစာ၊ ဂျာနယ်၊ လူမှုကွန်ရက်၊ ရုပ်သံသတင်းဌာနတို့မှတစ်ဆင့် နိုင်ငံရေး အခင်းအကျင်းတို့ကို လေ့လာသုံးသပ်ဝေဖန်ကြသည်ကို သတိပြုမိပါ၏။ ဤသည် ပင်လျှင် ပြောင်းလဲချိန်တန်ပြီဆိုသည့်စကားရပ် သက်ဝင်ခိုင်မာကြောင်း ယူဆရပေမည်။

မိမိကိုယ်တိုင် နိုင်ငံရေး ကျွမ်းကျင်သူ၊ လေ့လာသုံးသပ်သူ၊ ဝေဖန်နိုင်စွမ်းရှိသူတစ်ယောက် မဟုတ်သော်ငြားလည်း စိတ်ပါ ဝင်စားသူအဖြစ်နှင့်တော့ လေ့လာမိပါသည်။ လေ့လည်းလေ့လာ သင့်သည်ဟု ယူဆမိပါ၏။ မိမိ၏ ပတ်ဝန်းကျင်တွင် နိုင်ငံရေးမလုပ် စားပါ။ နိုင်ငံတော်အတွက်သာ လုပ်ကိုင်လိုပါ၏။ နိုင်ငံရေးသည် နိုင်ငံသားများအားလုံး သိထား သင့်သည်။ ကိုယ့်အလုပ်ကိုယ် လုပ်။ နိုင်ငံရေးယောင်ယောင်၊ ဘာယောင်ယောင် မလုပ်လေနှင့် အစရှိသည်ဖြင့် နိုင်ငံရေးအပေါ် မိမိတို့ခံယူချက်များနှင့် မိမိတို့ နားလည်လက်ခံကြသူအများအပြားရှိပါပေ၏။

မည်သို့ပင်ဖြစ်စေကာမူ ပြိုင် တူတွန်း၍ ရွေ့သွားသည့် အရွေ့ တစ်ခုနှင့်ပတ်သက်ပြီး အံ့အား သင့်ခဲ့သူ၊ ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ ကြသူတို့ ရှိခဲ့သည်ကိုကား ယနေ့ ယခု အခင်းအကျင်းများကပင် သက်သေထူလျက်ရှိပေသည်။ တစ်ခဲနက် ထောက်ခံမှုရရှိသည် ဟူသော စကားရပ်မသုံးစွဲသင့်။ အများစုနှင့် ဒီမိုကရေစီအနိုင်ကျင့်မှုဖြစ်သည်စသည့် စသည့်အပြောရဲရဲများ၊ ကန့်ကွက်ချက်ထင်ထင် ရှားရှားများ ပြုခဲ့ကြသည်ကို မြင်တွေ့ကြရပေသည်။

ဥပဒေနှင့်ညီ၏၊ မညီ၏ဆို သည့် ဥပဒေစကား၊ ဥပဒေအကိုး အကားများနှင့် ပြန်လည်ချေပ ထုချေချက်များ တွေ့ရလေ၊ စောင့်ကြည့်လေ့လာသူ ပြည်သူအများ စိတ်ဝင်စားလေ၊ ထောက်ခံမှုရ၊ မရဆိုသည့် ရလဒ်အား လူသိများလေ ဖြစ်ရပါသည်ဟု သုံးသပ်မိပါ၏။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံ၊ ချုပ်ချယ်ခံပြည်သူများ၏နိုင်ငံရေး စိတ်ဝင်စားမှုတို့ကို လတ်တလော အခင်းအကျင်းများကြောင့်ပို၍ ထင်သာမြင်သာရှိစေပြီး ပိုမိုအာရုံစိုက်ဖြစ်လာကြသည်ဟုလည်း တွေးထင်မိပါသည်။

အစိုးရသစ်၏ ရက် ၁၀၀ အစီအမံနှင့်ပတ်သက်၍ အထူး စောင့်ကြည့် လေ့လာ ဝေဖန် သုံးသပ်နေကြသည်ကိုလည်း စာ မျက်နှာများမှ အရေးအသားများ ဖြင့် သိမြင်နိုင်ပေမည်။ လတ်တလော ပူပူနွေးနွေး၊ ကျယ် ကျယ်လောင်လောင်ဖြစ်နေသည့် သင်္ကြန်မဏ္ဍပ် ကိစ္စသည်လည်း ရက် ၁၀၀ အစီအမံထဲ ထည့်မြင် ဝေဖန်ကြသည်ဟု သတိပြုမိ၏။ နှီးနွှယ်ပတ်သက်လာသည့် အခြေ အနေတစ်ရပ်တွင် သတ်မှတ် ကန့်သတ်လိုက်ခြင်းကို လုပ်သင့်၏၊ မလုပ်သင့်၏ ကြားထဲ၌ လုပ်ရမည့်အခြေအနေဟုတ်၊ မဟုတ်သိမြင်စေချင်ပါသည်။ ယခင်နှစ် များနှင့် မည်သည့်အရာကိုမျှ နှိုင်းယှဉ်နေ၍မသင့်သည့် အခြေအနေတစ်ရပ်အား ဖော်ဆောင်နေသည်ကို သတိထားသင့်သည်။

ပြောင်းလဲလိုသည့်ဆန္ဒတို့ ပြင်းပြစွာဖြင့် ဖော်ဆောင်ခဲ့သည့် အခြေအနေတစ်ရပ်ကို အမြီးဝင်ဖျက်ရဖျက်ရ၊ ခေါင်းဝင်ဆွဲရဆွဲရ အလစ်စောင့်နေကြသူ တစ်ပုံတစ်ပင်ကို လစ်လျူရှု၍မဖြစ်နိုင်။ နီးနီးကပ်ကပ် ရှိနေသည်ကို သတိကြီးကြီးထားကြရမည်။ မိမိတို့ တစ်ခေတ်အတွက်နှင့် မိမိတို့၏ နောင်လာနောက်သားတို့ အရေးတွေးရ၊ မြင်ရမည့် အခြေအနေ ဖြစ်နေသောကြောင့် အရှည်တွေး ကြရမည်။ အဘက်ဘက်က ချွတ်ခြုံကျနေသည်ကို ပြန်လည်၍ အဖတ်ဆယ်ရန် ကြိုးပမ်းမှုအပေါ် ထင်ကြေး၊ မြင်ကြေးများနှင့် လှော်ကောင်းစဉ် တက်ရှိန်လျော့စေ မည့်စကား၊ အရေးအသားတို့ကို သတိထားကြရပေမည်။ ၂၀၁၅ရွေးကောက်ပွဲ အကြိုကာလများ၌ မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ် ကျွမ်းကျင်သူတို့ သတိကျပ်ကျပ်ပေးခဲ့ဖူးသည့် ဖျက်မြင်းတို့ ကို သတိပြုကြရပေမည်။

တရားစီရင်ရေးကဏ္ဍတွင် တရားမျှတမှု ဖော်ဆောင်လာမည့် အခြေအနေတစ်ရပ်ကို ကြိုဆို ကြရပေမည်။ ရလဒ်ကောင်းရရှိ မည့် အပြောင်းအလဲကို ရယူ ပိုင်ဆိုင်လိုပါက တရားဥပဒေကို လေးစားလိုက်နာကြရန် အထူးလိုအပ် လှပေသည်။ နိုင်ငံသားတိုင်း ကျင့်ကြံကြရမည့် စံ၊ ကျင့်ဝတ်တို့ကို နိုင်ငံသားများကိုယ်တိုင် ကျင့်ကြံ၊ကြိုးစားအားထုတ်မှသာ တိုးတက်ကောင်းမွန်သည့် အပြောင်းအလဲ ဖော်ဆောင်ရေးအပေါ် အထောက် အကူပြုပေမည်။ ကိုယ်ပိုင်စံထား ရှိ၍ ကြိုးစားလုပ်ကိုင် ကျင့်ကြံခြင်းသည်သာ မိမိတို့မိသားစု၊ မိမိတို့နိုင်ငံတော်အပေါ် အကျိုးသက်ရောက် မှုရှိစေမည်။ တရားဥပဒေကို လေးစားလိုက်နာမှု မရှိခြင်း၊ မထီမဲ့မြင်ပြုခြင်းတို့ ရှိနေကြောင်း မျက်မှောက်ခေတ် ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူး လွန်ရဲကြသူများကသက်သေ ပြုလျက်ရှိပေ၏။ လာဘ်ပေး လာဘ်ယူနှင့် အဂတိလိုက်စားမှု တို့အပေါ် ပျော်မွေ့တတ်သူတို့ ကြောင့် တရားစီရင်ရေးမဏ္ဍိုင် အကြီးအကျယ် ယိမ်းယိုင်ခဲ့သည်။

မည်သည့်ရာဇဝတ်မှုမျိုးကို မဆို ကျူးလွန်ရန်ဝန်မလေးသူတို့ အပေါ် ထိရောက်သည့် တရား စီရင်ရေးပေါ်ထွန်းလာလိမ့်မည် ဟု မျှော်လင့်ရပေ၏။ မော်တော် ယာဉ် မတော်တဆမှုများ၊ ကိုယ် ထိလက်ရောက် လက်ရဲဇက်ရဲ နိုင်လွန်းလှသည့် အမှုများအပေါ် တင်းကျပ်ထိရောက်စွာ ပြစ်ဒဏ် ပေးစီရင်ချက် ချမှတ်မှုများ များ မကြာမီ ပေါ်ထွက်လာသည့်အခါ ဥပဒေတည်းဟူသည့် လွှမ်းမိုးမှု နှင့် ပြည်သူအများ စိတ်အေးချမ်း သာစွာ နေနိုင်ကြပေမည်။

ခေတ်အဆက်ဆက် မပြတ် တမ်းဟစ်ကြွေး ကြုံးဝါး ကြွေး ကြော်လာခဲ့ကြသည့် ခေတ်မီဖွံ့ ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် ပေါ်ထွန်းရေးသည်လည်း စည်း ကမ်းကျနမှုအပေါ် များစွာအခြေ ခံကြောင်း သိရှိနားလည်ခဲ့ကြ သော်ငြား စုတ်ချာညစ်ပေသည် ထက် ညစ်ပေစုတ်ချာခဲ့သည်မှာ စည်းကမ်းထိန်းသိမ်းမှု အလျှင်းမရှိခဲ့ကြောင်း ပေါ်လွင်ပေ၏။ အမှိုက်တစ်စ၊ ကွမ်းတံတွေးတစ်ကွက်၊ စည်းကမ်းမဲ့ အပြုအမူ အရပ်ရပ်တို့အား လစ်လျူရှု၍ ဒီမိုကရေစီနိုင်ငံတော်သစ် တောင်းဆိုခြင်းသည်ကား မလျော်မကန်ဟု သတ်မှတ်ရပေမည်။ အုပ်ချုပ်မှုအဆင့်ဆင့်၏ အပြောင်းအလဲအပေါ် မသိမသာ ငြင်းဆန်နေခဲ့ခြင်းသည် စည်းကမ်းမဲ့မှုတို့ကို အားပေးအားမြှောက် ပြုရာရောက်ခဲ့ပါသည်။ ဤသည်ကို နိုင်ငံတော်သူ၊ နိုင်ငံသားများက သတိပြုသင့်၏။ ထို့ကြောင့်လည်း လူထုခေါင်းဆောင်က မိမိတို့ကိုယ်တိုင်က ပြောင်းလဲပြရန် နှိုးဆော်ခဲ့ကြောင်း မမေ့အပ်ပေ။ အခက်အခဲ၊ စိန်ခေါ်မှုမျိုးစုံနှင့် တစ်ပြိုင်တည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ ဖော် ဆောင်ကြိုးပမ်းတော့မည့် ကာလ တွင် နိုင်ငံသားတိုင်း မိမိတို့အသိ စိတ်ဓာတ်တို့နှင့် ပြုပြင်နေထိုင် ကြခြင်းဖြင့် နိုင်ငံ့ခေါင်းဆောင် ကောင်းတို့၏ အရည်အသွေးတို့ အား ချီးမြှောက်ဖော်ဆောင်ရာ ရောက်ပေမည်။

လက်ရှိနိုင်ငံရေးအခြေအနေ တွင် ယေဘုယျအားဖြင့် လူထု လူတန်းစား လေးရပ်ဖြစ်တည်နေ ကြောင်း သတိပြုမိပါ၏။ အပြောင်းအလဲကို ဝမ်းပန်းတသာ ကြိုဆိုကြသူများ၊ အပြောင်းအလဲကိုလုံးဝမလိုလားကြသူများ၊ ဖော်ပြပါလူတန်းစား နှစ်ရပ်အနက် မည်သည့်ဘက်တွင် လိုက်ပါရပ်တည်ရမည်မှန်း မသိကြသူများ၊ မည်သို့ပြောင်းလဲသွားမည်နည်းဟု စောင့်ကြည့်နေကြသူများဟု လေ့လာတွေ့ရှိရပေသည်။ မိမိမည်သည့်လူတန်းစားတွင် ပါဝင်နေသည်ကိုကား မိမိတို့ ဘာသာမိမိတို့ အသိနိုင်ဆုံးဖြစ်ကြပါလိမ့်မည်။ ပြောင်းလဲချင်သည်လည်း မိမိ၏စိတ်၊ မပြောင်းလဲလိုသည်မှာလည်း မိမိတို့စိတ် ပင်ဖြစ်သည်သာ။

သွန်းခ - 7day

မှတ်ချက်များ