ဦးသိန်းစိန်က ဝန်ကြီး၊ ဒုဝန်ကြီးဟောင်းများဖြင့် စင်တာတစ်ခု ထူထောင်ရန် ပြင်ဆင်


ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရာထူးသက်တမ်း ကုန်ဆုံးသွားကာ အနားယူသွားသည့် သမ္မတဟောင်းဦးသိန်းစိန်က လူမှုအဖွဲ့ အစည်းတစ်ခု ထူထောင်ရန် စီစဉ်နေကြောင်း သိရသည်။

Frontier က ရရှိထားသည့် စာရွက်စာတမ်းအထောက်အထားများနှင့် အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များ၏ အဆိုအရ အဆိုပါအဖွဲ့ အစည်းကို “ဦးသိန်းစိန်စင်တာ”ဟု အမည်ပေးရန်စီစဉ်ထားပြီး ပြီးခဲ့သည့် မတ်လကတည်းက အသင်းအဖွဲ့ မှတ်ပုံတင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

မတ်လကုန်တွင် သမ္မတသစ် ဦးထင်ကျော်ထံ တာဝန်လွှဲပြောင်းပေးကာ သမ္မတရာထူးမှအနားယူခဲ့သည့် ဦးသိန်းစိန်သည် ပြင်ဦးလွင်တွင် ငါးရက်ကြာ ရဟန်းဝတ်နေခဲ့ပြီးနောက် ၎င်း၏ လှုပ်ရှားမှုနှင့် ပတ်က်ပြီး ပထမဆုံး ပြန်လည်ထွက်ပေါ်လာသည့် သတင်းလည်းဖြစ်သည်။

ဦးသိန်းစိန်လက်ထက် အစိုးရအဖွဲ့ တွင် ပါဝင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများဖြစ်သည့် ဦးဝဏ္ဏမောင်လွင်၊ ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်နှင့် ဒေါ်စန္ဒာခင်စသည့် ပုဂ္ဂိုလ်များလည်း အဆိုပါအဖွဲ့အစည်းတွင် ပါဝင်လာမည်ဟုဆိုပါ စာရွက်စာတမ်းအထောက်အထားများနှင့် သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဦးသိန်းစိန် အာဏာစတင်ရရှိချိန်က ဖွဲ့ စည်းခဲ့သည့် သမ္မတ၏နိုင်ငံရေးအကြံပေးအဖွဲ့ မှ ဒေါက်တာ နေဇင်လတ်၊ ဦးကိုကိုလှိုင်နှင့် ဥပဒေအကြံပေးအဖွဲ့မှ ဦးစစ်အေးစသည့်ပုဂ္ဂိုလ်များလည်း “ဦးသိန်းစိန် စင်တာ”တွင် ပါဝင်ရန် အမည်စာရင်းထည့်သွင်းထားသည်ကို တွေ့ရသည်။

“ဦးသိန်း စိန်စင်တာ”ကို ဦးသိန်းစိန်အင်စတီကျူ၊ ပညာရေး၊ ကျန်းမားရေးနှင့် လူငယ်ဆိုင်ရာဖောင်ဒေးရှင်းများဖြင့် ထည့်သွင်းဖွဲ့ စည်းမည်ဟုလည်း အဆိုပါအထောက်အထားများတွင် ရေးသားထားသည်။

အဆိုပါ စင်ကာဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရန်မျိုးသိန်းက “၂၀၂၀ အတွက် အခုကတည်းက ပြင်ဆင်နေပြီဆိုတဲ့ အဓိပ္ဗါယ်ပဲ။ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး ဆောက်ရွက်တော့မယ့် ပုံစံပေါ့။ ဒါပေမယ့် ပြည်သူ့အကျိုးစီးပွားကို မှန်မှန်ကန်ကန် ဆောင်ရွက်မယ့် အဖွဲ့အစည်းမျိုး ဖြစ်ဖို့တော့ လိုတာပေါ့။ မဟုတ်ရင် မအောင်မြင်နိုင်ဘူး” ဟု Frontier ကို ပြောကြားသည်။

သတင်း- မြတ်ကျော်သူ နှင့် ထွန်းခိုင် / frontiermyanmar

မှတ်ချက်များ