ရှာပုံတော်မင်းသားကြီး ××× မဏ္ဍပ်တကာရောက်ခဲ့ပြီ ××× ဘယ်အရပ်မှာ ဘာတွေပေါသလဲတို့ကအတပ်သိသည် ××× မဏ္ဍပ်အချို့က ကလပ်ပမာ××× ခွင်တွေစုံလွန်းလှပါသည်××× သိခဲ့လို့ ရင်ထဲမချိပါသည် × × × ဝင်ကြေးကြီးသလောက် လိုတာရတာ ××× သိခဲ့ပါပြီ ××× ယမကာဆို တကယ်အမျိုးမျိုး ××× ဟိုတယ် လိုအိပ်ခန်းမျိုး ××× တောင်း တသမျှ စိတ်ကြိုက်ရ ××× လွတ် လပ်လှပါသည် ××× စိတ်ထဲရှိ သလောက် ကဲဖို့လွယ်လှသည်×××
အင်း ... တကယ်တော့ သင်္ကြန်ဆိုတာ အကူးအပြောင်း တစ်ခု အေးချမ်းသာယာစွာ ဖြတ် သန်းနိုင်ဖို့ နှစ်ဟောင်းက အပြစ် တွေကို ဆေးကြောသန့်စင်ရင်း နှစ်သစ်ကို ပျော်ရွှင်စွာ အေးချမ်း စွာ ကြိုဆိုခြင်းသာဖြစ်ပါ၏။ ယခု နှစ် သင်္ကြန်ကတော့ နှစ်သစ်ကို ကြိုဆိုသလို ရာစုဝက်စောင့်စား မျှော်လင့်ခဲ့ရသည့် ခေတ်သစ်ကို လည်း ကြိုဆိုပိုင်ဆိုင်ခဲ့ရသမို့ အဓိပ္ပာယ်နှစ်ဆ လေးနက်လှ၏။ နှစ်သစ်ကို ကူးပြောင်းသလို ခေတ်သစ်ကိုလည်း ပြောင်းချိန်မို့ မင်္ဂလာရှိလှပါ၏။ ခေတ်အဆက် ဆက်မှာတော့ အမှောင်ညတွေ ဖြတ်သန်းခဲ့ရသမို့ လူငယ်အများစု အတွက် သင်္ကြန်ဆိုတာ ပေါက်ကွဲစရာနေ့ရက်များ ဖြစ်ခဲ့ရ၏။ မေတ္တာတရားနည်းကြလေတော့ အရက်သောက်ပြီး ပျော်မလား၊ ဘဝအပျက်ခံပျော်မလား၊ အသက်ပေး၍ ပျော်မလားကြိုက်သလိုပျော်၊ နိုင်ငံရေးမတွေးမိရင်ပြီးရောဆိုပြီးလျှိုမြောင်တွေကြား ကြိုးရှည်ရှည်ဖြင့် လွှတ်ထားခဲ့၏။ လူအချို့ စီးပွားတက်ဖို့ လူငယ်အချို့ ဘဝပျက်ကြရ၏။ ခုအချိန်ကတော့ ပြည်သူအားလုံး အလင်းကိုယ်စီ ရှိလာသော အမှောင်ခေတ်မှ ရုန်းထွက်ချိန်ဖြစ်လာခဲ့သမို့ ပေါက်ကွဲမှုတွေ လျှော့ချပြီး ကိုယ့်ဘဝကိုယ် တန်ဖိုးထားရမည့်ကာလဖြစ်လာပြီဖြစ်၏။
ယခု အစိုးရသစ်လက်ထက် တွင် ကျင်းပမည့် သင်္ကြန်ပွဲတော် ၌ စီးပွားဖြစ် လက်မှတ်ရောင်းချ၍ ရေကစားသည့် မဏ္ဍပ်များ ခွင့် မပြုတော့၍ အသံမျိုးစုံ ကြားနေရ ၏။ ထိုမဏ္ဍပ်မျိုးတွင် သိန်းဆယ် ဂဏန်းမျှပေးပြီး လိုတရစီမံပေးမှု များကြောင့် လူငယ်များ ပျက်စီး ကြရသည်လည်း ရှိသလို သင်္ကြန် အပြီးမှာ ခွင်ကြီးမိကြသူတွေလည်း ရှိနိုင်ပါ၏။ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်အတွက် ငွေလှူသလိုလို လာဘ်ထိုးသလိုလို လာရောက် ညှိနှိုင်းကြကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ပြောတာလေး ဖတ်လိုက်ရ၏။ စစ်မှန်သော သမားတော်သည် လူနာကို အလိုမလိုက်။ လိုအပ်သလို ခွဲစိတ်ရသည်ဆိုသလို ပြောင်းလဲချိန်တန်ပြီဆိုသည့်အထဲ ရိုးရာသင်္ကြန်မြန်မာဆန်ဖို့လိုလာပြီဖြစ်၏။ ငွေဖလားနှင့်သပြေခက်အထိ မလို။
သို့သော် မူးယစ်သောက်စား မှောက်မှားမှုတို့ လျှော့ချရမည့် အချိန် ဖြစ်လာပါ၏။ သုံးနိုင်ဖြုန်း နိုင်သူတွေအတွက် သီးသန့်ဆန် နေသော ပျော်ရွှင်မှုမှ အလွှာမျိုးစုံ ပျော်ရွှင်နိုင်ရန် ခရိုင်အလိုက် ဖြန့် ကြက်တော့မည့် အစီအစဉ်ဖြစ်ပုံ ရ၏။ ဒီကြားထဲ ရေကရှား၊ ရာသီ ဥတုကပူလွန်းသဖြင့် ထိန်းထိန်း သိမ်းသိမ်း ပျော်ကြစေလိုပါ၏။ ညှပ်ကြီးတို့ ပြည်သူအများစုက လည်း ပျော်စရာရှိလျှင် သက်စွန့် ဆံဖျား ပျော်တတ်ကြ၍ဖြစ်ပါ၏။
သတင်းစာတစ်စောင်တွင် ပညာရှင်တစ်ဦး ထောက်ပြထား တာလေး မျှဝေလိုပါ၏။ ရေလွှတ် ချိန် တစ်နေ့နှစ်နာရီ လျှော့သော် လည်း ယခုနှစ်သင်္ကြန် ငါးရက်ဖြစ် နေ၍ ထူးမခြားနားဖြစ်နေသည်ဟု ဆို၏။ သင်္ကြန်ပွဲတစ်နေ့တာ ကစားလိုက်သည့်ရေတွေသည် ရန်ကုန်လူထု၏ တစ်ပတ်စာ သုံး စွဲမှုနှင့်ညီမျှသည်ဟုဆို၏။ လေး ရက်ကစားလိုက်သည့်ရေမှာ ရန် ကုန်မြို့၏ တစ်လစာရေသုံးစွဲမှု နှင့် ညီမျှနေ၍ သတိထားပျော်ပါးစေလိုပါ၏။ ယခုအချိန်မှာ အချို့အရပ်များ၌ ရေရှားနေ၍ ရေလှူနေရ၏။ ရှေ့ဆက်ပိုမိုရေရှားမည် ဖြစ်၍ ပိုမို၍လှူရတော့မည်ဖြစ်၏။ တစ်နေရာတွင် ရေကိုဖြုန်းတီးပစ်နေချိန်၌ အခြားတစ် နေရာတွင် အာခေါင်ခြောက်၍ ရေငတ်နေသူများ ရေကြည်တစ် ပေါက်နှစ်ပေါက်ကို မျှော်လင့်နေကြ၏။ ပျော်ရွှင်လို စိတ်အနည်းငယ်ကို ချွေတာလိုက်ရုံဖြင့် တစ်ဖက်မှာ ရေအလှူဒါနကုသိုလ် မြောက်နိုင်ပါ၏။
စာနာစိတ်ဖြင့် နှစ်သစ်ကို ကြိုစေလိုပါ၏။ ဒီကြားထဲ အရက်ဆိုင်၊ ဘီယာဆိုင်များအရောင်းမြှင့်တင်ရေး ကြော်ငြာများ နေရာအနှံ့ တွေ့နေရ၏။ အရက်ကြောင့် ယာဉ်တိုက်မှုများ၊ ရန်ပွဲများ၊ ဘဝပျက်သွားကြသည့် မိန်းကလေးငယ်များ နေရာအနှံ့ တွေ့ခဲ့ရပြီး၊ ကြုံခံရပြီးဖြစ်၏။ သတိပေးလိုပါ ၏။ သင်္ကြန်နွေဦး မူးဖို့ ရူးဖို့ ×× အကြောင်းရင်းများ ဖန်လာ××× သင်္ကြန်မယ်များ လှစ်ဟပြလို့ ထိန်းရခက်နေတာ ××× အရင်နှစ်တွေထက် တိုးတိုးပြီးတော့ အပြိုင်အဆိုင် ဖော်နေတာ××× မထိန်းရင်တော့ ရှေ့ဆက်ဆိုးဖို့ သေချာနေပြီဗျာ ××× ဖြူနီညိုပြာ ယမကာဆိုရင် ××× ဘာမှမရွေးဘူးလေ ××× ဟောတစ်ငုံ ဟောတစ်ငုံ မော့ လိုက်ကြတော့လေ ××× ပြို လဲရင်လေ တွဲထားလေ ××× ရင်ခွင်ထဲ ပျော်နေ ××× အမှောင်ထဲနွံထဲ နစ်မွန်းပြီပေါ့လေ ×××
အင်း ... ဘာပဲဖြစ်ဖြစ် လွှတ် တော်အသစ်ကြီးကတော့ တက် တက်ကြွကြွနှင့် ယခင်လွှတ်တော် ဟောင်းလို အိပ်ငိုက်တာမျိုး၊ အချဉ်ပေါင်းစားတာမျိုး ယခု အချိန်အထိတော့ မကြားရ၊ မတွေ့ရသေးဟု ဆိုရမည်ဖြစ်၏။ သွက်သွက်လက်လက်ပင် အဆို တင်သွင်းကြ၊ ထောက်ခံကြ၊ ကန့် ကွက်ကြနှင့်။ အချို့ဆို ထိုင်လိုက် ထလိုက်နှင့် အားကစားရုံကြီး အလား ထင်မှတ်ရ၏။ ဘာပဲဖြစ် ဖြစ် အသက်ဝင်လှသဖြင့် ဒီမို ကရေစီသဘော ပီပြင်လာပြီဟု ဆိုရမည်ဖြစ်၏။ မဲခွဲဆုံးဖြတ်ရ သည်မို့ ဒီမိုကရေစီအနိုင်ကျင့်မှုဟု ဆို၍မရဟု ယုံကြည်ပါ၏။ ပြည်သူတွေ ရွေးချယ်ထားသော ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်နေ၍ လွှတ်တော်ကိုယ် စားလှယ်များ၏ အဆုံးအဖြတ်သည် ပြည်သူ့အဆုံး အဖြတ်ဟု မြင်ပါ၏။ လွှတ်တော် ကိုယ်စားလှယ်များ၏ အသံသည် ပြည်သူ့အသံဖြစ်ပါ၏။ အလုံးစုံ သော ရည်ရွယ်ချက်သည် ပြည်သူ့အတွက်သာဖြစ်ပါ၏။ Electedဟူသည် Appointed မဟုတ်သောကြောင့် ဖြစ်ပါ၏။
အင်း ... လာဘ်ပေးလာဘ် ယူမှုနှင့်ပတ်သက်၍ တားဆီးနိုင် ရန် အစိုးရသစ်အတွက် လက် ဆောင်ပစ္စည်း လက်ခံခွင့်နှင့် ပတ်သက်၍ တစ်ကြိမ်လျှင် နှစ်သောင်းငါးထောင်ထက် တန်ဖိုး မပိုသော၊ တစ်နှစ်စာအတွက် တစ်သိန်း ထက်မပိုသော၊ အခါကြီးရက်ကြီးများတွင် ဂါရဝပြု ပေးအပ်သော ကျပ်တစ်သိန်းထက်မပိုသော ခြွင်းချက်အဖြစ် လက်ခံခွင့် ပြုလိုက်၏။ သို့ရာတွင် ရာထူးကြောင့် လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများ ပေးအပ်သော လက်ဆောင်များ လက်ခံခြင်းမပြုရဟုပါရှိပါ၏။ အချို့ကား မလိုအပ်ဟု ထင်ကြပါ၏။ ညှပ်ကြီးတို့လို ဖွက်ကလိဒင်္ဂါး စာရေးဆရာများပင် အခမ်းအနားများ၌ လွယ်အိတ်များ၊ ဘောပင်များ၊ ထီးများ လက်ဆောင် ရတတ်သောကြောင့် ဖြစ်ပါ၏။ သတိတော့ထားရမည်ဖြစ်၏။ လူဆိုသည်မှာ တဲအိုပေါ်နေစဉ်တစ်မျိုး တွေး၍ နန်းတော်ပေါ်ရောက်လျှင် တစ် မျိုးတွေးတတ်သည်ဟု အဆိုရှိ၏။
အင်း... ပြည်သူများက လည်း ဘောလုံးပွဲပရိသတ်နှင့် လက်ခုပ်သံတဖြောင်းဖြောင်းနှင့် အားပေးနေကြ၏။ တိုင်းပြည် အခင်းအကျင်းက အခုမှသွေးပူ လေ့ကျင့်ခန်းလုပ်တုန်း၊ နေရာချ တုန်း၊ ရှေ့တန်းလူ နောက်ခံလူနှင့် တိုက်စစ်မှူးတို့၊ အရန်လူတို့ ရွေး ချယ်နေတုန်းဖြစ်ပါ၏။ လူထု ခေါင်းဆောင် နိုင်ငံတော်အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အကွက်ချပေးမှုဖြင့် ပြည်သူ့အတွက် တဒိုင်းဒိုင်း ဂိုးသွင်းပေးမှာ မျှော်လင့်ရင်း စောင့်စားရင်း စောင့်ကြည့်ရင်းဖြင့်...။ ။
ဂန္ထ၀င်ညှပ်ကြီး - 7day

မှတ်ချက်များ