အသားအရေလေး ထိန်းသိမ်းကြစေဖို့


သင်္ကြန်ပိတ်ရက်ရှည်ကြီးမှာ အားလုံးလွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်နေကြပြီလား။ ခရီးထွက်သူ၊ မွေးရပ်မြေကို အလည်ပြန်သူ၊ သင်္ကြန်ရေကစားသူ အားလုံးအတွက် အရေးကြီးတာလေးတစ်ခု မှာပါရစေ။ ဒါကတော့ အခုလို ပူပြင်းတဲ့နေနဲ့ ပြင်းထန်တဲ့ရာသီဥတုမှာ အားလုံးကို မေတ္တာအပြည့်နဲ့ မှာချင်တာက အသားအရေကို ဂရုစိုက်ကြဖို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် သင်္ကြန်ရေကစားသူများနဲ့ ကမ်းခြေသွားလည်သူများအတွက် အသားအရေပြန်လည်ထိန်းသိမ်းနည်းလေးတွေ မျှဝေပေးပါရေစေ။

ခန္ဓာကိုယ်ကိုသန့်စင်ပြီး အစိုဓါတ်ထိန်းပါ - ရေကစားပြီး ပြန်လာတဲ့အခါ ရေစိုပြီးချမ်းနေတာကြောင့် (သို့) ရေနူးနေတာကြောင့် ရေကိုအဖြစ်သဘောအမြန်ချိုးပြီး အနားယူတတ်ကြလေ့ရှိပါတယ်။ မလုပ်သင့်ပါဘူး။ ရေကစားပြီး (သို့) ပင်လယ်ကမ်းခြေမှာ ကစားပြီး ပြန်လာတဲ့အခါ ခန္ဓာကိုယ်မှာ ချွေး၊ ဖုန်၊ အညစ်အကြေး၊ ဆားငံဓါတ် စတာတွေ ကပ်ပါလာတာကြောင့် ရေကိုသေချာချိုးပေးသင့်ပါ တယ်။ ပြီးရင်တော့ ရေစင်အောင်သုတ်ပြီး တကိုယ်လုံးကို အသားလှဆီ (လိုးရှင်း)တစ်မျိုးမျိုး ခပ်များ များလေးလိမ်းပြီး အသားအရေအစိုဓါတ်ကို ပြန်လည်ထိန်းသိမ်းပေးသင့်ပါတယ်။

ခြေထောက်ကို အစိုဓါတ်ထိန်းပါ - နောက်ထပ်မေ့မထားရမှာက သနားစရာ ခြေထောက်လေး တွေကိုပါပဲ။ ခြေထောက်ဟာ ပင်လယ်သောင်ပြင်မှာ ရေငန်၊ သဲကြမ်းတွေနဲ့ ထိတွေ့ရသလို သင်္ကြန်လည်သူတွေမှာလည်း နေမထိလေမထိနဲ့ရေအစိုခံရဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ပဲရေပွလို နူးနေတဲ့ခြေထောက်လေးတွေကို ဘရပ်ခပ်နုနုနဲ့ ခပ်ဖွဖွပွတ်တိုက်ပြီး ဆဲလ်အသေတွေကို ဖယ်ရှား ပစ်လိုက်ပါ။ ပြီးရင်တော့ သံလွင်ဆီ (သို့) အသားလှဆီ ပျစ်ပျစ်နဲ့ အသားထဲစိမ့်ဝင်အောင် လိမ်းပြီး နှိပ်နယ်ပေးလိုက်ပါ။

ဆံပင်မပျက်စီးအောင် ထိန်းပါ - ခရီးသွားရင် ရေကစားရင် ဆံပင်ပျက်စီးတာ သဘာဝပါပဲ။ ဒါကို သက်သာ စေဖို့ ခေါင်းလျှော်ရည်နဲ့သေချာလျှော်ပြီး conditioner လိမ်းကာ ၅ - ၁၀ မိနစ်ခန့်ထား ပေးပါ။ ဆံပင်ရင်းတွေဟာ ရေနူးပြီး ကျွတ်လွယ်တာကြောင့် ဆံပင်ကို ဖီးတဲ့အခါ အသွားကြဲတဲ့ဘီးကိုပဲ အသုံးပြုဖို့ လိုအပ်ပါတယ်။

မျက်နှာနဲ့ နှုတ်ခမ်းကို ဂရုစိုက်ပါ - နေဒဏ်၊ လေဒဏ်၊ ရေဒဏ်ကြောင့် မျက်နှာလေး အရောင်ရင့်လာ တာကို သတိပြုမိမှာပါ။ ဒါဆိုရင်တော့ moisturizer (သို့) နိုက်ခရင်မ်လေး လိမ်းပြီး အိမ်တွင်းအောင်းဖို့ လိုအပ်နေပြီပေါ့။ တစ်လက်စတည်း နှုတ်ခမ်းလေးကိုလည်း အရောင်သိပ်မပါတဲ့ အစိုဓါတ်ထိန်း နှုတ်ခမ်းနီ (သို့) ဗယ်ဆလင်းဆီ ကိုလိမ်းပေးသင့်ပါတယ်။

ရေများများသောက်ပါ - အမြဲတမ်းလုပ်သင့်တာကတော့ ရေများများသောက်ဖို့ပါပဲ။ ပျော်နေလို့၊ ပင်ပန်းနေလို့၊ တခြားဖျော်ရည်တွေသောက်နေလို့ စတဲ့ ဘာအကြောင်းရင်းပဲရှိရှိ ရေများများ သောက်ဖို့လိုအပ်ပါတယ်။ ရေဘူးကို အမြဲဆောင်ထားပြီး မကြာမကြာ သောက်ပေးနေသင့်ပါတယ်။

ဒါဆိုရင်တော့ ပိတ်ရက်မှာ အပန်းဖြေ လည်ပတ် ဆော့ကစားရင်း အသားအရေနဲ့ဆံသား ပျက်စီးခြင်းမှ အနည်းနဲ့အများ ကာကွယ်နိုင်ဖို့မျှော်လင့်မိပါတယ်။

Ref - skincare.about
Photo credit - earlycare, marieclare,lionessebeautybar
စံဝန်းနီ (ရိုးရာလေး)

မှတ်ချက်များ