တောင်အာဖရိက မသန်စွမ်း အပြေးသမား ပစ္စတိုးရီးရက်စ်ကို လူသတ်မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်


ချစ်သူကို သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် တောင်အာဖရိက နာမည်ကျော် မသန်စွမ်း အပြေးသမား အော်စကာ ပစ္စတိုးရီးရက်စ်သည် ထောင်ဒဏ် ၆ နှစ် ချမှတ်ခြင်း ခဲခဲ့ရကြောင်း သိရှိရသည်။

တောင်အာဖရိက တရားရုံး တစ်ခုက ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဖြစ်ပွားခဲ့သော လူသတ်မှုအတွက် စီရင်ချက် ပြီးဆုံးသည်နှင့် ပစ္စတိုးရီးရက်စ်ကို ပြစ်ဒဏ် စတင်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ပစ္စတိုးရီးရက်စ် အနေဖြင့် အဆိုပါ ပြစ်ဒဏ်ကို အယူခံ ဝင်ခွင့် ရှိမည်ဖြစ်သည်။

မွေးရာပါ ရောဂါတစ်မျိုးကြောင့် ခြေထောက်များ၏ ဒူးအောက်ပိုင်း အရိုးမပါရှိသော ပစ္စတိုးရီးရက်စ်သည် သတ္တုခြေတုများကို အသုံးပြုပြီး အပြေးပြိုင်ခဲ့ရာ Blade Runnerဟု လူသိများခဲ့သည်။ ၎င်းသည် ချစ်သူ တောင်အာဖရိကမော်ဒယ်လ် ရီဗာစတင်းကမ့်ပ်ကို နေအိမ်ရှိ ရေချိုးခန်းထဲတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ ပစ္စတိုးရီးရက်စ်က ထိုအမှုတွင် မိမိသည် စတင်းကမ့်ပ်ကို နေအိမ်ထဲ ဖောက်ထွင်းခိုးဝင်သူ တစ်ဦးဟု မှားယွင်းယူဆကာသေနတ်ဖြင့် ပစ်မိခြင်းဟု ထွက်ဆိုခဲ့သည်။

ယခုအခါ အသက် ၂၉ နှစ် ရှိနေပြီဖြစ်သည့် ပစ္စတိုးရီးရက်စ်သည် အစောပိုင်းတွင် လူသေမှုဖြင့် အမှုဖွင့်ခြင်း ခံရသော်လည်း ပြီးခဲ့သည့်နှစ်ကမူ လူသတ်မှုအဖြစ် ပြောင်းလဲ စွဲချက်တင်ခံခဲ့ရသည်။ ဇူလိုင် ၆ ရက်က တစ်နာရီ မျှကြာသည့် စီရင်ဆုံးဖြတ်မှု အပြီးတွင်မူ တရားသူကြီး သိုကိုဇိုင်းလ် မာဆီပါက ပစ္စတိုးရီးရက်စ်ကို ထောင်ဒဏ် ၆ နှစ်စာ ပြစ်ဒဏ် ချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။

တောင်အာဖရိက ဥပဒေအရ လူသတ်မှု၏ အမြင့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်သောကြောင့် ယခုတရားရုံး ဆုံးဖြတ်ချက်အပေါ် သေသူ၏ မိသားစုက ဝေဖန်မှုများလည်း ရှိခဲ့သည်။ ပစ္စတိုးရီးရက်စ်သည် လူသေမှု စွဲချက်အတွက် ယခင်က ထောင်ဒဏ် တစ်နှစ် ကျခံထားပြီး ဖြစ်သည်။

Ref: Guardian
7day

မှတ်ချက်များ